တတိယအကြိမ်မြောက် ပြည်ထောင်စုအဆင့် အရပ်ဖက်အဖွဲ့အစည်းများငြိမ်းချမ်းရေးဖိုရမ်သို့ကယားပြည်နယ် ကိုယ်စားလှယ်များ မတတ်ရောက်နိုင်ခဲ့

0
221

ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အရပ်ဘက် လူမှုအဖွဲ့အစည်းများ စုံလင်စွာ ပါဝင်သည့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကျင်းပသော့ တတိယအကြိမ် ပြည်ထောင်စုအဆင့် အရပ်ဖက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်တွင် ကယားပြည်နယ် ကိုယ် စားပြု အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပါဝင်တက်ရောက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုကျင်းပရေးပူးတွဲကော်မတီ UPDJC ၏ လုပ်ငန်းကော်မတီထံ မူဝါဒ အကြံပြုချက်စာတမ်း များ တင်ပြနိုင်ရေးအတွက် မတ်လ ၁၈ရက်မှ ၂၀ရက်နေ့အထိ ကျင်းပနေသည့် အဆိုပါဖိုရမ် တက်ရောက်ရခြင်း နှင့်ပတ်သက် ပြီး ကယားပြည်နယ်အခြေစိုက် LAIN နည်းပညာအထောက်အကူပြုအဖွဲ့မှ ဘုတ်အဖွဲ့ဝင် ကိုကျော်ထင်အောင်က ယခုလိုပြော သည်။

ကိုကျော်ထင်အောင်က “UPDJC အတွင်းရေးမှူးအဖွဲ့ကနေပြီးတော့မှ အရပ်ဖက်အဖွဲ့အစည်းဖိုရမ် ကျင်းပရေးအတွက် ထုတ်တဲ့ လမ်းညွန် TOR က တအား ဗဟိုဦးစီးဆန်ပြီးတော့ တင်းကြပ်တယ်။ ပထမတုန်းကတော့ ကရင်နီအရပ်ဖက် အဖွဲ့အစည်းတွေကို လက်ရှိ UCCPF က လာရောက်ညှိုနှိုင်းမယ်လို့ပြောခဲ့ပေမယ့် လာရောက်ခြင်းမရှိခဲ့ဘူး။ TOR လည်း မပြင်ပေးဘူး။ ဒါတွေကို မပြင်ပေးရင်တော့ ကရင်နီ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ တက်ဖို့အဆင်မပြေဘူး ဆိုတာမျိုးကို ထုတ်ပြန်ခဲ့ပြီးသား ဖြစ်ပါ တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
image.png

ထို့အပြင် NCA လက်မှတ်ရေးထိုးထားသည့် KNU နဲ့ RCSS တို့၏ လက်ရှိအခြေအနေများအရ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ပြန် လည်သုံးသပ်ရသည့်အခြေအနေများ၊ တပ်မတော်သားကိုယ်စားလှယ်များ၏ အခန်းကဏ္ဍကြီးစိုးနေမှုကြောင့် ၂၀၀၈ ဖွဲ့စည်းပုံနှင့် တိုင်းရင်းသားများလိုလားသည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့တွင် ကောင်းမွန်သည့် ရလာဒ်ထွက်ပေါ်မည်မ ဟုတ်ကြောင်း စသည့်သုံးသပ်ချက်များကြောင့် ဖိုရမ်မတက်ရောက်ခြင်းဖြစ်ကြောင်း ကိုကျော်ထင်အောင်က ဆက်ပြောသည်။

ကယား(ကရင်နီ)ပြည်နယ် အရပ်ဘက်လူမှုအဖွဲ့အစည်းများအနေဖြင့် ယင်းဖိုရမ်ကျင်းပမှုများနှင့်ပတ်သက်၍ UPDJC က ချမှတ် ထားသည့် လုပ်ငန်းလမ်းညွန်မှာ ကဏ္ဍစုံ ဆွေးနွေးခွင့်မပြုခြင်းနှင့် ဆွေးနွေးမှုမူဘောင်ကန့်သတ်မှုကြောင့် ဗဟိုချုပ်ကိုင်မှုများ သည်ဟု သုံးသပ်သည့်အတွက် နေပြည်တော်တွင် ပထမအကြိမ် ကျင်းပခဲ့သည့် အရပ်ဖက်အဖွဲ့အစည်းများဖိုရမ်သို့ တက် ရောက်ခဲ့ခြင်းမရှိသည့်အပြင် ယင်းဖိုရမ်ကျင်းပမှုများနှင့်ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့ကလည်း သဘောထားထုတ်ပြန်ထားခဲ့ပြီးဖြစ်သည်။

မြစ်ကြီးနားဖိုရမ်ကို ကရင်ပြည်နယ် အရပ်ဖက်အဖွဲ့ကိုယ်စားလှယ်အဖြစ် တက်ရောက်နေသူ စောလင်းထက်က “ကရင်နီမပါဘူး ဆိုတော့လေ ကွန်ဆက်တွေဘယ်လိုမျိုးရှိလဲဆိုတာ တစ်ယောက်နဲ့တစ်ယောက် ဖလှယ်တဲ့အခါ အားနည်းနေတာပေါ့နော်။ အား နည်းသွားတဲ့အတွက်ကြောင့်မို့လို့ ဖြစ်ပေါ်လာတဲ့ Political weight ကတော့ ၁၀၀% အားမပါဘူးလို့ ဒီလိုပဲသုံးသပ်တယ်။ ဘယ် လိုပဲဖြစ်ဖြစ်ပေါ့။ သူတို့ရဲ့ peace architecture အနေနဲ့ လက်ရှိဖြစ်နေတဲ့ အခင်းအကျင်းကို သဘောမတွေ့တာ ရှိကောင်းရှိ မယ်။ အဲဒါကတော့ သူတို့ peace archi တွေရဲ့သမိုင်းပေါ့။ ထိုနည်းလည်းကောင်းပဲ ကျနော်တို့ CSO တွေအနေနဲ့လည်း CSO တွေရဲ့ ဖြစ်ချင်တဲ့ဆန္ဒမှာလည်း ကရင်နီရဲ့အားကိုလည်း လိုအပ်တယ်။ ဒါကြောင့် ပါစေချင်ပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

မြစ်ကြီးနားတွင် မတ်လ ၁၈ရက်မှ ၂၀ရက်နေ့အထိ သုံးရက်တာကျင်းပနေသည့် တတိယအကြိမ် ပြည်ထောင်စုအဆင့် အရပ် ဖက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်တွင် ကယား(ကရင်နီ)ပြည်မှ ကိုယ်စားလှယ်များမှအပ ကျန်တိုင်းနှင့်ပြည်နယ် ၁၃ခုမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍများအပြင် ဖက်ဒရယ်ဆိုင်ရာအခြေခံမူ၊ အာဏာ ခွဲဝေမှု၊ ဘဏ္ဍာငွေခွဲဝေမှုစသည့် ကဏ္ဍများကို ဆွေးနွေးနေကြဆဲဖြစ်ကြောင်း တက်ရောက်သူများ၏ ပြောပြချက်အရ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here