“ခက်ခဲကတော့ အများကြီးပဲ မိန်းခလေးဆိုတော့ ပိုခက်ခဲတယ်။ ဒါပေမယ့် ယောကျ်ားလေးတွေလည်း လုပ်နိုင်တာပဲ တချို့မိန်းခလေးတွေလည်း ကျမထက် စီနီယာတွေရှိတယ်လေ။ သူတို့တောင်မှ လုပ်နိုင်တာပဲ ငါလည်းလုပ်နိုင်တယ်လို့ အဲ့ဒီလိုမျိုးစိတ်ထားမွေးတယ်” ဒု-ဗိုလ် မိုင် Emily (CNF/CNA)

0
63

ချင်းအမျိုးသားတပ်မတော် (CNF/CNA) ဒု-ဗိုလ် မိုင် Emily နှင့် အမေးအဖြေ

၁၅ နိုဝင်ဘာ ၂၀၂၂

၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်အာဏာသိမ်းမှုကို ပြည်သူလူထုက ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့ကြသော်လည်း စစ်တပ်က လက်နက်မဲ့ပြည်သူများကို အကြမ်းဖက်ဖြိုခွင်းလာခဲ့သည့်နောက်ပိုင်းမှာ တနိုင်ငံလုံးမှာရှိသော လူငယ်များသည် ရွေးချယ်စရာနည်းလမ်းမရှိတော့သည့်အတွက် လက်နက်ကိုင်တော်လှန်ရေးထဲကို ဝင်ရောက်ပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရန်အတွက် ယနေ့ချိန်ထိ အားကောင်းမောင်းသန်စွာဖြင့် တိုက်ပွဲဝင်လျက်ရှိကြသည်။

ယင်းလူငယ်များစွာထဲမှာ အသက် ၂၂ နှစ်ရွယ် ဥပဒေဘာသာရပ်သင်ကြားနေသော ချင်းသမီးပျို မိုင် Emily လည်း ပါဝင်ပါသည်။ မိုင် Emily သည် သူ၏ စိတ်ဆန္ဒဖြင့် ချင်းအမျိုးသားတပ်မတော် CNA ထဲကို ဝင်ရောက်ခဲ့ပြီး ယခုဆိုလျှင် တစ်ပွင့် ဒု-ဗိုလ်အဆင့်ရှိပြီဖြစ်သည်။

မိုင် Emily ကို ခိုနူမ်းသုန်သတင်းဌာနက တွေ့ဆုံမေးမြန်းထားသည်။

မေး။ ။ အရင်ဆုံးသိချင်တာက စစ်တပ်က အာဏာသိမ်းမှုအဖြစ်ပွားခင် ညီမက ဘယ်မှာနေပြီး ဘာအလုပ်တွေလုပ်ကိုင်ခဲ့လဲ။

ဖြေ။ ။ ကျမကကျောင်းကမပြီးသေးဘူး ကိုဗစ်ကဖြစ်ပြီးတော့ကျောင်းပိတ် တော်လှန်ရေးကဆက်ဖြစ်ပြီး ချင်းအမျိုးသား တပ်မတော် ဘက်ကိုရောက်လာတာပါ။ တော်လှန်ရေးမဖြစ်ခင်ကတော့ ကျောင်းသူတစ်ယောက်ပဲပေါ့၊ ရန်ကုန်မှာ အစ်မဆိုင်မှာကူညီပေးတယ်။ အာဏာသိမ်းပြီးသွားတော့ ရန်ကုန်မှာဆက်ပြီးတော့ အလုပ်လုပ်လို့မရတော့ဘူးဆိုတော့ ကိုယ့်ရဲ့ဇာတိကိုပြန်လာတယ်။ အိမ်မှာအကြားကြီးနေသေးတယ်။ ဒီလိုနဲ့ လူငယ်အများကြီးက သူတို့ရဲ့အသက်ကို ပေးပြီးတော့ တော်လှန်ရေးဝင်နေကြတယ်..အဲ့ဒါကြောင့်ဒီအတိုင်းကြီးမနေချင်တော့ဘူး ဒါကြောင့် CNF ထဲကိုဝင်လာတာ။

မေး။ ။ စစ်တပ်က အာဏာသိမ်းခဲ့တဲ့နေ့ကပေါ့လေ၊ အဲဒီသတင်းကို ကြားမိတော့ လူငယ်တယောက်အနေနဲ့ ဘယ်လိုခံစားချက်တွေပေါ်လာမိလဲ။

