သတင်းဌာနများအား အရေးယူရန်ထုတ်ပြန်ချက်နှင့် DMG သတင်းထောက်ကို ထောင်ဒဏ်ချမှတ်ခဲ့သည့်အပေါ် IPCM ကန့်ကွက်

0
13
Photo – The New York Times

စစ်ကောင်စီက မဇ္စိုမ၊ ဒီဗွီဘီ၊ ခေတ်သစ်၊ မြန်မာနောင်း အစရှိသော သတင်းဌာနများအား အရေးယူနိုင်ရန် လုပ်ဆောင်နေသည်ဆိုသော ထုတ်ပြန်ချက်နှင့် DMG သတင်းဌာနမှ ဝန်ထမ်း၂ ဦးကို နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်သည့်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ – IPCM က ဇူလိုင် ၂ ရက်တွင် ထုတ်ပြန်ပြောဆိုသည်။

သတင်းဌာနဥပဒေကို ချိုးဖောက်နေသည်ဟုဆိုပြီး သတင်းမီဒီယာ (၁၅) ခုနှင့် အယ်ဒီတာချုပ် ၃ ဦးအား လုပ်ငန်းလိုင်စင်ရုပ်သိမ်းခြင်း၊ အမည်ပျက်စာရင်းသွင်းခြင်းအပြင် ဝန်ကြီးဌာန (၄) ခု ပူးပေါင်း၍ အရေးယူ ဆောင်ရွက်နိုင်ရန် လုပ်ဆောင်နေသည်ဟု စစ်ကောင်စီပြန်ကြားရေးဌာနက ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် စစ်ကောင်စီက ရခိုင်ပြည်နယ်အခြေစိုက် DMG သတင်းဌာနမှ သတင်းထောက်နှင့် ရုံးဝန်ထမ်းတို့ ၂ ဦး ကို ၈ လကြာ ဖမ်းဆီးထားပြီးနောက် ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့တွင် ၎င်းတို့အား နှစ်ရှည်ထောင်ဒဏ် (၅) နှစ်စီ ချမှတ်ခဲ့သည်။

အဆိုပါကိစ္စရပ်တို့နှင့်ပတ်သက်၍ IPCM က သတင်းသမားများသည် သတင်းလွတ်လပ်စွာ ထုတ်ဖော်ရေးသားခြင်းနှင့် ပြည်သူလူထု၏ သတင်းမှန်သိပိုင်ခွင့်ရရှိအောင် ဆောင်ရွက်ခြင်းသာဖြစ်ပြီး မီဒီယာလုပ်ငန်း မီဒီယာသမားများအား အရေးယူရန် ခြိမ်းခြောက်သည့် စစ်ကောင်စီ၏လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ပြောဆိုသည်။

IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်က “မီဒီယာတွေနဲ့ မီဒီယာသမား ၃ ယောက်ကို နာမည်နဲ့ထုတ်ပြီး ပြောလာတယ်။ အမည်ပျက်စာရင်း ထည့်တယ်။ ပြည်ထဲရေးမှာ ရာဇဝတ်သား ဝရမ်းပြေးတွေလိုမျိုး အရေးယူဖို့ တုံ့ပြန်လာတယ်။ သတင်းထောက်တွေကို ၅ နှစ် ထောင်ဒဏ်ချတယ်။ ဒီစက်တင်ဘာမှာလုပ်မယ့် ရွေးကောက်ပွဲ အတွက် စစ်ကောင်စီက နိုင်ငံရေးလမ်းကြောင်းနဲ့ ဒါတွေ ပြင်ဆင်လာတာ တွေ့လာရတယ်။ ဒါတွေကို ကျနော်တို့အနေနဲ့ ကန့်ကွက်ရှုတ်ချပါတယ်” ဟု ပြောဆိုသည်။

