29 June 2025 /

See today's Peace Related News

Homeသတင်းပေါက်မြို့နယ်အတွင်း ကင်းမရွာအပါအဝင် ကျေးရွာပေါင်း ၂၀ နီးပါး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီလို့ဆို

ပေါက်မြို့နယ်အတွင်း ကင်းမရွာအပါအဝင် ကျေးရွာပေါင်း ၂၀ နီးပါး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီလို့ဆို

၃၀ ဇွန် ၂၀၂၂

မကွေးတိုင်း ပေါက်မြို့နယ်အတွင်းရှိ ရွာလုံးကျွတ်နီးပါးမီးရှို့ခံခဲ့ရတဲ့ ကင်းမရွာအပါအဝင် ကျေးရွာပေါင်း (၂၀) နီးပါးကို ထိန်းချုပ်ထားနိုင်ပြီလို့ ပေါက်တောင်ပိုင်း ပျောက်ကြားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို အတည်ပြုပြောဆိုပါတယ်။

ပေါက်တောင်ပိုင်းပျောက်ကြားတပ်က ထိန်းချုပ်ထားနိုင်ပြီဖြစ်တဲ့ ကင်းမကျေးရွာ ကိုစစ်ကောင်စီ တပ်သားတွေက ၂၀၂၁ ခုနှစ် ဇွန်လ (၁၅) ရက်က မီးရှို့ဖျက်စီးခဲ့လို့အိမ်ခြေ (၁၅၂) လုံးပျက်စီးပြီး လက်ရှိအချိန်ထိ စုစုပေါင်းအိမ်ခြေ (၁၇၂) လုံးမီးရှို့ခံထားရတာပါ။

လက်ရှိအချိန်မှာ ကင်းမရွာအပါအဝင် ကျေးရွာ (၁၈) ရွာလောက်ကို ထိန်းချုပ်ထားပေမဲ့ ကင်းမ၊ အင်းငယ်ဒေါင့်၊ ဒိန်းကျင်း၊ တောင်ဘက်ယ လက်ယာ၊ လက်ပံလှကျေးရွာက ပြည်သူတွေကတော့ နေရပ်ပြန်လို့မရေသးပါဘူး။

“ပေါက်တောင်ပိုင်းမှာတော့ တော်တော်များများကို တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ထိန်းချုပ်ထားနိုင်ပါပြီ လက်နက်ရှိရင် ကျွန်တော်တို့တွေအနေနဲ့ထိုးစစ် စလို့ရပါပြီ လက်နက်မရှိလို့သာ ဘာမှမလုပ်နိုင်သေးတာပါ” လို့ ပေါက်တောင်ပိုင်း ပျောက်ကြားတပ် တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပေါက်တောင်ပိုင်းပျောက်ကြားတပ်ဖွဲ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ချိတ်ဆက်နေဆဲ အခြေအနေမှာသာရှိနေသေးပြီး ထိန်းချုပ်နယ်မြေတွေဖြစ်လာဖို့ မိုင်းထောင်တာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ဖွဲ့စည်းတာနဲ့ ပြည်သူတွေညီညွတ်အောင် ကြိုးပမ်းတာတွေလုပ်ခဲ့ရတယ်လို့ သူက ပြောပါသေးတယ်။

ထိန်းချုပ်နယ်မြေတွမှာ စာသင်ကျောင်း(၁၀) ကျောင်းကို ဖွင့်ထားပြီး ဘို့မယ်၊ ကင်းမနဲ့ ကျောက်အိုးရွာက စာသင်ကျောင်းတွေမှာတော့ အလယ်တန်းအဆင့်ထိ ပညာသင်ကြားပေးတာတွေ လုပ်ဆောင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၁၆) ရက်နေ့က ပေါက်တောင်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ခုခံနိုင်ခဲ့လို့ ဒီနေ့ ဇွန်လ (၂၉) ရက်နေ့မှာတော့ အဲ့ဒီစစ်ကြာင်းဟာ မြို့နယ်ထဲက ပြန်လည်ထွက်ခွါသွားပြီဖြစ်တယ်လို့ သိရပါတယ်။

မကွေးတိုင်းဒေသကြီးမှာ စစ်ကောင်စီက ပြည်သူပိုင်နေအိမ် (၃၀၀၀) ကျော်ကို မီးရှို့ဖျက်ဆီးထားပြီး အဲ့ဒီထဲက ပေါက်၊ မြိုင်၊ ရေစကြို မြို့နယ်က ကျေးရွာတွေဟာ မီးရှို့ခံရတာ အများဆုံးဖြစ်တယ်လို့ ၂၀၂၂ ခုနှစ် မေလအထိ စာရင်းပြုစုထားတဲ့ Data For Myanmar က ဖော်ပြထားပြီး မြေပြင်မှာ ဒီထက်ပိုနိုင်တယ်လို့ ဆိုထားပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။