“သူတို့နိုင်ပါတယ်ဆိုပြီး ရလဒ်ထွက်ဖို့အတွက် သူတို့ဘာသာစီစဉ်နေပြီး ကြံဖန်လုပ်ရင်တော့ ဖြစ်သွားမှာပေါ့။ ဒါပေမဲ့ တစ်ခုပဲ ဒီရွေးကောက်ပွဲက ပြည်သူလူထုပါဝင်မှု အားကောင်းတဲ့၊ တရားမျှတတဲ့၊ ပွင့်လင်းမြင်သာပြီး နိုင်ငံတကာကလည်း အသိအမှတ်ပြုတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်လို့တော့ အာမမခံဘူးပေါ့” ဒေါက်တာ စိုင်းကြည်ဇင်စိုး (နိုင်ငံရေးလေ့လာသုံးသပ်သူ)

0
21
ပုံစာ - ဒေါက်တာစိုင်းကြည်ဇင်စိုး

၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ တကယ်ဖြစ်လာနိုင်လားဆိုသည်နှင့် ပတ်သက်ပြီး မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးနှင့် ဆက်သွယ်မေးမြန်းချက်။

တိုင်းရင်းသားဒေသများတွင် စစ်ရှုံးနေသည့် အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က လာမည့် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပမည်ဟု ထုတ်ပြောလာပါသည်။ ၎င်းပြောဆို သည့် ၂၀၂၅ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူများအကြား အမျိုးမျိုးပြောဆို ဝေဖန်မှုများလည်း ရှိနေသည်။

စစ်ခေါင်းဆောင်ပြောဆိုသည့် ရွေးကောက်ပွဲက တကယ်ပဲ ဖြစ်လာနိုင်ပါလား။ ရွေးကောက်ပွဲ ကျင်းပရသည့် တကယ့်အကြောင်းရင်းက ဘာတွေဖြစ်နိုင်လဲ။ နိုင်ငံရေးထွက်ပေါက် တစ်ခုအနေနှင့် အသုံးချလာနိုင်သည်ဟု ယုံကြည်ရသော အဆိုပါရွေးကောက်ပွဲ ပြုလုပ်မည့်အပေါ် ပြည်သူများနှင့် နိုင်ငံတကာက ဘယ်လိုတုံ့ပြန်နိုင်ပါလဲ။ ထိုအခြေအနေများနှင့် ပတ်သက်ပြီး မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပမယ့်လို့ စစ်ခေါင်းဆောင်က ထုတ်ပြောလာတာရှိပါတယ်၊ အဲဒီအပေါ်မှာ ဒေါက်တာရဲ့အမြင်ကို သုံးသပ်ပေးပါဦး။

ဖြေ။ ။ အဲဒါကတော့ မဆန်းတော့ပါဘူး။ အာဏာသိမ်းပြီးကတည်းက ခြောက်လအကြာမှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုပြီးတော့ပဲ သူက သက်တမ်းတောက်လျှောက် တိုးလာတာဆိုတော့ အခုဇူလိုင်လကုန်ရင် သူသက်တမ်း ကုန်မှာဆိုတော့ အဲဒါကိုပဲ အကြောင်းပြတယ် ထင်ပါတယ်။

မေး။ ။ လက်ရှိ နိုင်ငံအနှံ့တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ ဒီလိုမျိုး ရွေးကောက်ပွဲလုပ်မယ်လို့ ပြောတာက ဖြစ်နိုင်ပါလား။ အဲဒီအခြေအနေလေးကို သုံးသပ်ပေးပါဦး။

ဖြေ။ ။ ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုရင်တော့ ဖြစ်တယ်ပေါ့နော်။ နာဂစ်အတွေ့အကြုံ ရှိတာပေါ့။ နာဂစ်ဖြစ်ပြီး လူတွေသေနေတဲ့ အချိန်မှာပဲ ဆန္ဒခံယူပွဲလုပ်ပြီးတော့ ၂၀၀၈ ဥပဒေကိုလုပ်တာ ဖြစ်ဖူးတယ်။ အခုလည်းပဲ အဲဒီလို ရွေးကောက်ပွဲဖြစ်တယ်။

