9 July 2025 /

See today's Peace Related News

Homeသတင်းကရင်မျိုးနွယ်စု ၇ စုအရေး လုပ်ဆောင်မည့် ကရင်အမျိုးသားမျိုးနွယ်စုများအသင်း ဖွဲ့စည်း

ကရင်မျိုးနွယ်စု ၇ စုအရေး လုပ်ဆောင်မည့် ကရင်အမျိုးသားမျိုးနွယ်စုများအသင်း ဖွဲ့စည်း

ကရင်မျိုးနွယ်စု ၇ စု၏ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများ၊ ဘာသာစကားနှင့်စာပေဆိုင်ရာကိစ္စရပ်များကို ထိန်းသိမ်းမြှင့်တင်ရေး အဓိကလုပ်ဆောင်မည့် ကရင်အမျိုးသားမျိုးနွယ်စုများအသင်း- KNTA (ကရင်ပြည်နယ်) ကို ဇူလိုင်လ ၆ ရက်နေ့က ပြည်နယ်တိုင်းရင်းသားလူမျိုးများရေးရာရုံးတွင် ဖွဲ့စည်းလိုက်သည်ဟု သိရသည်။

Karen National Tribal Association (KNTA)မှာ စကော၊ ပိုး၊ ဘွဲ၊ မိုပွာ၊ ဂေဘား၊ ပကူးနှင့် ကညောဝါး (ခေါ်) ကရင်ဖြူစသည့် ကရင်မျိုးနွယ်စုများ၏ အရေးအရာများအတွက် လုပ်ဆောင်နိုင်ရန် အစိုးရထံတွင် တရားဝင် အ သင်းအဖွဲ့ မှတ်ပုံတင်ပြီး လှုပ်ရှားဆောင်ရွက်မည့်အဖွဲ့ဖြစ်လည်း ဖြစ်သည်။

ကရင်အမျိုးသား မျိုးနွယ်စုများ အသင်း- KNTA ဥက္ကဌ စောချစ်သန်းက“ အစိုးရနဲ့ ကရင်တိုင်းရင်းသားတွေရဲ့ ထိ တွေ့မှုက အားနည်းတယ်။ ပြောရမယ်ဆိုရင် ကရင်တိုင်းရင်းသားတွေရဲ့ အရေးကိစ္စတွေအားလုံးပေါ့။ အားလုံး ထဲက တစ်ချို့သော အကြောင်းအရာတွေကို သက်ဆိုင်ရာပြည်နယ်အစိုးရကို တင်ပြဆွေးနွေးနိုင်မယ့် အနေအ ထား တစ်ခုဖြစ်အောင် တင်ပြနိုင်အောင် အဖွဲ့အစည်းတစ်ခုလိုအပ်တယ်လို့ ယုံကြည်တဲ့အတွက် မဖြစ်ဖြစ် အောင် ဖွဲ့လိုက်ရခြင်းဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ဖွဲ့စည်းလိုက်ပြီဖြစ်သည့် အဆိုပါ ကရင်အမျိုးသားမျိုးနွယ်စုများ အသင်း- KNTA ကို မှတ်ပုံတင်နိုင်ရေးအတွက် ဇူလိုင်လ တတိယပတ်တွင် ပြည်နယ်အစိုးရထံ တင်ပြသွားမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိပါက ကရင်ပြည်နယ် အ တွင်း တရားဝင်အသင်းအဖွဲ့တစ်ခုအနေဖြင့် ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း စောချစ်သန်းက ဆက်ပြောသည်။

ကရင်အမျိုးသား မျိုးနွယ်စုများအသင်း- KNTA ကို နာယက ၅ ဦးအပြင် ဥက္ကဌ စောချစ်သန်း၊ ဒုဥက္ကဌ စော ကြိုင်ထွေး၊ အတွင်းရေးမှူး နန်းမြင့်တင်၊ တွဲဖက်အတွင်းရေးမှူး စောအုံးတင်၊ ဘဏ္ဍာရေးမှူး နော်မြတ်မြတ်ဇင်၊ စာရင်းစစ်စောမြတ်ထွန်းအပါအဝင် စုစုပေါင်းအလုပ်အမှုဆောင်၂၁ဦးဖြင့် ဖွဲ့စည်းထားသည်။

အသင်း၏ အမှတ်တံဆိပ်တွင် ဖားစည်၊ ကျွဲချို၊ ကြယ် ၇ လုံးနှင့် ကြာပန်းတို့ပါရှိပြီး ကရင်မျိုးနွယ်စု ၇စု၏ ရိုးရာ ယဉ်ကျေးမှုနှင့်ဓလေ့ထုံးတမ်းများ၊ ဘာသာစကားနှင့်စာပေဆိုင်ရာကိစ္စရပ်များအပြင် ကရင်အမျိုးသားများနှင့် သက်ဆိုင်သည့် သမိုင်းဝင်နေ့ရက်များ၊ အထိမ်းအမှတ်များကျင်းပရေး၊ ကရင်မျိုးနွယ်စုများ၏ အခွင့်အရေးများ၊ ရပိုင်ခွင့်များ၊ နစ်နာမှုများကို ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်များလည်း ချမှတ်ထားသည်။

ကရင်ပြည်နယ်တွင် စာပေယဉ်ကျေးမှုဆိုင်ရာများနှင့်ပတ်သက်ပြီး လုပ်ဆောင်သည့် အဖွဲ့အစည်းအနေဖြင့် လက်ရှိတွင် ကရင်ပြည်နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းနှင့် ယခုဖွဲ့စည်းလိုက်သည့် ကရင်အမျိုးသား မျိုးနွယ်စုများအသင်း- KNTA ဟူ၍ အသင်းအဖွဲ့ ၂ ဖွဲ့ရှိပြီဖြစ်သည်။