ကရင်နီဒေသအချို့တွင် ဆေးဝါးလိုအပ်ချက်နှင့် ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲကြုံနေကြရ

0
15

ကရင်နီ (ကယား) ပြည်ရှိ ဝေးလံခေါင်ဖျားဒေသများတွင် မိုးရာသီကာလရောက်ရှိလာပြီဖြစ်တာကြောင့် ဆေးဝါးလိုအပ်ချက်များနှင့် ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲများ ကြုံနေကြရသည်ဟု ဒေသခံများနှင့် ကျန်းမာရေးစောင့်ရှောက်ပေးသူများက ပြောသည်။

ကရင်နီပြည်ဝေးလံခေါင်းဖျားဒေသဖြစ်သည့် ဖရူဆိုအနောက်ဘက် ထူးချောင်းဒေသ၌ စစ်ရှောင်ရင်း ကျန်းမာရေးစေတနာ့ဝန်ထမ်း လုပ်ကိုင်နေသော CDM သူနာပြုဆရာမတစ်ဦးက ယခုနှစ် မိုးရာသီကာလတွင် သူမ ကြုံတွေ့နေရသော အခြေအနေများနှင့်ပတ်သက်၍ ယခုကဲ့သို့ ပြောပါသည်။

“မိုးတွင်းကာလရောက်ရင် ဒီဘက်ကြုံတွေ့ရတဲ့ အဓိကအခက်အခဲက လမ်းပန်းဆက်သွယ်ရေးပဲ။ ပြီးတော့ လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် ဆေးဝါးထောက်ပံ့မှုက ပိုခက်ခဲလာတယ်” ဟု ၎င်းက ပြောသည်။

ကျေးရွာချင်း ဆက်သွယ်ထားသည့်လမ်းများမှာ မြေသားလမ်းများသာဖြစ်ပြီး ကျန်းမာရေး စောင့်ရှောက်မှုပေးရန် သွားရောက်ကွင်းဆင်းရာတွင် လမ်းလျှောက်ကွင်းဆင်းရသည့်အတွက် ခက်ခဲပင်ပန်းမှုများစွာ ကြုံတွေ့နေရသည်ဟု ၎င်းက ဆက်ပြောသည်။

လမ်းပန်းဆက်သွယ်ရေးအပြင် ကျေးရွာလူထုများအတွက် လိုအပ်သည့် အခြေခံဆေးဝါးများမှာလည်း ရရှိရန် အလွန်ခက်ခဲနေကြောင်း အဆိုပါ CDM သူနာပြုဆရာမက ပြောဆိုသည်။

“အခု ရရှိထားတဲ့ ဆေးဝါးအနည်းငယ်နဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေရတဲ့ အခြေအနေက လုံးဝအဆင် မပြေဘူး” ဟု ၎င်းက ဆိုသည်။

ဖရူဆိုအရှေ့ဘက်ခြမ်းရှိ စစ်ရှောင်အမျိုးသမီးငယ်တစ်ဦးကလည်း “ညီမနေတဲ့ဘက်မှာတော့ပေါ့နော် ကျန်းမာရေး ဝန်ထမ်းတော့ ရှိတယ်။ ဆေးဝါးကတော့ လုံလောက်တယ် ဆိုတာထက် မရနိုင်တဲ့ ဆေးဝါးတွေလည်း ရှိတယ်။ ဆေးဝါးအစုံအလင် ရှိတာမျိုးတော့ မဟုတ်ဘူးပေါ့နော်” ဟု ပြောသည်။

ထို့အတူ ကရင်နီပြည်သူ လူဦးရေထက်ဝက်ခန့် စစ်ရှောင်နေကြရသည့် ဒီးမော့ဆို အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းများရှိ ကျောင်းများတွင်လည်း အခြေခံဆေးဝါးနှင့် ကျောင်းကျန်းမာရေး အသိပညာပေးခြင်းကိစ္စရပ်များ စသည့် လိုအပ်ချက်များ ရှိနေသည်ဟု စစ်ရှောင် CDM ကျောင်းဆရာတစ်ဦးက ပြောသည်။

“အဓိကကတော့ ဆယ်ကျော်သက်အရွယ် သံဓာတ်အားဆေးနဲ့ ယူရစ်အက်ဆစ်တွေ လိုအပ်တယ်။ ကျောင်းကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ဟောပြောပွဲလေးတွေ အဲ့ဒီအပိုင်းမှာလည်း လိုအပ်နေတယ်။ စစ်ရှောင်စခန်းတွေမှာတော့ အဓိက က ဆေးဝါးပဲလိုတယ်” ဟု အဆိုပါ စစ်ရှောင် CDM ကျောင်းဆရာက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်တွင် ဖြစ်ပွားလာသည့် စစ်ရေးပဋိပက္ခများကြောင့် ဒေသခံများမှာ စစ်ဘေးလွတ်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နေထိုင်စားသောက်ရေးအတွက်သာမက ပညာရေးအခွင့်အလမ်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိရေးတွင် အခက်အခဲများ ကြုံနေကြသည်။

လက်ရှိမိုးတွင်းကာလတွင် သွားရေးလာရေး ပိုမိုခက်ခဲ့လာသည့်အပြင် ဝမ်းပျက်ဝမ်းလျှော၊ ငှက်ဖျား၊ ရာသီတုတ်ကွေး အစရှိသည့်ရောဂါများ အဖြစ်များလာနေသည့်အတွက် ဆေးဝါးလိုအပ်ချက်များ အဓိကဖြစ်နေသည်ဟု ဒေသခံများနှင့် ကျန်းမာရေးစောင့်ရှောက်ပေးသူ ဝန်ထမ်းများက ပြောဆိုသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here