သူတို့နိုင်ပါတယ်ဆိုပြီး ရလဒ်ထွက်ဖို့အတွက် သူတို့ဘာသာစီစဉ်နေပြီး ကြံဖန်လုပ်ရင်တော့ ဖြစ်သွားမှာပေါ့။ ဒါပေမဲ့ တစ်ခုပဲ ဒီရွေးကောက်ပွဲက ပြည်သူလူထုပါဝင်မှု အားကောင်းတဲ့၊ တရားမျှတတဲ့၊ ပွင့်လင်းမြင်သာပြီး နိုင်ငံတကာကလည်း အသိအမှတ်ပြုတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်လို့တော့ အာမမခံဘူးပေါ့။

မေး။ ။ နယ်မြေသတ်မှတ်မှုအရဆိုရင် နိုင်ငံရဲ့နယ်မြေ ဘယ်လောက်ရာခိုင်နှုန်းပါဝင်မှ ရွေးကောက်ပွဲက ဖြစ်လာနိုင်မယ်ဆိုတော့ အဲဒီအခြေအနေနဲ့ ပတ်သက်လို့ရော ဒေါက်တာအမြင်က ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ဖြစ်လာနိုင်လားဆိုတော့ အခုလောလောဆယ်ကတော့ ရွေးကောက်ပွဲဆိုတဲ့ဟာက ခုနကပြောသလို သူတို့ရဲ့သက်တမ်းတောက်လျှောက် တိုးလာတယ်။ တကယ် ရွေးကောက်ပွဲလုပ်ရင်တော့ ခုနကပြောသလို သူတို့ smart card တွေ၊ သန်းခေါင်စာရင်း ကောက်ဖြစ်တဲ့ဟာတွေ လုပ်တယ်။ ပြီးသွားရင် မဲဆန္ဒနယ်တွေခွဲတယ်။

မဲဆန္ဒရှင်အရေအတွက် သတ်မှတ်ပြီးတော့ ဘယ်လောက်ပါဝင်မှု ရှိသလဲ။ ပြည်တွင်း၊ ပြည်ပ ထောက်ခံမှု ဘယ်လောက် ပါမလဲ။ နိုင်ငံတကာရဲ့ အသိအမှတ်ပြု ဘယ်လောက်ရမလဲ ဆိုတဲ့ဟာက မေးခွန်းအကြီးကြီး ဖြစ်နေတယ်။ လက်ရှိအနေအထားမှာ နေရာပေါင်းစုံက တိုက်ပွဲတွေ ပြင်းထန်နေတဲ့အချိန်မှာ အဲဒီလိုမျိုး အားလုံး လက်ခံနိုင်တဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်နိုင်ဖို့အတွက်တော့ အင်မတန်ခက်တယ်။