စစ်အာဏာသိမ်းယူပြီး ၂၀၂၁ ခုနှစ် မတ်လပိုင်းမှစ၍ အရပ်သားပြည်သူများအပေါ် စစ်ကောင်စီက ကျုးလွန်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအား သတင်းတင်ဆက်ပေးနေသော သတင်းမီဒီယာများကို စစ်ကောင်စီက လိုင်စင်ရုတ်သိမ်းခဲ့ပြီး လက်ရှိအချိန်ထိလည်း သတင်းသမားများကို ဖမ်းဆီးအရေးယူထောင်ချမှုများ လုပ်ဆောင်လျက်ရှိနေသည်။

စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက အရေးယူခြင်းခံရသော မီဒီယာများသည် နိုင်ငံလုံခြုံသာယာရေးနှင့် ဥပဒေစိုးမိုးရေးကို ထိခိုက်စေခြင်း၊ သတင်းကျင့်ဝတ်နှင့် မလျော်ညီစွာ ရေးသားဖော်ပြခြင်းတို့ကြောင့် သတင်းဌာနအမည်စာရင်းနှင့် မဇ္စိုမ၊ မြန်မာနောင်း၊ ခေတ်သစ် မီဒီယာတို့မှ အယ်ဒီတာချုပ် ၃ ဦး၏ အမည်စာရင်းအား ပြည်ထဲရေးအပါအဝင် ၎င်းတို့ဝန်ကြီးဌာနများသို့ပေးပို့၍ အရေးယူရေးလုပ်ဆောင်ခဲ့သည်ဟု ကြေညာခဲ့သည်။

မဇ္စိုမသတင်းဌာန အယ်ဒီတာဦးစိန်ဝင်းက “အာဏာသိမ်းပြီးကတည်းက မဇ္စိုမရဲ့သတင်းတွေကို ထုတ်ခွင့် မရအောင် စစ်ကောင်စီက လိုင်စင်ရုတ်သိမ်းတာ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတာ ဒါတွေက လုပ်ခဲ့ပြီးသားဆိုတော့ အခုလိုကြေညာတာ သိပ်ထူးခြားတယ်လို့ မမြင်ဘူး။ သူက နဂိုကတည်းက သတင်းစာ လွတ်လပ်ခွင့်နဲ့ သတင်းစာရဲ့တန်ဖိုးကို နားလည်တဲ့သူမှ မဟုတ်တာ။ အာဏာသိမ်းပြီး မတော်မတရားလုပ်တယ် လူမိုက်တို့သွားရာလမ်းကို တဆုံးလျှောက်တာပါပဲ” ဟု မှတ်ချက်ပြုပြောသည်။

ထိုသို့ စစ်ကောင်စီတပ်၏ အမျိုးမျိုးသောဖိနှိပ်မှုကြောင့် အရေးယူခံရသော မီဒီယာများအပါအဝင် လွတ်လပ်သည့် မီဒီယာများသည် အိမ်နီးချင်း ပြည်ပနိုင်ငံများနှင့် နယ်စပ်ဒေသများတွင် ခိုလှုံ၍ သတင်းလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေကြပြီး သတင်းထောက်များသည်လည်း စစ်ကောင်စီ စိုးမိုးမှုရှိသည့် နယ်မြေများအတွင်း သတင်းရယူရာတွင် စွန့်စားသွားလာနေရကြောင်း သတင်းမီဒီယာလုပ်ငန်းအသိုင်းအဝန်းက ပြောဆိုသည်။

အလားတူ စစ်အာဏာသိမ်းပြီးချိန်မှ ယနေ့အထိ စစ်ကောင်စီတပ်၏ ဖမ်းဆီးထိန်းသိမ်းထောင်ချခံရသူ သတင်းသမား စုစုပေါင်း ၂၀၀ ကျော်ရှိသည့်အနက် အချို့မှာ ပြန်လည်လွတ်မြောက်လာသော်လည်း သတင်းသမား ၅၀ ဦးမှာ လက်ရှိအချိန်ထိ အကျဥ်းထောင်အသီးသီးတွင် ထောင်ဒဏ်ကျခံနေရဆဲဖြစ်ကြောင်း IPCM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here