လိင်အမြတ်ထုတ်မှုဖြင့်စွပ်စွဲခံထားရသည့် NUG အရာရှိအား အမြန်ဆုံးအရေးယူရန် NUG ကိုတောင်းဆို

0
16
ပုံစာ - ဆလိုင်းအိုက်ဇက်ခင် (Photo - Salai Isaac Khen Facebook)

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ အိန္ဒိယ – မြန်မာ ကိုယ်စားလှယ်ဖြစ်ခဲ့သူ ဆလိုင်းအိုက်ဇက်ခင်က လက်အောက်ဝန်ထမ်းအမျိုးသမီးအား လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုကို အမြန်ဆုံး အရေးယူပေးရန် အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများက NUG ကို တောင်းဆိုလိုက်သည်။

အမျိုးသမီးများ၏ ဘဝလုံခြုံရေးကို ခြိမ်းခြောက်နေသည့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်သော ဖြစ်စဉ်များကို အပြစ်ပေးအရေးယူမှု မလုပ်ဆောင်ဘဲ ကင်းလွတ်ခွင့်ပေးနေမည်ဆိုပါက ကောင်းမွန်သည့် လူ့မှု့အသိုင်းအဝိုင်း တရပ်ကို တည်ဆောက်နိုင်မည် မဟုတ်ဟု အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများက ပြောသည်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB အတွင်းရေးမှူး နာင်းမို့မို့က “စစ်တပ်ကို တော်လှန်နေရင်းနဲ့ တော်လှန်နေတဲ့ ဒီအဖွဲ့အစည်းတွေကိုယ်တိုင်က အဲလိုလုပ်နေတယ်ဆိုရင်တော့ ကျမတို့ တကယ်မျှော်မှန်းတဲ့ လူ့ဘောင်သစ်တရပ်ပေါ့နော်၊ တကယ့်ကို ငြိမ်းချမ်းပြီးတော့ တရားမျှတတဲ့ လူ့ဘောင်တစ်ခုကို မဖော်ဆောင်နိုင် မှာကိုတော့ ကျမတို့ စိုးရိမ်တယ်” ဟု ဆိုသည်။

ဆက်လက်ပြီး WLB အတွင်းရေးမှူး နာင်းမို့မို့က “ပြီးရင် ဒီလိုပဲသွားနေမယ်ဆိုရင် သေချာတယ်ပေါ့နော်၊ ပြစ်ဒဏ် ပေးခြင်းက နေပြီးတော့မှ ကင်းလွတ်ခွင့်ပေးမယ်ဆိုရင်တော့ အမျိုးသမီးတွေရဲ့ဘဝတွေက မလုံခြုံနေဘူးဆိုရင် ငြိမ်းချမ်းပြီး တရားမျှတတဲ့ လူ့ဘောင်အဖွဲ့အစည်းတွေလည်း ပေါ်လာမှာ မဟုတ်ဘူးပေါ့” ဟု ပြောသည်။

အမျိုးသား ညီညွတ်ရေးအစိုးရ NUG ၏ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အိန္ဒိယကိုယ်စားလှယ်ရုံး ကိုယ်စားလှယ်မှ လက်အောက်ဝန်ထမ်းအမျိုးသမီးအား လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခဲ့သည်ဟု အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများမှ ကျယ်ကျယ်ပြန့်ပြန့် ထောက်ပြပြောဆိုခဲ့ပြီးနောက်ပိုင်း ဌာနတွင်း စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်လျက်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၂၅ ရက်နေ့တွင် ပြန်လည်အသိပေး ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်နှင့် ပတ်သက်၍ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများမှ ကြိုဆိုလိုက်ပြီး NUG အနေဖြင့် အပြောဖြင့်မဟုတ်ဘဲ လက်တွေ့ အရေးယူဆောင်ရွက်ရန် လိုအပ်သည်ဟု အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ မမီးငယ်က ပြောသည်။

