ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲတိုက်ခိုက်ခံရပြီး ၁၅ ဦးထက်မနည်းသေဆုံးဟုဆို

0
157

ကလေးမြို့အနောက်တောင်ဘက် အင်ဒိုင်းကုန်းကျေးရွာတွင် ဒီဇင်ဘာလ ၇ ရက်နေ့က လူနေအိမ်ကို မီးရှို့သည့် စစ်ကောင်စီတပ်ဖွဲ့ကို PDF (Kalay) တပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု PDF (Kalay) က ထုတ်ပြန်သည်။

အင်အား ၁၀၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် ဒီဇင်ဘာလ ၇ ရက်နေ့က ကလေးမြို့ မြို့လှရပ်ကွက်မှ စစ်ကြောင်း ၂ ကြောင်းခွဲကာ အင်ဒိုင်းကုန်းကျေးရွာဘက်သို့ ရောက်ရှိပြီးနောက် နေအိမ်တစ်လုံးအား မီးရှို့ဖျက်ဆီးခဲ့သည်အပြီးတွင် နောက်ထပ်နေအိမ်တစ်လုံး ထပ်မံမီးရှို့ရန် ပြင်ဆင်နေချိန်တွင် PDF (Kalay) မိုင်းတပ်ဖွဲ့မှ အသင့်တပ်ဆင်ထားသော မိုင်း ၄ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီး လူနာတင်ကား ၂ စီးဖြင့် လာရောက်သယ်ဆောင်သွားခဲ့ကြသည်ဟု PDF (Kalay) က ဆိုသည်။

မိုင်းခွဲတိုက်ခိုက်မှုပြုလုပ်သည့်နေရာအနီး၌ ဖြတ်သန်းသွားလာသူ ပြည်သူ ၃ ဦး မိုင်းထိမှန်ခဲ့သည့်အပေါ် အနူးအညွတ်တောင်းပန်ကြောင်းနှင့် ပြည်သူများအနေဖြင့် လုံခြုံရေးအထူးသတိပြု၍ စစ်ကောင်စီကို ဝေးဝေးမှ ကြိုတင်ရှောင်ရှားကြရန်လည်း PDF (Kalay) က မေတ္တာရပ်ခံထားသည်။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here