မေး။ ။ စစ်ခေါင်းဆောင်ပြောတဲ့ ရွေးကောက်ပွဲဆိုတာ ဆင်ခြေတစ်ခုပဲလား။ အာဏာ ဆက်လက်သက်တမ်းတိုးဖို့ လေသံပစ်တဲ့ပုံစံပဲလား။ ဒေါက်တာရဲ့သုံးသပ်ချက်ကရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ဒီခေါင်းစဉ်အောက်မှာ ဖြစ်နိုင်ခြေသုံးခု ရှိတယ်။ ခုနက ပြောသလို အာဏာသိမ်းလိုက်ပြီး အာဏာထိန်း ဖို့အတွက် သူတို့ရဲ့အကြောင်းပြချက်က ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တဲ့အတွက် သူ ရွေးကောက်ပွဲ ထပ်ပြုလုပ်ဖို့အတွက် လိုအပ်နေပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သိမ်းလိုက်တယ်။ သိမ်းသွားတဲ့အချိန်မှာ ခြောက်လအတွင်းကနေ အခုသုံးနှစ်ကျော်လာပြီ။ အဲဒီလို အနေအထားမျိုးရှိနေတော့ လုပ်မယ်လို့ ပြောတဲ့အတိုင်း လုပ်ဖို့လိုအပ်တယ်။ အာဏာသိမ်းမယ်ဆိုတဲ့ အကြောင်းပြချက်က ၂၀၀၈ ဥပဒေ အပါအဝင် ဒီဟာလုပ်လို့ရမယ်လို့ သူတို့ဘာသာယူဆပြီးတော့ လုပ်နေကြတဲ့လုပ်ငန်းစဉ်လည်း ဖြစ်တယ်။ ဒီဟာက သူတို့ခေါင်းစဉ်အောက်က သူတို့ သုံးတဲ့ဟာ ဖြစ်တယ်။

နောက်တစ်ခုက ဒီလိုမျိုးလုပ်ခြင်းအားဖြင့် သူတို့ရွေးကောက်ပွဲ ခေါင်းစဉ်အောက်က ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်ခဲ့တဲ့ အချိန်မှာ သူပါမယ်၊ မပါဘူးဆိုတဲ့ စဉ်းစားကြတဲ့အခါမှာ လမ်းကြောင်းတွေကွဲသွားပြီး အရင်တုန်းက တစ်စုတစ်ဖွဲ့ တည်း ရှိတဲ့သူတွေ အုပ်စုအစုစု ကွဲသွားတာမျိုးလည်း ဖြစ်ဖူးတယ်။ အခုလည်း ရွေးကောက်ပွဲဆိုတဲ့ ခေါင်းစဉ် အောက်က ဒီမိုကရေစီလမ်းကြောင်း ပြောင်းလဲမှုကို ဖော်ဆောင်လိုတယ်ဆိုပြီး အပျော့သမား အုပ်စုတွေ ပေါ်လာ ပြီးတော့ ဒီဘက်က Hard Liner နဲ့ Soft Liner တွေ ကြားထဲမှာ ပဋိပက္ခဖြစ်ပွားအောင် စုပေါင်းအားတွေ ဖရိုဖရဲ ဖြစ်အောင် ဒီခေါင်းစဉ်ကိုသုံးတယ်ဆိုတဲ့ ယူဆချက်လည်း ရှိပါတယ်။ ၂၀၁၀ ကလည်း ဖြစ်ခဲ့ဖူးတယ်။

မြန်မာနိုင်ငံမှာ အကြီးဆုံး လူထုထောက်ခံမှု အများဆုံးဟာကလည်း အစုအဖွဲ့တွေနဲ့ မဟာမိတ်စုဖွဲ့မှုမှာ ရွေးကောက်ပွဲ ဝင်မယ်၊မဝင်ဘူး သဘောထား ရပ်တည်ချက်တွေကြောင့် သဘောကွဲလွဲတာမျိုး နာကျင်စရာမျိုး ဖြစ်ခဲ့တယ်။ အဲဒီလို သာဓကတွေရှိခဲ့တော့ ဒီရွေးကောက်ပွဲဆိုတဲ့ ခေါင်းစဉ်ကိုသုံးပြီးတော့ အခုလက်ရှိ သူ့ကို ဝိုင်းတော်လှန်နေတဲ့ အုပ်စုကြားထဲမှာ Soft Liner၊ Hard Liner ကွဲသွားအောင် လုပ်လိုတဲ့ဆန္ဒလည်း ရှိတယ်လို့ ယူဆရတယ်။