ဖြေ။ ။ ကျမအဲ့တုန်းက ရန်ကုန်မှာရှိတာ…အဲ့တုန်းက လိုင်းတွေအကုန်ပိတ် ဗီဒီယိုလိုင်းတွေလည်းအကုန်ပိတ်တော့ TV ကြည့်မလို့ လိုင်းတွေဘာတွေမရတာဘာမှမသိဘူး။ ညကလည်း ၁၂ နာရီအထိ အလုပ်လုပ်တော့ အိပ်ပျော်သွားတယ် မနက်စောစောမှ အာဏာသိမ်းသွားပြီဆိုတာသိတာ။ အတွေ့အကြုံကလည်းသိပ်မရှိတော့ မလန့်ဖြစ်ဘူး၊ ရန်ကုန်မှာ ဆန္ဒပြဖို့အတွက် မင်းကိုနိုင်က စပြီးတော့နိုးဆော်တယ် အဲ့တုန်းကလည်းပါဝင်ခဲ့တယ်။ ပြီးမှချင်းပြည်ကိုပြန်လာခဲ့တယ်။

မေး။ ။ ချင်းပြည်ဘက်ပြန်လာတော့ ချင်းပြည်နယ်မှာလည်းဆန္ဒပြမှုတွေအများကြီးရှိခဲ့တယ်။ အဲ့မှာလည်းပါဝင်ခဲ့လား။

ဖြေ။ ။ အဲ့တုန်းက ညီမက ရွာမှာဖြစ်တဲ့အတွက် ဆန္ဒပြတဲ့အထဲမှာ မပါဝင်ဖြစ်ခဲ့ဘူး။ ဒီအတိုင်းအိမ်မှာနေတယ်။ ပြီးတော့မိဘတွေကို ကူညီတယ်။

မေး။ ။ ချင်းလူငယ်အမျိုးသမီးတစ်ယောက်အနေနဲ့ လက်နက်ကိုင်တော်လှန်ရေးထဲ ဝင်ဖြစ်တဲ့အကြောင်းလေး ပြောပြပေးပါ။

ဖြေ။ ။ လူငယ်တွေအကုန်းလုံးကလည်း သူတို့အသက်တွေပေးပြီး တော်လှန်ရေးကိုလုပ်ကြတယ်။ အဲ့အချိန်မှာ လူငယ်တစ်ယောက်အနေနဲ့ ကျမ ဒီအတိုင်းထိုင်ပြီးတော့ ကြည့်မနေနိင်ဘူး ကိုယ်လည်းလုပ်နိုင်တဲ့နေရာ ရှိတော့ရှိမှာလို့တွေးမိတယ် အဲ့ဒါကြောင့် CNA ထဲကိုဝင်လာတယ် ကိုယ်တတ်နိုင်တဲ့ဘက်က ကူညီမယ်ဆိုပြီး ဝင်ဖြစ်တာပါ။

မေး။ ။ ချင်းအမျိုးသားတပ်မတော်ကိုဝင်တာ မိဘတွေကရော ဘယ်လိုသဘောထားလဲ။

ဖြေ။ ။ မိသားစုကတော့ တားတာပေါ့ ဘယ်ခွင့်ပြုမလဲ။ မိဘတွေက သေရင်လည်းအတူတူသေမယ် ရှင်ရင်လည်း အတူတူရှင်မယ် ဒီမှာပဲနေလို့ပြောတယ်။ ကျမကတော့ မရဘူးဝင်မှာ ဒီအတိုင်းနေရင်လည်း သေရင်လည်းသေမှာဆိုတော့ တော်လှန်ရေးထဲဝင်ရင်တော့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေပိုပြီးတော့ ကူညီပေးနိုင်တယ်ဆိုတော့ အဲ့ဒါနဲ့ပဲ ဒီကို ဝင်လာဖြစ်တာ။

မေး။ ။ ဘယ်အချိန်လောက်က ချင်းအမျိုးသားတပ်မတော်ထဲကို ဝင်ဖြစ်တာလဲ။

ဖြေ။ ။ ဒီနှစ် ဇန်နဝါရီလထဲမှာဝင်တာ ပြီးတော့သင်တန်း ၂ လကျော်တက်တယ်။ ပြီးတော့ ဆက်ပြီးဒီမှာနေတယ်။

မေး။ ။ စစ်သင်တန်းတက်ရောက်ခဲ့တယ်ဆိုတော့ အမျိုးသမီးတစ်ယောက်အနေနဲ့ ဘာအခက်ခဲတွေကို ရင်ဆိုင်ခဲ့ရလဲ။

