ရခိုင်ဒေသအတွင်း နှစ်ဖက် စစ်အင်အင်အား တိုးချဲ့နေသဖြင့် စစ်ပွဲ ပိုမိုပြင်းထန်လာနိုင်ဟုဆို

0
131

၂၂ သြဂုတ် ၂၀၂၂

တကျော့ပြန် စစ်ရေးပြင်းထန်လာသည့် ရခိုင်တွင် မြို့နယ်အများအပြား၌ စစ်ကောင်စီက တပ်အင်အားကို အလုံးအရင်းဖြင့်တိုးချကာ အင်အားဖြည့်တင်းနေပြီး တစ်ဖက်တွင်လည်း ရက္ခိုင့်တပ်တော် (AA) မှာ ယခင်ကထက် အဆပေါင်းများစွာအင်အားရှိလာ၍ ရခိုင်စစ်ပွဲမှာ ယခက်ကထက် ပိုမိုပြင်းထန်လာနိုင်သည် ရခိုင်အရေးလေ့လာသုံးသပ်သူ ဝါရင့်နိုင်ငံရေးသမား မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောသည်။

“စစ်ကောင်စီတပ်က ကမ္ဘာမှာရော၊ ကိုယ့်နိုင်ငံအထဲမှာရော စစ်ရေး၊ နိုင်ငံရေး ဘက်ပေါင်းစုံ အကြပ်အတည်းနဲ့ ရက်ဆိုင်နေရချိန်ဖြစ်တယ်။ စစ်ရေး၊ နိုင်ငံရေး အားလုံးအဘက်ဘက်က ကျဆင်းနေတဲ့ အခြေအနေမျိုးမှာ ရခိုင်ပြည်စစ်မျက်နှာကို တိုက်မယ်ဆိုရင်တောင်မှပေါ့လေ၊ သူတို့က ကုန်းတပ်ကို အရန်အဖြစ်ဘဲထားပြီး ရေတပ်နဲ့ လေတပ်နဲ့ အဝေးပစ်အမြောက်တွေကို အဓိက သုံးလာနိုင်တယ်။ ဗျူဟာကုန်းတွေကနေ အဝေးပစ်အမြောက်တွေနဲ့ လှမ်းပစ်မယ့် အဲ့ဒီ စစ်ရေးဗျူဟာကို ပိုပြီးကျင့်သုံးနိုင်တယ်။ ကုန်းတပ်၊ ကြေးတပ်ကတော့ အရန်လောက်ပဲ ဖြစ်မယ့် အခြေအနေရှိတယ်။ ဘာလို့ဆိုတစ်နိုင်ငံလုံးမှာ သူတို့ စစ်မျက်နှာဖွင့်ထားရတဲ့အတွက် အင်အား မလုံမလောက်ဖြစ်နေတယ်။ ဒါပေမယ့် ULA/AA ကလည်း အရင်ကထက် အဆပေါင်းများစွာ အင်အားရှိလာတဲ့အခါမှာ ဖြစ်လာမယ့်တိုက်ပွဲကတော့ ယခင်ကထက် ပိုပြင်းထန်လာမယ်လို့ ယူဆရပါတယ်” ဟု ပြောသည်။

စစ်ကောင်စီက ရခိုင်တွင်စစ်တပ်အင်အားတိုးချနေမှုမှာ ရခိုင်ပြည်စစ်မျက်နှာကို ပိုထိန်းနိုင်ရန်အတွက် အားစိုက်လုပ်ဆောင်နေခြင်းဖြစ်ပြီး ရခိုင်ပြည်စစ်မျက်နာကို စိုးရိမ်နေပုံရသည်ဟု ဆိုသည်။

“သူတို့ (စစ်ကောင်စီ) က တခြားဒေသတွေထက် ရခိုင်ပြည်စစ်မျက်နှာကို ပိုပြီး ထိန်းဖို့လိုတယ်လို့ ယူဆပုံရပါတယ်။ PDF လှုပ်ရှားမှုတွေကျတော့ မြို့ပေါ်မှာ ဖြစ်နေတယ်။ သူတို့အနေနဲ့ နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်တယ်လို့ ယူဆပုံရတယ်။ ရခိုင်ပြည်ကျတော့ သူတို့အနေနဲ့ ULA/AA ရဲ့အားသာချက် ပြည်သူတွေရဲ့ ထောက်ခံမှုကြောင့် ရခိုင်ပြည်အတွက် သူတို့ စိုးရိမ်ပုံရတယ်။ ဒါကြောင့် အခြားနေရာတွေထက် ရခိုင်ပြည်စစ်မျက်နှာကိုတော့ အားနဲ့အင်နဲ့ ထိန်းလာမယ့်အခြေအနေရှိပါတယ်” ဟု ဦးဖေသန်းက ပြောဆိုသည်။

