စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် မိုးတားလေးကျေးရွာအနီးတွင် ယနေ့ နံနက် ၁၀ နာရီဝန်းကျင်ခန့်မှစကာ PDF နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ကျေးရွာအတွင်း နေအိမ် ၈ လုံးခန့် မီးလောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
“ဒီမနက် ၁၀ နာရီလောက်မှာ တိုက်ပွဲစဖြစ်တာ ခုနတစ်ခေါက်ငြိမ်သွားတယ် ခုပြန်ပစ်နေကြပြီလို့။ လောလောဆယ် မီးကတော့ ငြိမ်းသွားပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ကသာဘက်မှ ဆန်တက်လာသည့် သင်္ဘောအား လုံခြုံရေးလာရောက်ယူပေးနေသည့် စစ်ကောင်စီအင်အား ၁၀၀ ခန့်အား မိုးတားလေးကျေးရွာတွင် ယနေ့နံနက် ၁၀ နာရီဝန်းကျင်ခန့်က PDF မှ တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ စတင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက်အနီးရှိ မိုးတားလေးကျေးရွာတွင် စစ်ကောင်စီက ပစ်ခတ်သည့်လက်နက်ကြီးများကျပြီး နေအိမ် ၈ လုံးခန့် မီးလောင်ကာ ဒေသခံအချို့လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပြောသည်။
“ပြီးခဲ့တဲ့လ ၂၈ရက်ညက တိုက်ပွဲဖြစ်လို့ ဒေသခံတွေက ထွက်ပြေးတိမ်းရှောင်နေကြရတာဟုတ်တယ်။ အဲဒါ မနေ့တစ်နေ့ကမှ ရွာထဲပြန်ရောက်လာကြတာ ဒီနေ့ထပ်ပြေးရပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း နေရာဒေသအနှံ့ ပြည်သူများအား ဖမ်းဆီးမှုများပြုလုပ်နေသည့်အပြင် ပြီးခဲ့သည့် အောက်တိုဘာလ ၂ရက်နေ့ကလည်း ကသာဒေသခံတစ်ဦးအား လမ်းပြအဖြစ်ခေါ်ဆောင်သွားပြီးနောက် သေနတ်ဖြင့်ပစ်သတ်ထားခဲ့ဟု ဒေသခံများ ပြောသည်။
စစ်ကိုင်းတိုင်းအတွင်း အောက်တိုဘာလမှစကာ စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား နေရာအနှံ့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်။
ပြီးခဲ့သည် စက်တင်ဘာလ ၅ ရက် ၆ ရက်နေ့ Sagaing PDF နှင့် စစ်ကောင်စီတပ်တို့ကြား ပင်လည်ဘူးမြို့နယ်တွင် တိုက်ပွဲများတွင် စစ်ကောင်စီဘက်က ၅၀ ဦးခန့် သေဆုံးပြီး SPDF ဘက်ကလည်း ၅ ဦးခန့် ကျဆုံးခဲ့သည်။
KNG – ပေးပို့သည်။