ဖြေ။ ။ ခက်ခဲကတော့ အများကြီးပဲ မိန်းခလေးဆိုတော့ ပိုခက်ခဲတယ်။ ဒါပေမယ့် ယောကျ်ားလေးတွေလည်း လုပ်နိုင်တာပဲ တချို့မိန်းခလေးတွေလည်း ကျမထက် စီနီယာတွေရှိတယ်လေ။ သူတို့တောင်မှ လုပ်နိုင်တာပဲ ငါလည်းလုပ်နိုင်တယ်လို့ အဲ့ဒီလိုမျိုးစိတ်ထားမွေးတယ်။ အဲ့ဒီလိုစိတ်ထားမွေးတော့ မခက်တော့ဘူး။ ခက်ခဲဆုံးကတော့ မြန်မြန်လုပ်ခိုင်းတာ အချိန်က ၅ မိနစ်ပဲပေးမယ်၊ ၅ စက္ကန့်ပဲပေးမယ် အဲ့ဒါက အခက်ခဲဆုံးပဲ တော်တော်ရုန်းကန်ရတယ်။

မေး။ ။ အခုလက်ရှိမှာကော် ဘာတာဝန်တွေ ထမ်းဆောင်နေရလဲ။

ဖြေ။ ။ စဝင်လာတုန်းက ကာကွယ်ရေးဌာနမှာ ရုံးဝန်ထမ်းလုပ်တယ်။ အခုကတော့ ဗဟိုတရားရုံးမှာ လုပ်ပါတယ်၊ ဗဟိုတရားရုံးမှာ ကော်မတီလေးတွေရှိတယ် အဲ့မှာညီမက အတွင်းရေးမှူး၊ ဗဟိုတရားရုံးမှာတော့ ဉပဒေဝန်ထမ်းပါ။ စစ်တပ်ဘက်မှာတော့ တစ်ပွင့် ဒု-ဗိုလ်ပါ။

မေး။ ။ လူတိုင်းမှာ အိမ်မက်ကိုယ်စီရှိခဲ့ကြသို ညီမမှာလည်းရှိခဲ့မယ်လို့ယုံကြည်ပါတယ်၊ ကိုယ်ဖြစ်ခြင်တဲ့ အိပ်မက်ကဘာဖြစ်မလဲ။

ဖြေ။ ။ ကျောင်းဆက်တက်မယ် ပြီးတော့ မဟာတန်းဆက်တက်မယ် မဟာတန်းကိုတော့ နိုင်ငံခြားကိုလျှောက်မ ယ်လို့တွေးထားတာ၊ အခုမဖြစ်ခဲ့ဘူး ဒါကြောင့် အနာဂတ်ကြယ်ပွင့်လေးတွေရဲ့ အိပ်မက်မဆုံးရှုံးအောင် ကျမဒီလို လုပ်နေတာပါ။

မေး။ ။ ကိုယ်က တော်လှန်ရေးထဲကိုဝင်သွားတော့ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်ကလည်း အကောင်အထည်ဖော်ဖို့ ခက်ခဲသွားမှာပေါ့နော်။

ဖြေ။ ။ ခံစားချက်ကတော့ ရှိတယ်။ ဆက်ပြီးတော့ဘွဲလည်းမယူနိုင်တော့ဘူး။ မျှော်လင့်တာကဘွဲ့ဆိုတော့ ဘွဲ့လည်းမယူနိုင်တော့ဘူးဆိုတော့အရမ်းလည်းခံစားရတယ်။ ခံစားရပေမယ့် အခုဒီကိုဝင်လာတော့လည်း ရည်မှန်းချက်အသစ်ပြောင်းလဲသွားပြီ။

မေး။ ။ စခန်းမှာနေထိုင်းရတဲ့အခါမှာရော အခက်ခဲတွေရှိလား။ ဘယ်လိုခွန်းအားပြန်ယူလဲ။

ဖြေ။ ။ ဒီကိုဝင်လာကတည်းက ကျမတို့ကျောင်းသားဘဝဆိုတာ အရမ်းလွတ်လပ်ခဲ့တယ်လေ၊ ဒီမှာတော့ စည်းကမ်းတွေနဲ့ စည်းနဲ့ဘောင်နဲ့နေရတဲ့အခါကြတော့ ဖိအားများတယ်။ အဓိကတော့ ဖိအားပါပဲ ဘာမှမလုပ်ချင် မလုပ်နိုင်လောက်အောင်အထိ ဖြစ်ခဲ့တယ်။ အဲ့သလိုဖြစ်တဲ့အခါမှာ ငါက အနာဂတ်ကိုယ့်ရဲ့တိုင်ပြည်အတွက် အလုပ်လုပ်နေတာပဲ၊ တခါတခါကြရင် အပြောခံရတဲ့အခါလည်းရှိတယ် အဲ့အချိန်ကျရင်လည်း ငါက အနာဂတ်ကိုယ့်ရဲ့ တိုင်ပြည်အတွက် အလုပ်လုပ်နေတာပဲ ဘာမှစိတ်ထဲမထားနဲ့လို့ ကိုယ့်ကိုပြန်ပြောဖြစ်တယ်။

