ဇွန်လ ၄ ရက်၊ ၂၀၂၂ခုနှစ်
ကရင်အမျိုးသားအစည်းအရုံး-KNU၊ မူတြော် (ဖာပွန်) ခရိုင်၊ တပ်မဟာ (၅) ဒေသတွင် စစ်ကောင်စီ၊ နယ်ခြား စောင့်တပ် (BGF) ပူးပေါင်းတပ်ဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့များအကြား မေလ တစ်လတာအတွင်း တိုက်ပွဲအကြိမ်ပေါင်း ၃၄၀ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် တစ်ရာကျော်သေဆုံးပြီး တပ်ရင်းမှူးနှစ်ဦးပါဝင်ကြောင်း KNU တပ်မဟာ (၅) ဘက်က ယနေ့ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်မေလတစ်လအတွင်း နှစ်ဖက်တိုက်ပွဲပေါင်း (၃၄၀) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် BGF ဘက်မှ ၁၄၃ ဦး သေဆုံးပြီး ၁၀၈ ဦးထိခိုက်ဒဏ်ရာရရှိကာ ထိခိုက်သေဆုံးသူများထဲတွင် တပ်ရင်းမှူး ၂ ဦးအပြင် တပ်စုမှူးတစ်ဦးပါဝင်ကြောင်း ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ KNLA ဘက်မှ တစ်ဦး ကျဆုံးပြီး ၇ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီ၏ ထောက်ပို့ယာဉ် ၄ စီး ဖျက်စီးနိုင်ခဲ့ပြီး ထောက်ပို့ မြင်းလား ၂၉ ကောင်ကို သုတ်သင်နိုင်ခဲ့ကာ ထောက်ပို့အတွက် အသုံးပြုသည့် တံတား ၂ စင်းကိုလည်း ဖျက်စီးနိုင်ခဲ့ကြောင်း KNU ကဆိုသည်။
ပြီးခဲ့သည့် လများတွင် တပ်မဟာ (၅) ဘက်သို့ စစ်ကောင်စီဘက်မှ လေကြောင်းအသုံးပြုတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း ယခု မေလတွင်မူ နှစ်ဖက်တိုက်ပွဲတွင် လေကြောင်းတိုက်ခိုက်မှုမရှိတော့ဘဲ လက်နက်ကြီး ၁၀၆ ကြိမ် ပစ်ခတ်ခဲ့ပြီး ၎င်းပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အလားတူ KNU၊ သထုံခရိုင်၊ တပ်မဟာ (၁) နယ်မြေ၌လည်း မေလ တစ်လတာကာလတွင် စစ်ကောင်စီ၊ နယ်ခြားစောင့်တပ် (BGF) နှင့် KNLA ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲပေါင်း ၄၁ ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်တိုက်ပွဲတွင် စစ်ကောင်စီဘက် ၇၁ ဦးသေဆုံးပြီး ၅၃ ဦးထိခိုက် ဒဏ်ရာရရှိကြောင်း ယနေ့ ထုတ်ပြန်ထားသည်။
အဆိုပါ နှစ်ဖက်တိုက်ပွဲပေါင်း ၄၁ ကြိမ်တွင် စစ်ကောင်စီဘက်မှ အသုံးပြုသည့် စစ်ကား ၅ စီး ပျက်စီးသွားကြောင်းနှင့် KNLA ပူးပေါင်းတပ်ဖွဲ့ဘက်တွင်မူ ၁၁ ထိခိုက်ကာ ၂ ဦးကျဆုံးသွားကြောင်း ကေအဲန်ယူက ဆိုသည်။
KIC – ပေးပို့သည်။