တတိယတခုကတော့ ၂၀၁၀ ၊၂၀၁၂ အထူးသဖြင့် ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာပြီးတဲ့အချိန်မှာ တစ်ကမ္ဘာလုံးက ဒီမိုကရေစီ ကူးပြောင်းပြီလို့ ယုံသွားတဲ့အထိ ပြောင်းလဲမှုဖြစ်ခဲ့တယ်။ နောက်တစ်ခုက လက်ရှိ အခြေအနေမှာ ဖိအားတွေများတဲ့အတွက် ဒါမှမဟုတ် ပြည်တွင်းပဋိပက္ခတွေမှာ အထိနာနေကြပြီး ပင်ပန်းနေကြပြီ ဖြစ်တဲ့ ပြည်သူလူထုအနေနဲ့ ဒီလိုမျိုး ရွေးကောက်ပွဲဆိုတဲ့ ခေါင်းစဉ်အောက်ကနေ တကယ် ပြောင်းလဲမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဖြစ်နိုင်စရာရှိတယ်လို့ သူတို့ယူဆထားတာလည်းပါမယ်။

၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲ အဲဒီဟာတွေမှာ နိုင်ငံတကာရဲ့ ဆက်ဆံမှုပုံစံ ပြောင်းသွားပြီး Engagement (ချိတ်ဆက်ဆက်ဆံရေး) တွေ Development (တိုးတက်မှု) တွေ ပိုပြီး တိုးတက်ခဲ့တယ်ဆိုတဲ့ သာဓကတွေ ရှိထားခဲ့ဖူးတယ်။ ဘာကိုရည်ရွယ်ပြီး သူတို့လုပ်နေကြသလဲ ဆိုတာတော့ အတိအကျ ပြောလို့မရဘူး။ သူတို့ပဲ သိမှာပေါ့။ ဒါပေမဲ့ ဖြစ်နိုင်ချေ အဲဒီသုံးခု ရှိပါတယ်။

မေး။ ။ ရွေးကောက်ပွဲလုပ်ဖြစ်ရင်ရော တကယ်ပဲစစ်ကောင်စီရဲ့ ထွက်ပေါက်တစ်ခု ဖြစ်လာနိုင်လား။

ဖြေ။ ။ အခုလက်ရှိ မြန်မာနိုင်ငံကို နိုင်ငံတကာဖိအားပေးပြီးတော့ မြန်မာနိုင်ငံအရေးကို ဖြေရှင်းဖို့အတွက် စဉ်းစားမှုမှာ ဒီမိုကရက်တစ် အဖွဲ့အစည်းတွေပါဝင်တဲ့ ညှိနိူင်းဆွေးနွေးကြဖို့ ဒီမိုကရေစီနည်းလမ်းအရ အဖြေရှာဖို့ ဆိုတဲ့ဟာက အမေရိကန်အပါအဝင် မြန်မာ့အရေးကို ထဲထဲဝင်ဝင်ပါဝင်ဖို့ ကြိုးစားနေတဲ့ နိုင်ငံကြီးတွေ တော်တော်များများက ပြောကြတယ်။

သူတို့က တိုက်ခိုက်ကြပါ၊ လက်နက်တွေ ထောက်ပံ့ပါမယ်ဆိုတဲ့ နိုင်ငံတစ်နိုင်ငံမှ မရှိသေးဘူး။ ပြီးရင် ပြည်တွင်းမှာ ရှိနေတဲ့ နိုင်ငံရေးအစုအဖွဲ့တွေကြားထဲမှာ NUG အပါအ၀င် စစ်အစိုးရရဲ့ အစားထိုးနိုင်မှု၊ အစိုးရအဖြစ် အသိအမှတ် ပြုမှုမျိုး ရှိမနေသေးဘူး။ နိုင်ငံရေးအရစုရုံးပြီး ဆန့်ကျင်နေတဲ့ ဒီမိုကရေစီ အင်အားစုအဖြစ်တော့ အသိအမှတ် ပြုထားတယ်။ NUG တခုတည်း မဟုတ်ဘူးဆိုတာလည်း သူတို့နားလည်နေကြတယ်။

