KIA နှင့်ဖြစ်ပွားသည့် ပြဿနာများကို တွေ့ဆုံညှိနှိုင်းဖြေရှင်းသွားမည်ဟု TNLA ပြောဆို

0
15
ပုံစာ - PSLF/TNLA အထွထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်

နယ်မြေအငြင်းပွားမှုဆိုင်ရာ ကိစ္စရပ်များကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA အပြင် မဟာမိတ်များနှင့် ကြားတွင် ဖြစ်ပေါ်လာသည့် ပွတ်တိုက်မှုများကို ပြေလည်မှုရရှိအောင် တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာသွားမည်ဟု ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အထွထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က ပြောသည်။

တအာင်းပြည်ထဲက စစ်ရေး၊ နိုင်ငံရေးအခြေအနေများ၊ မဟာမိတ်ဆက်ဆံရေးကြားက ပွတ်တိုက်မှု အခြေအနေ များနှင့် ပတ်သက်၍ TNLA က ဇွန်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်ထားသည့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA အထွေထွေအတွင်းရေးမှူးနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဗိုလ်ချုပ်တားဘုန်းကျော်က ထိုသို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ တအာင်းတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်နဲ့က ကျနော်တို့ ကြာရှည်စွာလက်တွဲလာတဲ့ မဟာမိတ်အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ ကျနော်တို့ မဟာမိတ်အဖွဲ့အစည်းတွေ ဖြစ်တဲ့အတိုင်း နှစ်ဖက် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေရှိတယ်။ ဗဟိုအဆင့်ရော အောက်ခြေအဆင့် အသီးသီးမှာ ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ အခုလက်တလောဖြစ်နေတဲ့ ကျနော်တို့ ရင်ဆိုင်ရတဲ့ ထိတွေ့မှု၊ ပွတ်တိုက်မှု တချို့တွေရှိပါတယ်။ အဲဒီအတွက်ကြောင့်လည်း ကျနော်တို့ နှစ်ဖက်အဖွဲ့အစည်း တွေ့ဆုံ ပြီးတော့မှ ဒီကိစ္စကို ဖြေရှင်းဖို့ ကျနော်တို့လည်း ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ နှစ်ဖက်အဖွဲ့အစည်းခေါင်းဆောင်တွေ အမြန်တွေ့ဆုံဆွေးနွေးညှိနှိုင်းကြမယ်” ဟု ၎င်းက ပြောသည်။

လက်ရှိဖြစ်ပွားနေသည့် ပြဿနာမှာ မဟာမိတ်များကြားဖြစ်ခဲ့သည့် ပဋိပက္ခသာဖြစ်သောကြောင့် နိုင်ငံရေးအရ ပြေလည်မှုများရရှိအောင် ဆောင်ရွက်သွားမည်ဆိုပါက မပြေလည်နိုင်စရာ အကြောင်းမရှိဟု PSLF/TNLA ဗိုလ်ချုပ်တားဘုန်းကျော်က ပြောသည်။

တဖက်တွင်လည်း KIA နှင့် TNLA မဟာမိတ်ခေါင်းဆောင်များ အချင်းချင်းတွေ့ဆုံညှိနှိုင်းရန် အကြိမ်ကြိမ် ချိန်းဆို ထားကြသော်လည်း အခြားအရေးကြီးကိစ္စများကို ဆောင်ရွက်နေရသည့်အတွက် လက်ရှိအချိန်အထိ တွေ့ဆုံ ဆွေးနွေးမှုများက ဖြစ်မလာသေးဟု PSLF/TNLA က ဆိုသည်။

