ထားဝယ်ခရိုင်က သံဃာတော်များ ကံဆောင်သပိတ်တွင် ပါဝင်လာ

0
15
Photo - CJ

ပဲခူးတိုင်း၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တနိန္ဒာဘိဝံသကို စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်ခဲ့သည့်အပေါ် တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်းက သံဃာတော်များက ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်တွင် ပါဝင်လာကြောင်း သိရသည်။

ဇွန် ၃၀ ရက်နေ့ နေ့လည်ပိုင်းက သံဃာတော် ၁၀ ပါးကျော် ဝန်းကျင်နှင့် ဝန်းရံပြည်သူတချို့ပါဝင်သော ကံဆောင် သံဃာသပိတ်ကို ထားဝယ်ခရိုင်အတွင်းက သရက်ချောင်းမြို့နယ်တွင် စီးတန်းလှည့်လည်ခဲ့ခြင်း ဖြစ်သည်။

ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးက ထားဝယ်ခရိုင်အတွင်းက ရဟန်းသံဃာများ ရှေ့ကနေ လမ်းပေါ်ထွက်လာချိန်တွင် ပြည်သူတွေအနေဖြင့် နောက်ကနေဝန်းရံဖို့ လိုသည်ဟု သံလွင်တိုင်းမ်ကို ပြောသည်။

“ကျွန်တော်တို့ သပိတ်ကော်မတီအနေနဲ့ ပြီးခဲ့တဲ့နှစ်က ဒီရဟန်းသံဃာတွေ ပတ္တနိက္ကုဇ္ဇနကံဆောင်ပြီးတော့ ကံဆောင်သပိတ် မှောက်ခြင်းမှုကိုပြုကြဖို့ ကြေညာချက်ထုတ်ပြီးတော့ တောင်းဆိုခဲ့တာလည်း ရှိတယ်။ အခု ကတော့ ထားဝယ်ခရိုင်အတွင်းမှာ ရှိနေတဲ့ ရဟန်းသံဃာတွေပေါ့ဗျာ။ ဒီပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် မှောက် ခြင်းမှုကိုပြုဖို့ လမ်းပေါ်ထွက်လာကြတဲ့ဟာတွေ ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဒီရဟန်းသံဃာတွေက ရှေ့က ထွက်တယ်ဆိုလို့ရှိရင် ဒီဒကာဒကာမတွေဖြစ်တဲ့ ပြည်သူလူထုတွေက နောက်ကနေ ဝန်းရံဖို့လိုတယ်” ဟု ကိုမင်းလွင်ဦးက ပြောဆိုသည်။

တဖက်တွင်လည်း ထားဝယ်ခရိုင်တွင် ရဟန်းပျိုများ ရှားပါးလာသလို ဒကာဒကာမများအပေါ် ဩဇာညောင်းသည့် ဆရာတော်များက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရန် စိတ်ဆန္ဒမရှိနေသည့်အပြင် မဆိုင်သလို အေးအေးလူလူ နေနေတာကြောင့် ရဟန်းသံဃာတော်များ အုံလိုက်ကျင်းလိုက် လမ်းပေါ်ထွက်လာရန် ခက်ခဲနေသေးမည်ဟု ကိုမင်းလွင်ဦးက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့က ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ပစ်သတ်ခံရပြီးနောက်ပိုင်း အခြားဒေသ များက ရဟန်းသံဃာများသည် ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်ပြုလုပ်တာကြောင့် ထားဝယ်မြို့ပေါ် ဘုန်းကြီး ကျောင်းများရှိသည့် လမ်းဆုံလမ်းခွများ၌ စစ်ကောင်စီတပ်သားများက လုံခြုံရေးအရ စောင့်ကြည်မှုတွေ ပြုလုပ် နေသည်ဟု ဒေသခံများက ပြောသည်။

ဆရာတော်ပစ်သတ်ခံရပြီး ငါးရက်မြောက်နေ့ဖြစ်သည့် ဇွန် ၂၃ ရက်နေ့မှ ဇွန် ၃၀ ရက်နေ့အထိ စစ်ကိုင်းတိုင်းအတွင်းက ချောင်းဦး၊ ဒီပဲယင်း၊ ဆားလင်းကြီး၊ တန့်ဆည်၊ စစ်ကိုင်း၊ မုံရွာ၊ ဝက်လက်၊ ဘုတလင်၊ အရာတော်နှင့် မြင်းမူးမြို့နယ်တို့က သံဃာတော်များသည် ကံဆောင်သပိတ်တွင် ပါဝင်လာကြသည်။

ယင်းအပြင် မကွေးတိုင်းက မြိုင်နှင့် ပခုက္ကူမြို့နယ်များက သံဃာတော်များအပြင် တနင်္သာရီတိုင်း ထားဝယ်ခရိုင် အတွင်းက သံဃာများလည်း ကံဆောင်သပိတ်မှာ ပါဝင်လာခဲ့တာကြောင့် ကံဆောင်သပိတ်မှောက်သည့် မြို့နယ် ၁၃ ခု အထိ ရှိလာသည်။

ယခုလို သံဃာတော်များ ကံဆောင်သပိတ်မှောက်နေတာနှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်က လက်ရှိအချိန်အထိ တစုံတရာ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here