အဲဒီလို လမ်းကြောင်းမှာရှိနေတဲ့ တချိန်တည်းမှာပဲ ဒီမိုကရေစီရေးအရ ဒါမှမဟုတ် မြန်မာနိုင်ငံရေးအရ ဆွေးနွေး ကြတယ်။ တိုင်ပင်ကြတယ်။ နိုင်ငံတကာစုဖွဲ့မှုပုံစံနဲ့ အာဆီယံပဲဖြစ်ဖြစ် UN မှာပဲဖြစ်ဖြစ် အဲဒီလိုမျိုး ဆွေးနွေးတာ တွေကို အခုလက်ရှိ စစ်တပ်ဘက်မှာ ရပ်တည်နေတဲ့ ရုရှား၊ တရုတ် ရှိမယ်။ အခြားနိုင်ငံတွေလည်း ရှိသေးတယ်။

အဲဒီလိုမျိုး နိုင်ငံတွေအနေနဲ့လည်း ဒီမိုကရေစီအသွင်ကူးပြောင်းမှုမျိုး လုပ်သင့်တယ်ဆိုတဲ့အချိန်မှာ ဒီစစ်တပ် အပေါ် ဖိအားပေးမှုလျော့ကျလာအောင် ဘယ်လိုလုပ်သင့်တယ်ဆိုပြီး စည်းရုံးပြောဆိုတာလည်း လုပ်လာ နိုင်တယ်။ အရင်ကလည်း လုပ်ခဲ့ဖူးတယ်။

အဲဒီလိုမျိုး ပုံစံမျိုးတွေ ဖြစ်လာပြီဆိုရင် ဒီဟာက အခုလက်ရှိဖြစ်နေတဲ့ သေကျေပျက်စီးမှု၊ ထိခိုက်နေရတဲ့ လမ်းကြောင်းကို ဆက်သွားနေတာထက်စာရင် ထိခိုက်နစ်နာမှု နည်းတဲ့ပုံစံနဲ့ မြန်မာနိုင်ငံအတွင်းမှာ တဖြေးဖြေးချင်း ပြောင်းလဲမှုကို ဖော်ဆောင်လာနိုင်တယ်ဆိုပြီးတော့ ယူဆသွားနိုင်တဲ့ နိုင်ငံတွေလည်း ရှိလာ နိုင်တယ်။ ထောက်ခံနိုင်တဲ့ နိုင်ငံတွေလည်း ရှိလာနိုင်တယ်။ လုံးဝ မဖြစ်နိုင်တဲ့ကိစ္စလို့ တစ်ကမ္ဘာလုံးက မထောက်ခံဘူးလို့ ပြောလို့မရပါဘူး။ ထောက်ခံတဲ့ နိုင်ငံတွေ ရှိနေနိုင်ပါတယ်။

မေး။ ။ စစ်ခေါင်းဆောင်ရဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုတဲ့ ပြောဆိုချက်ကရော တကယ်ပဲ လက်တွေ့ကျရဲ့လား။

ဖြေ။ ။ ဘယ်လိုမှ လက်တွေ့မကျပါဘူး။ မကျနိုင်ဘူးဆိုတာက အခုက အာဏာသိမ်းယူပြီးတဲ့နောက်ပိုင်းမှာ ပြည်သူလူထုတွေရဲ့ ဆန့်ကျင်မှုပေါ့။ ဒီရွေးကောက်ပွဲကို ၂၀၂၀ ရွေးကောက်ပွဲကို ဖျက်သိမ်းတာကို လက်မခံ နိုင်တာ။ နောက်ပြီး ပြည်သူလူထုက မြန်မာနိုင်ငံရဲ့ခေါင်းဆောင်အဖြစ် သတ်မှတ်ထားတဲ့ ခံယူထားတဲ့ ခေါင်းဆောင် အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သမ္မတတို့ကို ဖမ်းဆီးအရေးယူတဲ့ ကိစ္စတွေကို မကျေနပ်တာတွေ စုပေါင်းပြီးတော့ ဆန့်ကျင်ခဲ့ကြတယ်။