မေး။ ။ တော်လှန်ရေးပြီးသွားရင် အောင်မြင်သွားရင် ဘာတွေဆက်ပြီးအကောင်အထည်ဖော်ချင်လဲ။

ဖြေ။ ။ ဒီတော်လှန်ရေးပြီးသွားရင် ကိုယ့်ချင်းလူမျိုးတွေအတွက်ပဲ ဆက်ပြီးတော့ အလုပ်လုပ်သွားမယ်။ ချင်းလူမျိုးတွေက အရမ်းကွဲပြားတယ်လေ၊ ပြီးတော့ တခြားလူမျိုးတွေကို အထင်ကြီးတယ် ကိုယ့်လူမျိုးအချင်းချင်းကို အာရုံမစိုက်ကြဘူး။

မေး။ ။ တော်လှန်ရေးထဲကိုဝင်တာ နောင်တရတာမျိုးရှိလား။

ဖြေ။ ။ ဒီကိုဝင်လာတာ နောင်တရတာမျိုးမရှိဘူး တော်လှန်ရေးထဲဆက်ပါဝင်သွားမယ်။ မအောင်မြင်မခြင်းလုပ်မှာ။

မေး။ ။ အခုနွေဦးတော်လှန်ရေးအပေါ် ညီမအနေနဲ့ ဘယ်လောက်အထိမျှော်လင့်ထားလဲ။

ဖြေ။ ။ ချင်းတွေက သူများတွေကိုအားကျပြီးနေခဲ့ရတာလေ။ ဒီတော်လှန်ရေးသာအောင်မြင်သွားရင် ချင်းမျိုးတွေအတွက် ကိုယ့်ပြည်ထောင်လည်း တည်ထောင်နိုင်သွားမယ်။ ဒါမှမဟုတ် ကိုယ်ပိုင်ပြဌာန်းခွင့်ရမယ်။ ကိုယ့်ပြည်ကို ထောင်ရမယ် အဲ့ဒါမျှော်လင့်တယ်။

မေး။ ။ ကိုယ့်ရဲ့တော်လှန်ရေးရဲဘော်ရဲဖက်တွေကိုရော ဘာများပြောချင်တာရှိလဲ။

ဖြေ။ ။ သေသွားတဲ့သူကသေသွားပြီး ကျန်ခဲ့တဲ့မိသားစုနေရကနေကြည့်တယ် အရမ်းခံစားရတယ်။ မပြောနိုင်အောင်ခံစားရပါတယ်။

မေး။ ။ ဖြည့်စွက်ပြီးတော့ ဘာများထပ်ပြောချင်လဲ။

ဖြေ။ ။ ပြည်သူတွေအနေနဲ့ အကုန်လုံးက တော်လှန်ရေးလုပ်နေကြတာ ငါတို့က စစ်မတိုက်ဘူးဆိုပြီးတော့ တော်လှန်ရေးမလုပ်ဘူးဆိုတာ မဟုတ်ဘူး။ ပြည်သူတွေလည်း ကိုယ့်အိမ်မှာ ကောင်းကောင်းမနေရဘူး။ အားလုံးစစ်ဘေးရှောင်နေရတယ်။ အဆင်မပြေလို့ ပြန်လာကြတဲ့သူတွေလည်း ရှိတယ်။ သူတို့အားလုံး ကိုယ့်အိမ်မှာ ကောင်းကောင်းမနေရဘူး။ အဲ့ဒါလည်း သူတို့တော်လှန်ရေးလုပ်နေတာပဲ။ တော်လှန်ရေးမလုပ်ရင် ကောင်းကောင်းနေရမှာပေါ့၊ မိဘတွေကိုလည်း ပြောချင်ပါတယ်။ သူတို့သားသမီးကို ပေးကတည်းက သူတို့လည်း တော်လှန်ရေးလုပ်နေတာပဲ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ဖေးမကြမယ် အားပေးကြမယ်လို့ ပြောချင်ပါတယ်။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here