“ လူပြလို့ကောင်းအောင်ပဲ ဘယ်မူရှိတယ် ဘာမူရှိတယ် ဒီဟာက သိပ်ပြီးတော့ အကျိုးမရှိဘူးပေါ့နော်။ အဲ့ဒါထက် ရှိတဲ့မူတွေကို ကျမတို့ တစ်ကယ်လိုက်နာကျင့်သုံးဖို့လိုတယ်၊ မဟုတ်ဘူးဆိုရင် ဒီဟာတွေက ကျမတို့ အချင်းချင်း ကြားမှာ ယုံကြည်မှုတွေ လျှော့နည်းစေတယ်။ အချင်းချင်းကြားမှာ အဆင်မပြေမှုတွေ ပိုမိုပြီးမှ ကျမတို့ကြားမှာ အအက်အကွဲကြောင်းတွေ ပိုမိုပြီးများစေတယ်” ဟု မမီးငယ်က ပြောသည်။

ထို့အပြင် နစ်နာသူအတွက် အမှန်တရားရရှိရန် သက်ဆိုင်သော အဖွဲ့အစည်းများ အနေဖြင့် ပွင့်ပွင့်လင်းလင်း မှန်မှန်ကန်ကန် ဆောင်ရွက်သွားရန် လိုအပ်သည်ဟု မမီးငယ်က ဆက်ပြောသည်။

“ အာဏာရှိတဲ့သူတွေက သူတို့ရဲ့အာဏာကို အလွဲသုံးစားလုပ်ပြီးမှ အားနည်းတဲ့သူတွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ တွေ့ရတယ်ပေါ့နော်။ အဲ့တော့ မီဒီယာသော်လည်းကောင်း၊ ဝန်ကြီးဌာနတွေသော်လည်း ကောင်း မှန်မှန်ကန်ကန် ရပ်ဖို့လိုတယ်။ ဒါမှမဟုတ်ရင် ကျမတို့ရဲ့ တော်လှန်ရေးအတွက်ကို အင်မတန် နစ်နာစေ တဲ့အရာ ဖြစ်သွားနိုင်တယ်။ အဲဒါကြောင့် အခုအမှုသော်လည်းကောင်း တခြားအမှုတွေကိုလည်း တကယ် ပွင့်လင်းမြင်သာစွာနဲ့ မှန်မှန်ကန်ကန် အမှန်တရားဘက်ကို ရပ်ရဲဖို့လိုတယ်” ဟု ၎င်းက ဆိုသည်။

ဆလိုင်းအိုက်ဇက်ခင်၏ လိင်အမြတ်ထုတ်သည့်အမှု အဖြစ်မှန်ပေါ်ပေါက်ရေးနှင့် တရားမျှတမှုရရှိသည်အထိ ဆက်လက်တွန်းအားပေး လုပ်ဆောင်သွားမည်ဟု အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများက ပြောဆိုသည်။

ကျူးလွန်ခံရသူအမျိုးသမီးသည် NUG ၏ အိန္ဒိယနိုင်ငံ မြန်မာကိုယ်စားလှယ်ရုံးတွင် ရုံးအတွင်းရေးမှူးအဖြစ် ၂၀၂၃ ဧပြီလမှ စတင် ခန့်အပ်ခံရပြီးနောက် (၁၀) လ တာဝန်ထမ်းဆောင်ခဲ့သည်ဟု ဆိုပါသည်။

ထိုသို့ တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း အထက်လူကြီးဖြစ်သူ ဆလိုင်းအိုင်းဇက်ခင်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် အမြတ်ထုတ်မှုလုပ်ခဲ့သည့်အတွက် အရေးယူဆောင်ရွက်ပေးရန် NUG နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

တဖက်တွင်လည်း ဇွန်လ ၂၅ ရက်နေ့တွင် ဆလိုင်းအိုက်ဇက်ခင်က Mizzima သတင်းဌာနနှင့် အင်တာဗျုးတွင် ထိုစွပ်စွဲချက်နှင့်ပတ်သက်၍ ပြန်လည်ဖြေကြားရာတွင် ကွဲလွဲမှုများရှိနေသည်ကို တွေ့ရသည်။

လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့သည်ဆိုသော စွပ်စွဲချက်မှာ မှန်ကန်မှုမရှိကြောင်းနှင့် မိမိ၏ လက်အောက်ဝန်ထမ်းများအား မိသားစုကဲ့သို့သာ ဆက်ဆံခဲ့သည်ဟု ဖြေကြားပြောဆိုခဲ့သည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here