ရေးမြို့ပေါ်တွင် ဧည့်စာရင်းစစ်ဆေးမှု ထပ်မံတင်းကြပ်လာ

0
9

မွန်ပြည်နယ်၊ ရေးမြို့တွင် ဧည့်စာရင်းစစ်ဆေးမှု ထပ်မံတင်းကြပ်နေပြီး ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှစ၍ ရေးမြို့ပေါ် ရပ်ကွက်အချို့တွင် တစ်အိမ်တက်ဆင်း လူဦးရေစာရင်းနှင့်တကွ လာရောက်စစ်ဆေးနေခြင်းကြောင့် ဒေသခံများကြား စိုးရိမ်လျှက်ရှိသည်ဟု ဆိုသည်။

ရေးမြို့ခံတစ်ဦးက “လာစစ်တဲ့အချိန်မှာ အုပ်ကြီးမပါဘူး။ သူတို့ဟာ (စစ်ကောင်စီအဖွဲ့) သူတို့ဝင်စစ်တာ။ အဲ့တော့ ဧည့်စာရင်းလာတိုင်တဲ့လူလည်း များသွားတာပေါ့၊ မြို့ပေါ်က တစ်မြို့လုံးပဲ ဧည့်စာရင်းသွားတိုင်ကြတယ်။ ကြောက်လို့လေ၊ အောင်မင်္ဂလာရပ်ကွက်ဆိုရင် အယောက် ၅၀ လောက်ရှိတယ် သွားတိုင်ကြတာ” ဟု ပြောသည်။

အထူးသဖြင့် ရေးမြို့ပေါ်ရှိ သီရိနန္ဒာရပ်ကွက်နှင့် အဏ္ဏဝါရပ်ကွက်တို့တွင် ညစဉ်နီးပါးလာရောက် စစ်ဆေးလျှက် ရှိပြီး ဧည့်စာရင်းမတိုင်ထားသည့် သူကိုလည်း ဖမ်ဆီးခေါ်ဆောင်သွားမှုများ ရှိသည်ဟု ရေးမြို့ခံများက ပြောသည်။

လက်ရှိတွင် ရေးမြို့အုပ်ချုပ်ရေးမှူးရုံး၌ ဧည့်စာရင်းလာရောက်တိုင်ကြားသူ များလျှက်ရှိပြီး တစ်ဦးလျှင် ငွေကျပ်သောင်းဂဏန်းအထိ ကောက်ခံနေသည်ဟုလည်း ရေးမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“ဧည့်စာရင်းက အရင်ကဆို သတင်းထူးမှ လာစစ်တယ်။ အခုမှ ရောက်လာတဲ့လူတွေ ဧည့်စာရင်းမတိုင်ထားရင် သူတို့လာစစ်တဲ့ အချိန်နဲ့ မိသွားရင် အပြစ်ဖြစ်မှာပေါ့။ ရပ်ကွက်တိုင်းကို စစ်ဆေးတာ မဟုတ်ဘူး။ သူတို့ မသင်္ကာတဲ့ နေရာတွေမှာ စစ်တယ်။ ပိုက်ဆံကောက်ခံတာတွေလည်း ရှိတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့တွင် စစ်ကောင်စီအဖွဲ့မှ ဝင်ရောက်စစ်ဆေးရာတွင် ဧည့်စာရင်း မတိုင်ကြား ထားသည်ဟုဆိုကာ အဆိုပါ သိရိနန္ဒာရပ်ကွက်နှင့် အဏ္ဏဝါရပ်ကွက်မှ ဒေသခံ ၂၀ နီးပါး ဖမ်းဆီးခေါ်သွားသည်ဟု ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။

ဖမ်းဆီးဆောင်သွားသူများထဲမှ ဒဏ်ငွေပေးဆောင်သူများကို ပြန်လည်လွှတ်ပေးပြီး တချို့ကို ထိန်းသိမ်းထားဆဲ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ရေးမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုများ ပုန်းခိုခြင်း မရှိစေရန် ဧည့်စာရင်းစစ်ဆေးမှု ဆက်တိုက် လုပ်ဆောင်လာသည့်အပြင် ငွေညှစ်တောင်းခံမှုများ ရှိနေသည်ဟု သိရသည်။

ဧည့်စာရင်းတိုင်ကြားသည့်စနစ်ကို ယခင်အရပ်သားအစိုးရလက်ထက်က ဖျက်သိမ်းခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက် ပြန်လည်ကျင့်သုံးလာခြင်း ဖြစ်သည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here