ဆန့်ကျင်တာကနေ အခုဆိုရင် အဲဒီဆန့်ကျင်မှုကို ဖြိုခွဲတဲ့အတွက်ကြောင့်မို့ မိမိကိုယ်ကိုကာကွယ်ပိုင်ခွင့်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ပြန်ပြီးတော့တုံ့ပြန်မှု ဖြစ်လာတယ်။ ဖြစ်လာတဲ့အချိန် နောက်ဆက်တွဲမှာပဲ စစ်တပ် ကြောင့် နာကျင်မှုတွေ၊ ထိခိုက်မှုတွေက လူတွေတော်တော်များများ ရှိသွားတယ်။ အဲဒီတော့ လူတွေဆီမှာ နာကျဉ်းမှုတွေ၊ မုန်းတီးမှုတွေ ရှင်သန်နေတယ်။ ကြီးထွားနေတယ် ဆိုတဲ့ဟာကတစ်ခု။ နောက်တစ်ခုက အစိုးရနဲ့ ပြည်သူဆိုတဲ့ ဥစ္စာက ယုံကြည်မှုကို အခြေခံပြီးလုပ်ရတာ ဖြစ်တယ်။

အစိုးရ ဆိုတာကလည်း ပြည်သူက ယုံကြည်မှ အစိုးရဆိုတာ ဖြစ်လို့ကောင်းတယ်။ အလုပ်လုပ်လို့ ကောင်းတယ်။ အစိုးရကလည်း သူတို့လုပ်သမျှဟာကို အကောင်းဆုံး လုပ်တယ်ဆိုတဲ့ အနေအထားမျိုးက အပြန်အလှန် နားလည်ပြီး ယုံကြည်ချက် အနေအထားရှိနေမှ ကျွန်တော်တို့က လက်ခံတဲ့အနေအထားမျိုး ရှိတယ်။ ဒါပေမဲ့ အခုလက်ရှိက နားလည်မှု၊ ယုံကြည်မှုဆိုတာ ပျက်သွားပြီ။ အစိုးရရဲ့ Public Service ဆိုတဲ့ ယိုယွင်းမှုတွေ တွေ့နေရတယ်။ နောက် စီးပွားရေးတွေ ပျက်သွားတာကို တောက်လျှောက် တွေ့နေမြင်နေရပြီ။ စီးပွားရေး ပြန်လည် တည်ငြိမ်မှုကို လုပ်နိုင်စွမ်းမရှိတော့ဘူး။

လုပ်နိုင်စွမ်းဆိုတာ တကယ်ဖြေရှင်းတဲ့ အဖြေကို ဖြေရှင်းနိုင်တာမဟုတ်ဘဲနဲ့ ဆေးမြီးတိုနဲ့ ကုတဲ့ဟာတွေ။ ဥပမာ လခ တိုးမြှင့်ပေးရင်တောင် ဖမ်းတယ်ဆိုတဲ့ အခြေအနေ ဖြစ်နေတယ်ဆိုတဲ့ဟာက အုပ်ချုပ်ရေး၊ စီမံရေးဆိုင်ရာ ယုံကြည်မှုရှိစရာ မရှိတဲ့အနေအထားမျိုး ဖြစ်နေတော့ ယုံကြည်မှုဆိုတာ ပျက်သွားတဲ့အခြေအနေမှာ စစ်အစိုးရက တကယ် နိုင်ငံကိုပြောင်းစေချင်တဲ့ ရည်ရွယ်ချက်ရှိနေတယ် ဆိုရင်တောင်မှ ပြည်သူလူထုနဲ့ နာကျဉ်းနေကြတဲ့ သူတွေ မုန်းတီးနေကြတဲ့ လူထုတွေက လက်ခံယုံကြည်မယ် ဆိုတာတော့ အခုလတ်တလောမှာ ဘယ်လိုတောင်မှ မဖြစ်နိုင်သေးပါဘူး။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here