ပျားတောင်ဒေသတွင် စစ်ကောင်စီတပ်ကအင်အားဖြည့်တင်းလာလို့ စစ်ရေးအရှိန်မြင့်လာမည်ကို စိုးရိမ်နေ

0
10
Photo - CJ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပျားတောင်ဒေသတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်မှ စစ်ကား ၂ စီးဖြင့် အင်အားဖြည့်တင်းထားပြီး တရနာရွာမှ အလှပ်ကုန်းရွာအထိ စခန်းချထားလျက်ရှိတာကြောင့် စစ်ရေးအရှိန် မြင့်လာမည်ကို ဒေသခံတို့ စိုးရိမ်မှု ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့တွင် ပျားတောင်ဒေသ ကော့ဒွန်း၊ ကော့ပနော ရွာတို့ကို စစ်ကောင်စီတပ်က စစ်လေယာဉ်ဖြင့် ၆ ကြိမ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ဒေသခံတို့၏ နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

ကော့ဒွန်း၊ ကော့ပနော ရွာတို့တွင် လက်ရှိ၌ တိုက်ပွဲမဖြစ်ပွားသော်လည်း မိုလေးကင်းလွတ်ချိန်တွင် နှစ်ဖက်တပ် အကြား တိုက်ပွဲပြင်းထန်လာနိုင်သည်ဟု ဒေသခံတစ်ဦးက အခုလိုသုံးသပ်ပြောဆိုသည်။

“ပျားတောင်ဒေကတော့ အခြေအနေ တင်းမာနေတယ်။ စစ်တပ်အဖွဲ့ကလည်း စစ်အင်အားတွေ ချဲ့ထားတယ်။ တော်လှန်ရေးအဖွဲ့တွေဘက်ကလည်း အင်အားတွေ များလာမယ်။ ဒီမိုးတွင်းပိုင်းမှာတော့ မပြင်းထန်သေးပေမဲ့ လာမယ့် ဝါကျွတ်ချိန်ဆို အရင်ပြီးခဲ့တဲ့ မေလ၊ ဧပြီလတွေထက်ကို တိုက်ပွဲပြင်းထန်နိုင်မယ်” အဆိုပါဒေသခံက ပြောသည်။

ယင်းအပြင် ကော့ဒွန်း၊ ကော့ပနော၊ ကော့ဝမ်း၊ ဝါငဲ့၊ ကွမ်ငန်း၊ မယ်ဂရိုနှင့် ကတုံစိ စသည့် ကျေးရွာတို့တွင်လည်း စစ်ရေးအရှိန် မြင့်လာနိုင်သည်ဟု ဒေသခံတို့က ဆိုသည်။

လက်ရှိတွင်လည်း ထိုဒေသရှိ ၉ တန်း ၁၀ တန်း ဒေသခံကျောင်းသားမိဘများက မိမိတို့ကလေးများ ပညာရေး အတွက် မြို့ပေါ်ကို ပြောင်းကုန်ကြကြောင်းနှင့် အလားတူ ကော့ဒွန်း၊ ကော့ပနောရွာမှ ဒေသခံရွာသား တစ်ဝက်ကျော်တို့သည်လည်း ရွာမှ ရွေ့ပြောင်းနေထိုင်ကြသည်ဟု ဒေသခံတို့က ပြောဆိုသည်။

ထို့အပြင် စစ်ကောင်တပ်မှဖြစ်စေ တော်လှန်ရေးပူးပေါင်းအဖွဲ့တို့မှဖြစ်စေ တိုက်ပွဲဖော်ဆောင်ရာတွင် ဘုန်းကြီးကျောင်နှင့် စာသင်ကျောင်းများကို ရှောင်ရှားရန်လည်း ဒေသခံတချို့က တောင်းခံပြောဆိုကြသည်။

ဒေသခံတစ်ဦးက “စစ်ပွဲက ကျနော်တို့မှ တားလို့မရတာ၊ ကျနော်တို့ရဲ့ နိုင်ငံရေးအခြေအနေနဲ့ပတ်သတ်ပြီး အမြင်အရဖြစ်ဖြစ် နိုင်ငံရေးအရဖြစ်ဖြစ် လူမျိုးအမြင်ဝါဒဖြစ်ဖြစ်ပြောရရင် ဘုန်းကြီးကျောင်းတို့၊ ဘာသာရေး နေရာတို့၊ စာသင်ကျောင်းတွေကို ရှောင်ရှားပေးဖို့၊ နောက်တစ်ခုက ဒေသခံတစ်ဦးအနေနဲ့ရော ပြည်သူတစ်ဦး အနေနဲ့ရော တောင်းခံချင်တာက တော်လှန်ရေးအဖွဲ့အားလုံးနဲ့ စစ်ကောင်စီအဖွဲ့တွေကို တောင်းဆိုချင်တာက တိုက်ပွဲ မဆင်နွှဲကြဖို့ပါ၊ ဘာလို့ဆို ကလေးတွေအတွက် အန္တရာယ်ရှိလို့ တောင်းဆိုချင်တာပါ” ဟု ပြောသည်။

လက်ရှိမိုးရာသီအတွင်း ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု များပြားလျှက်ရှိပြီး ပညားပေးရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့ အားနည်းနေခြင်းကြောင့် လူမှုအဖွဲ့အစည်းတို့မှ တနည်းတဖုံ ကူညီကြရန်လည်း ဒေသခံတို့က တောင်းဆိုထားသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here