မင်းဘူးခရိုင်တွင် စစ်ကောင်စီတပ်က UN နှင့် ကြက်ခြေနီတံဆိပ်ပါကားများကို အသုံးပြုဖြတ်သန်းသွားလာနေ

0
13
Photo - Social Media

မကွေးတိုင်း၊ မင်းဘူးခရိုင်တွင် စစ်ကောင်စီတပ်သည် UN တံဆိပ်ပါကားများနှင့် ကြက်ခြေနီတံဆိပ်ပါကားများကို အသုံးပြုပြီး ဖြတ်သန်းသွားလာမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ နှင့် ၂၇ ရက်တို့တွင် စစ်ကောင်စီတပ်သည် UN တံဆိပ်ပါကားနှင့် ကြက်ခြေနီတံဆိပ်ပါကားများကို အသုံးပြုပြီး မင်းဘူးမှ စလင်းဘက်သို့ သွားရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်မှ ဒေသခံတစ်ဦးက “စစ်လက်နက်ပစ္စည်းတွေ သယ်လာတယ်လို့ ယူဆရတဲ့ ကားတွေက နောက်က လိုက်တာ။ မိုးကာအုပ်ထားတဲ့ကားတွေ၊ စလင်းဘက်က တိုက်ပွဲတွေ ဖြစ်နေတာ။ အဲဒီဘက်ကိုသွားတာ UN ကား နောက်မှာ အဲဒီကားတွေက ပါလာတာ” ဟု ပြောပါသည်။

UN တံဆိပ်ပါကားနှင့်အတူ စစ်ကောင်စီတပ်သားများ ပါဝင်လာသည်ဟု ယူဆရသော အိမ်စီးကား ၄ စီး ပါဝင် သည့် ယာဉ်တန်းမှာ စကုဘက်မှ ပွင့်ဖြူကို ဖြတ်ပြီး စလင်းဘက်သို့ သွားကြောင်း ဒေသခံများကလည်း အတည်ပြု ပြောဆိုထားသည်။

ယင်းကားများ၏ နောက်တွင်လည်း စစ်ကောင်စီ၏ ရိက္ခာနှင့်လက်နက်များ တင်ဆောင်လာပုံရသည့် စစ်ကောင်စီတပ်သား ခြောက်ယောက်ဝန်းကျင်ပါ ဖောကားများက နာရီခြား သွားလာသည့်အတွက် ရှေ့ပြေးသွားခြင်းမျိုးလည်း ဖြစ်နိုင်ကြောင်း ဒေသခံများက ယူဆနေကြသည်။

ထို့ပြင် ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်တွင် ကြက်ခြေနီတံဆိပ်ပါ မိုးကာအုပ် ဆယ်ဘီးကားတစ်စီးနှင့် ခြောက်ဘီးကား နှစ်စီးသည် စကုဘက်မှ စလင်းဘက်သို့သွားကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။

“အဓိကကတော့ ကာကွယ်ရေးအဖွဲ့တွေက အဲဒီတံဆိပ်ပါတဲ့ ကားတွေဆို တိုက်ခိုက်တာ မလုပ်ဘူး။ လွှတ်ပေး တယ်ဆိုပြီး ဖြတ်ကြတယ်ထင်တယ်။ အရင်က ဒါမျိုးမတွေ့ဖူးဘူး။ စစ်ရှောင်တွေအတွက်လည်း UN က ကူညီတယ် ဆိုတာမျိုးတော့ မကြားမိဘူး” ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက မှတ်ချက်ပြုပြောသည်။

မကွေးတိုင်း စေတုတ္တရာမြို့မှ တိုက်ပွဲတစ်ခုအတွင်းတွင်လည်း ပွင့်ဖြူမြို့နယ်မှ နာရေးကူညီမှုအသင်းကားတစ်စီးကို အသုံးပြုပြီး သွားလာမှုများပြုလုပ်ခဲ့ကြောင်း ယင်းကာကွယ်ရေးရဲဘော်က ပြောပါသည်။

စလင်းမြို့နယ်တွင် ပြီးခဲ့သည့် မေလမှ စတင်၍ နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပွားနေခဲ့ပြီး စစ်ဘေးရှောင်ကျေးရွာ ၆ ရွာဝန်းကျင် ရှိနေသည့်အပြင် မိမိအစီအစဉ်နှင့် မိမိ စစ်ဘေးရှောင်နေကြရသူများ ရှိနေသည်။

ထို့ပြင် ကာကွယ်ရေးအဖွဲ့များက စောင့်ရှောက်ပေးထားသူ စစ်ဘေးရှောင်အရေအတွက်မှာ ၁၀၀ ကျော်အထိရှိနေကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here