လက်ရှိတိုက်ပွဲမှာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က စစ်ရေးအခြေအနေမျိုးကို ပြန်ရောက်နိုင်သော်လည်း ယခင်ကထက် ပြင်းထန်ပြီး စစ်ကောင်စီက ယခင်ကကုန်းတပ်ကို အဓိက ထားတိုက်ခိုက်နေရာမှ နောက်လာမည့်တိုက်ပွဲများတွင် ကုန်းတပ်ကို အရန်ထားကာ လေတပ်၊ ရေတပ်နှင့် အဝေးပစ် အမြောက်များကို အဓိကထားသုံးလာနိုင်သည်ဟု ဦးဖေသန်းက သုံးသပ်ပြောဆိုသည်။

ရခိုင်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် ဩဂုတ် ၂ ရက်နေ့ကစကာ တိုက်ပွဲများဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက အင်အားများ အလုံးအရင်းဖြင့် ဖြည့်တင်းနေခဲ့ရာ သြဂုတ် ၁၇ ရက်နေ့ နံနက် (၉) နာရီခန့်က ဘူးသီးတောင်အခြေစိုက် ခလရ (၂၃၄) တပ်ရင်းကို စစ်လေယာဉ်ဖြင့် စစ်တပ်အင်အားဖြည့်တင်းခဲ့ပြီး အမြောက်တပ်ရင်း (၃၇၈) မှ မောင်တောဘက်သို့ စစ်သားအင်အား ၃၀ ခန့်နှင့် လက်နက်ကြီးများတင်ဆောင်လာသည့် စစ်ကား ၃ စီး ပို့ဆောင်ခဲ့ကြောင်း ဘူးသီးတောင် ဒေသခံတစ်ဦးက ပြောသည်။

“စစ်ရဟတ်ယာဉ်နဲ့ စစ်အင်အားလာချတာတွေ့တယ်။ ပြီးတော့ (၃၇၈) တပ်ကနေလည်း လက်နက်ကြီးတွေတင်ပြီး စစ်သား ၃၀ လောက်ပါမယ်တစ်စီးမှာ ၃ စီးသွားတာတွေ့တယ်။ မောင်တောဘက်ကိုထွက်သွားတာပါ” ဟု ပြောသည်။

ယင်းအပြင် ယမန်နေ့ နံနက် ၁၁ နာရီခန့်တွင် မြေပုံမြို့ကို ရေတပ်ဇက်သင်္ဘောနှင့် စစ်တပ်အင်အား၁၀၀ ကျော်ပို့ဆောင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

မျက်မြင်ဒေသခံတစ်ဦးက”မနေ့က ၁၁ နာရီလောက်မှာ ဇက်နဲ့ တပ်သားလာချတာတွေ့ရပါတယ်။ အင်အားက ၁၀၀ ကျော်လောက်ရှိမယ်ထင်တယ်။ ဇက်ကနေတဆင့် စက်လှေတွေနဲ့တင်ကြတာ” ဟု ပြောသည်။

ဇူလိုင်လ ၄ ရက်မှာ ထိုင်း – မြန်မာနယ်စပ် ကရင်ပြည် KNU တပ်မဟာ (၅) နယ်မြေတွင် တည်ရှိသည့် AA တပ်စခန်းတစ်ခုကို စစ်ကောင်စီက လေယာဉ်နှစ်စီးနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး AA တပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံးခဲ့ရကာ ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး ယင်းနောက်ပိုင်း နှစ်ဖက် ဆက်ဆံရေးပျက်ပြားပြီး စစ်ပွဲများ ဆက်တိုက်ဖြစ်ပွားလာခြင်းဖြစ်သည်။

ဇူလိုင်လ ၁၉ ရက်နေ့တွင် AA က လက်တုန့်ပြန်သည့် အနေဖြင့် မောင်တောမြို့နယ် မြောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတက်ဘက်က အထိနာခဲ့ကာ လက်ရှိဖြစ်ပွားခဲ့သည့် ရသေ့တောင်မြို့နယ် ဒုံးပိုက်အနီး မေယုတောင်တိုက်ပွဲ၊ မောင်တောတောင်ပိုင်း ကျောက်ပန္တူတိုက်ပွဲ၊ မောင်တောမြို့နယ်မြောက်ပိုင်း ဝေလာတောင်တိုက်ပွဲနှင့် ပလက်၀မြို့နယ် တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက် အထိနာအကျဆုံးများခဲ့သည်ဟု သိရသည်။

ရက္ခိုင့်တပ်တော် (AA) ကလည်း အဆိုပါတိုက်ပွဲများမှ သိမ်းဆည်းရမိသည့်လက်နက်အများအပြားကို ဓာတ်ပုံနှင့်တကွ လူသိရှင်ကြား ထုတ်ဖော်ပြသခဲ့ရာ စစ်ကောင်စီအတွက် အရှက်ရစရာဖြစ်ခဲ့ပြီးနောက် ပြည်သူများ အသုံးပြုနေသည် ကားလမ်း၊ ရေကြောင်းလမ်းများကို ပိတ်ဆို့ထားသဖြင့် အများပြည်သူများမှာ စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

ခိုင်လူလှ (ရိုးမမြေ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here