ဇွန်လအတွင်း ပေါင်မြို့ဒေသခံ ၄ ဦးကို PDF နှင့်ပတ်သတ်ဆက်နွယ်သည်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးခဲ့

0
14

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ဇွန်လအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF တို့နှင့် ပတ်သတ်ဆက်နွယ်နေသည်ဟုဆိုပြီး ဒေသခံ ၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

ဖမ်းဆီးခံရသူများသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အား ထောက်ပံ့ခြင်း၊ ပတ်သတ်ဆက်နွယ်နေခြင်းတို့ကြောင့် ရဲစခန်းမှတဆင့် ဆင့်ခေါ်ဖမ်းဆီးသည့်အပြင် အရပ်ဝတ်ဖြင့် အိမ်တိုင်ရာရောက် ဖမ်းဆီးခဲ့သည်ဟု ဒေသခံများက ပြောပါသည်။

ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့တွင် ပေါင်မြို့နယ်၊ အင်ပြောင်းကျေးရွာအုပ်စု တံခွန်တိုင်ကျေးရွာနေ အုပ်ချုပ်ရေးမှုုး ဟောင်း တစ်ဦးဖြစ်သည့် ဦးကြာညိုနှင့် သားဖြစ်သူတို့ကို ရဲစခန်းမှတဆင့် ဆင့်ခေါ်ကာ ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

ယင်းနောက် ဇွန် ၁၅ ရက်နေ့တွင် ပေါင်မြို့နယ်၊ ဥတ္တတားကျေးရွာအတွင်း နေထိုင်သည့် ဦးဇော်ဝင်းနှင့် မဖြူ တို့ကို PDF တို့နှင့် ပတ်သတ်ဆက်နွယ်နေသည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

ဒေသခံအမျိုးသားတစ်ဦးက “ဖမ်းထားတာက ၄ ယောက် ရှိတယ်။ pdf နဲ့ ပတ်သက်တယ်ဆိုပြီးတော့လေ ကြာညိုနဲ့သူ့သားက pdf တွေကို ငွေကြေးထောက်ပံ့လို့ဆိုပြီး ဖမ်းဆီးခံရတာ။ မဖြူက PDF ထောက်ပို့တာဝန်ခံလို့ ပြောတယ်။ ပြီးတော့ ဇော်ဝင်းကို အဲဒီ pdf ခါင်းဆောင်နဲ့ အဖွဲ့သားတွေကို သူ့ထော်လာဂျီနဲ့ သွားပို့ထားတာ” ဟု ပြောသည်။

လက်ရှိဖမ်းဆီးခံထားရသည့် ဦးကြာညိုကို အကြမ်းဖက် ဥပဒေပုဒ်မ – ၅၀ (ည) နှင့် ၅၂ (က) တို့ဖြင့် တရားစွဲ ဆိုထားပြီး ကျန်သူတို့ကိုလည်း ပေါင်မြို့မရဲစခန်းတွင်း ဖမ်းဆီးထိန်းသိမ်းထားဆဲ ဖြစ်သည်ဟု သိရသည်။

ယခုရက်ပိုင်းအတွင်း ပေါင်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်လည်ဝင်ရောက်လှုပ်ရှားမည်ဟု သတင်းရရှိ ထားခြင်းကြောင့် ကျေးရွာအတွင်း သံသယရှိသူဟု ထင်ရသည့် ဒေသခံများကို စစ်ကောင်စီက မကြာခဏ ဖမ်းဆီးစစ်ဆေးလျှက် ရှိသည်ဟု ရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

“လွန်ခဲ့တဲ့ ၅ ရက်က ဥတ္တတာမှာ pdf ခေါင်းဆောင်နဲ့ သူတို့အဖွဲ့ ၅ယောက် ရောက်လာတယ်။ နောက်ထပ် အယောက် ၃၀ ထပ်ရောက်နေတယ်လို့ ကြားနေတော့ အဲတော့ အာဏာပိုင်တွေက လိုက်လံဖမ်းဆီးမှု များနေတယ်ပေါ့” ဟု ၎င်းက ပြောသည်။

ယင်းအပြင် ပေါင်မြို့နယ်တွင် မိုးရာသီအတွင်း လူသွားလူလာများသည့် ဇင်းကျိုက်ရေတံခွန်နှင့် ဆင်ရွာရေတံခွန်တို့တွင် အရပ်သားပုံစံဖြင့် စစ်ဆေးဖမ်းဆီးမှုတွေကို လုပ်ဆောင်လျှက်ရှိသည်ဟု ဒေသခံတို့ထံမှ သိရသည်။

နိုင်ငံရေး အကျဉ်သားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းအရ ဇွန်လ ၂၆ ရက်နေ့ အထိ နိုင်ငံတဝှမ်း စစ်ကောင်စီတပ်နက ဖမ်းဆီးခံထားရသူ ၂၆,၉၁၅ ဦး အနက် မွန်ပြည်နယ်မှ နိုင်ငံရေးအကျဉ်းသား ၆၀၀ ဦး ပါဝင်နေသည်ဟု ပြောဆိုထားသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here