ကချင်စစ်ရှောင်စခန်းတချို့တွင် ဆေးဝါးအကူအညီများလိုအပ်

By MPM 31 October, 2022 👁

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃၁ ရက်။

ကချင်ပြည်နယ်အတွင်းက စစ်ရှောင်စခန်းအချို့တွင် ကလေးငယ်များ ဖျားနာခြင်း၊ ယားနာနှင့် ပွေးရောဂါများ အဖြစ်များနေပြီး ဆေးဝါးအကူအညီများ လိုအပ်နေကြသည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။

လူဦးရေထူထပ်ခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှု မရှိခြင်းနှင့် အာဟာရချို့တဲ့မှုများကြောင့် အသက် ၁၀ နှစ်အောက် ကလေးများတွင် ယခုကဲ့သို့သော ရောဂါများ အဖြစ်များနေကြသည်ဟု စစ်ရှောင်စခန်းများသို့ အခမဲ့ ဆေးကုသမှုပေးနေသူ စစ်စတာနူးတောင်က ပြောသည်။

“ဒီကာလမှာ ဆယ်နှစ်အောက် ကလေးတွေမှာတော့ ဖျားတာတွေ ယားနာနဲ့ပွေး အဖြစ်များနေကြတယ်။ ခေါင်းတွေမှာ အဖုကြီးတွေ အနာစိမ်းတွေပေါက်တယ်။ ချောင်းဆိုးပြီး ဖျားတာများတယ်။ ဆေးတွေက အရမ်းရှိလို့ တော့ မဟုတ်ဘူး။ အလှူရှင် သီးသန့်လည်း မရှိဘူး။ ပုံမှန်ဆေးလှူဒါန်းသူလည်း မရှိဘူး။ ဆေးကုပေးချင်တော့ တစ်ဗူးနှစ်ဗူးကနေ စစုပြီး ကုပေးနေတာ။ စခန်းတစ်နေရာနဲ့ တစ်နေရာ တစ်ခါနဲ့တစ်ခါတော့ ရောဂါဖြစ်ပုံ မတူကြဘူး” ဟု ပြောသည်။

မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ရှောင်စခန်းများသာမက ဝိုင်းမော်၊ မိုးညှင်း အစရှိသည့် မြို့များရှိ စစ်ရှောင်စခန်းများတွင်လည်း အလားတူ ရောဂါများဖြစ်ပွားသည်ဟု စစ်ရှောင်များ၊ စခန်းတာဝန်ခံများနှင့် ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

အသက်အရွယ်ကြီးသူ အဘိုးအဘွားများမှာ သွေးအားနည်းခြင်း၊ သွေးတိုးခြင်းနှင့် ကိုယ်ဝန်ဆောင်အများစုလည်း အိပ်မပျော်ခြင်း၊ သွေးအားနည်းခြင်း၊ မောပန်းနွမ်းလျခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါများ အဖြစ်များနေသည်ဟု စစ်ရှောင်များက ပြောသည်။

ကချင်ပြည်နယ် အတွင်းရှိ မြစ်ကြီးနား၊ ဝိုင်းမော်နှင့် မိုးညှင်းမြို့များ အတွင်းက စစ်ရှောင်စခန်းများကို စစ်စတာမှ တစ်လလျှင်၊ တစ်ကြိမ်ခန့် အလှည့်ကျ ဆေးဝါးကုသမှုများ ပေးနေရသည်ဟု ဆိုသည်။

လက်ရှိ နိုင်ငံရေးအခြေအနေအရ အဖက်ဖက်တွင် ကြပ်တည်းနေကြပြီး စစ်ရှောင်များလည်း အလှူရှင် ကူညီသူများ မရှိသည့် အနေအထားများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ ထောက်ပံ့မှု ကန့်သတ်ချက်များက ပိုမိုခက်ခဲနေကြခြင်းဖြစ်သည်ဟု စစ်ရှောင်စခန်း တာဝန်ခံများက ပြောသည်။

ကချင်ပြည်နယ်အတွင်းက ဆေးဝါးကုသမှုများ လိုအပ်နေသည့် နေရာအချို့ကိုလည်း တိုးချဲ့၍ အခမဲ့ဆေးကုသမှု ပေးသွားရန်ရှိပြီး စစ်စတာထံသို့ ပါဝင်လှုဒါန်းလိုပါက ဖုန်းနံပါတ် 09 401505830 သို့ ဆက်သွယ်လှုဒါန်းနိုင်သည်ဟု ဆိုသည်။

ကချင်ပြည်နယ်အတွင်း စစ်ရှောင်စခန်း ၁၃၈ ခုရှိပြီး စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားနေသည့် စစ်တပ်နှင့်က ချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် စစ်ရေးပဋိပက္ခများကြောင့် စစ်ဘေးရှောင်အသစ်များလည်း ထပ်မံတိုးလာနေသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များ၏ ပြောပြချက်အရ သိရသော်လည်း စာရင်းအတိအကျ မရရှိသေးပေ။

NMG – ပေးပို့သည်။