ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာထက်မနည်း လျှပ်စစ်မီး ဖြတ်တောက်ခံထားရဟုဆို

By MPM 21 June, 2022 👁

၂၁ ဇွန် ၂၀၂၂

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီက မီတာခမဆောင်လို့ဆိုပြီး ကျေးရွာ ၁၀ ရွာထက်မနည်း လျှပ်စစ်မီး ဖြတ်တောက်ခံထားရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီက မီတာခမဆောင်တဲ့ ကျေးရွာတွေကို ပြီးခဲ့တဲ့ မေလကစပြီး လျှပ်စစ်မီး ဖြတ်တောက်လာတာဖြစ်သလို အခုအခါမှာတော့ ကျေးရွာ ၁၀ ရွာလောက်ကို လျှပ်မီး ဖြတ်တောက်ထားပါတယ်။

“ခုက မီတာခမဆောင်တဲ့ အိမ်ကို မီတာခဆောင်ဖို့ပြောတယ်။ မဆောင်ရင် ချက်ချင်းမီးဖြတ်တယ်။ ရွာလုံးကျွတ်ဖြတ်တာက ၂ ရွာလို့သိရတယ်။ ကျန်တဲ့ရွာတွေကျ မီတာခ မဆောင်တဲ့အိမ်တွေကို ရွေးဖြတ်တယ်။ သိရသလောက် ကားလမ်းမ အောက်ဘက်ခြမ်းရွာတွေကို အများစုလုပ်ထားတယ်လို့ သိရတယ်။ အပေါ်ဘက်ခြမ်းက ရွာတွေကျတော့ လက်နက်ကိုင်အဖွဲ့တွေနဲ့နီးစပ်တော့ မလုပ်ထားဘူး လို့သိရတယ်။ အရင်ကတော့ မီတာခကို ကျေးရွာမီးလင်းရေးကော်မတီကနေ ကောက်တယ်။ ခုနောက်ပိုင်းကျတော့ မီးလင်းရေးအဖွဲ့တွေက လာပေးတဲ့သူဆီကယူတယ်။ လာမပေးရင် လိုက်မကောက်တော့ဘူး။ သူတို့လဲ ကြားမညှပ်ချင်လို့နေမယ်” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီထဲမှာတော့ ဇုတ်သုတ်နဲ့ ဝင်းကကျေးရွာကို ရွာလုံးကျွတ် လျှပ်စစ်မီး ဖြတ်တောက်ထားတာဖြစ်ပြီး ကျန်ကျေးရွာတွေဖြစ်တဲ့ အလူး၊ ညောင်ပလ္လင်၊ တောင်စွန်းအပါအဝင် ကျေးရွာ ၁၀ လောက်မှာတော့ မီတာခမဆောင်တဲ့ နေအိမ်တွေကို လျှပ်စစ်မီး ဖြတ်တောက်ထားတာပါ။

လျှပ်စစ်မီးဖြတ်တောက်ခံထားရတာကြောင့် ပြည်သူတွေ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရသလို အသေးစား၊ အလတ်စား SME လုပ်ငန်းတချို့ ရပ်နားလာကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဘီလင်းမြို့ပေါ်မှာတော့ လျှပ်စစ်မီတာခတွေကို စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့၊ လျှပ်စစ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့တွေက လိုက်လံကောက်ခံနေတာရှိနေပြီး တချို့ရပ်ကွက်တွေကိုတော့ မီတာခကို လျှပ်စစ်မီတာရုံးမှာ လာရောက်ပေးသွင်းကြဖို့နဲ့ မပေးသွင်းတဲ့ နေအိမ်တွေကို မီးဖြတ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ လျှပ်စစ်မီတာခမဆောင်တဲ့ နေအိမ်တွေကို မီတာပုံး ဖြုတ်သိမ်းတာတွေပါ လုပ်ဆောင်လာပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။