ဗိုလ်ချုပ်တားဘုန်းကျော်က “မတွေ့ဖြစ်နိုင်ပေမဲ့လည်း ကျနော်ထင်တယ်။ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ ဆိုရင်တော့ ကျနော်တို့အောက်ခြေကို ပြဿနာတွေ ဒီထက်ကြီးထွားမသွားအောင် အကောင်းဆုံး ထိန်းထိန်း သိမ်းသိမ်းလုပ်ဖို့နော် ကျနော်တို့ရဲ့ ဒီအဖွဲ့အစည်းရဲ့ ရည်မှန်းချက်ဖြစ်တဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို ကျနော်တို့ အကောင်အထည်ဖော်ဖို့ လိုတယ်။ တစ်ဆက်တည်းမှာပဲ ကျနော်တို့ မဟာမိတ်နဲ့လည်း ဒီထက်ပိုပြီးတော့ ပြဿနာတွေ မကြီးထွားအောင် ဆောင်ရွက်ဖို့လည်း ကျနော်တို့ရဲ့ တပ်မှူးတွေတပ်ဖွဲ့တွေ ကျနော်တို့ရဲ့ အုပ်ချုပ် ရေးနဲ့ ဌာနဆိုင်ရာအဖွဲ့ အသီးသီးကိုလည်း ကျနော်တို့ အမြဲတစေ ကျနော်တို့လမ်းညွှန် ကျနော်တို့မှာကြားပါ တယ်” ဟု ပြောသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် “၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်း TNLA သည် KIA အပါအဝင် မဟာမိတ်အဖွဲ့ဝင်များ ဖြစ်သော ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ကိုးကန့်တပ်မတော် MNDAA တို့နှင့် နယ်မြေအငြင်းပွားမှုဆိုင်ရာ ကိစ္စရပ်များကြောင့် ဒေသတွင်း၌ မကြာခဏဆိုသလို ပွတ်တိုက်မှုများ ဖြစ်ပွားခဲ့သည်။

အဆိုပါ အခြေအနေနှင့် ပတ်သက်၍လည်း ဗိုလ်ချုပ်တားဘုန်းကျော်က “အောက်ခြေမှာတော့ အဲလိုမျိုး မလိုလားအပ်တဲ့ ပွတ်တိုက်မှုလေးတွေ နားလည်မှု လွဲတဲ့ဟာလေးတွေ နည်းနည်းပါးပါးတော့ ရှိပါတယ်။ ဒါပေမဲ့ ခုန ကျနော်ပြောသလိုပဲ ကျနော်တို့က မဟာမိတ်အဖွဲ့အစည်းတွေ ဖြစ်တယ်။ ဒါက မဟာမိတ်အတွင်းရှိတဲ့ ပဋိပက္ခပဲ ဖြစ်ပါတယ်။ အဲဒါကိုလည်း ကျနော်တို့ ခေါင်းဆောင်ထိပ်ပိုင်းမှာ ကျနော်တို့ အမြဲတမ်း တူတူနေတယ်။ တူတူအစည်းအဝေး လုပ်နေတဲ့ကိစ္စ ဖြစ်တဲ့အတွက်ကြောင့် အောက်ခြေကိုလည်း ကျနော်တို့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ မလိုအပ်တဲ့ ပြဿနာတွေ ထပ်မဖြစ်ဖို့ ကျနော်တို့ အမြဲတမ်း ညွှန်ကြားပါတယ်။ ဒါကြောင့်မို့ ဒီထက်ပို ပြီးတော့ ဘာမှလည်း စိုးရိမ်စရာမရှိဘူးလို့ ကျနော်ရှင်းလင်းချင်ပါတယ်” ဟု ပြောပါသည်။

TNLA သည် KIA နှင့် မန်တုံ၊ မိုးမိတ်၊ မဘိမ်း၊ ကွတ်ခိုင် အစရှိသော မြို့နယ်များတွင် နယ်မြေ အငြင်းပွားမှုဆိုင်ရာ ပြဿနာများ ရှိနေသည့်အပြင် နမ့်ခမ်းတွင် SSPP နှင့် အငြင်းပွားမှုများ ရှိခဲ့သည်။

အလားတူ MNDAA ကိုးကန့်တပ်ဖွဲ့နှင့်လည်း ကွတ်ခိုင်မြို့နယ်ထဲတွင် ပွတ်တိုက်မှုများ ဖြစ်ပွားခဲ့ပါသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here