“အဓိကတော့ အရင်ကလို လွတ်လွတ်လပ်လပ် လုပ်ကိုင်စားသောက်ဖို့က အရမ်းခက်ခဲသွားတယ်။ လမ်းပန်းဆက်သွယ်ရေး ကအစ၊ ဗန်းမော်ဘက်ကို ဆက်သွယ်တဲ့ ကားလမ်းတွေ သွားလို့မရတော့ဘူး။ မြစ်ကြီးနားကို သွားတဲ့ကားတွေကလည်း သွားဖို့ အရမ်းခက်ခဲသွားတယ်။ လုပ်ငန်းအသေးစား လုပ်ကိုင် စားသောက်ဖို့ ဆိုရင်တောင် ခက်ခဲနေတယ်လေ” လွယ်ဂျယ်ဒေသခံ

0
31
ပုံစာ - လွယ်ဂျယ်မြို့အား KIO ထိန်းချုပ်လိုက်ပြီးနောက်ပိုင်းမြင်ကွင်း။

KIO အစိုးရ အုပ်ချုပ်မှုအောက် ၃ လကျော်ကာလအတွင်း လွယ်ဂျယ်မြို့အတွင်း အခြေအနေများနှင့်ပတ်သက်ပြီး လွယ်ဂျယ်ဒေသခံ အမျိုးသားတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

ကချင်ပြည်နယ်အတွင်း တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် လွယ်ဂျယ်မြို့ကို ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်က သိမ်းပိုက်ထားပြီးနောက် KIO အစိုးရ ထိန်းချုပ်မှုအောက်တွင် အုပ်ချုပ်ရေးမှူးအသစ်များ ခန့်အပ်ပြီး ဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြပ်မတ်ဆောင်ရွက်နေပြီဟု လွယ်ဂျယ်ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းအတွင်း KIO က အသစ်ခန့်အပ်လိုက်သော လွယ်ဂျယ်အုပ်ချုပ်ရေးမှူးက လွယ်ဂျယ်မြို့ တွင် နေထိုင်ကြသည့် ဒေသခံပြည်သူများအားလုံးနှင့် ရပ်ကွက်ချင်းအလိုက် တွေ့ဆုံဆွေးနွေးပွဲ လုပ်ဆောင်ခဲ့ရာ တွင် မြို့တွင်း လုံခြုံရေး၊ မြို့ ရှင်းလင်းရေး၊ မူးယစ်ဆေးဝါး ကင်းစင်ရေးအတွက် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။

လွယ်ဂျယ်မြို့သည် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်ပြီး မူးယစ်ဆေးဝါး အလွန်ပေါများသောမြို့လည်း ဖြစ်သည်။ ထိုအခြေအနေကြောင့် KIO အစိုးရ ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူးကိုယ်တိုင်က မူးယစ်ဆေးဝါး ကင်းစင်သည့် မြို့ဖြစ်ရန် ရည်ရွယ်ပြီး မြို့လုံခြုံရေးအတွက် ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်း၍ ကြပ်မတ် ဆောင်ရွက်နေသည်ဟု ဆိုသည်။

လက်ရှိ၌ လွယ်ဂျယ်မြို့သည် KIO အစိုးရ၏ အုပ်ချုပ်မှုအောက် ၃ လကျော် ကာလအတွင်း ဒေသအတွင်း ပြောင်းလဲမှု အခြေအနေ၊ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်နေမှုများနှင့် ပတ်သက်ပြီး လွယ်ဂျယ်ဒေသခံ အမျိုးသားတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အခုဆို လွယ်ဂျယ်မြို့က KIO လက်အောက်မှာဆိုတော့ အုပ်ချုပ်မှုအပိုင်း ဘယ်လိုဆောင်ရွက်နေပြီလဲ။

ဖြေ။ ။ ဒီမှာက အရင်စစ်ကောင်စီ လက်အောက်မှာအသုံးပြုတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကိုတော့ အသုံးမပြု တော့ဘူး။ အကုန်ချိန်းလိုက်ပြီ။ အခု KIO အစိုးရကနေ တိုက်ရိုက်ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးကိုယ်တိုင်က သူ့ရဲ့အောက်မှာရှိတဲ့ ရပ်ရွာအုပ်ချုပ်ရေးမှူးတွေကို ခေါ်ပြီးတော့ အစည်းအဝေးတွေ ခေါ်လုပ်တယ်။ တခုပြီး တခုတော့ လုပ်နေတာတွေ့ရတယ်။

မေး။ ။ အဓိက ဘယ်အပိုင်းကို ဦးစားပေးလုပ်ဆောင်နေတာတွေ့ရလဲ။

ဖြေ။ ။ မြို့တွင်းလုံခြုံရေးကို ဦးစားပေးတယ်။ ပြီးတော့ မြို့ရှင်းလင်းရေးလို့ ပြောတဲ့ထဲမှာ မူးယစ်ဆေးဝါးကို အဓိက ကင်းစင်သွားအောင် ကြပ်မတ်လုပ်ဆောင်နေတာ တွေ့ရတယ်။ ထိရောက်မှုတော့ ရှိတယ်လို့ ပြောလို့ ရတယ်။ ဒါပေမယ့် လုံးဝကင်းစင်သွားတာမျိုးတော့ မဟုတ်ဘူး။

ဘာလို့လဲဆိုတော့ ရှေ့တန်းသွားရတာတွေရှိတော့ လိုအပ်နေတဲ့ အပိုင်းတွေ ရှိနေသေးတယ်။ ပြီးရင် မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့ သူတွေကိုတွေ့ရင် အရေးယူ ဆောင်ရွက်တာတွေရှိတယ်။ ရောင်းတဲ့သူတွေရှိတော့ ဝယ်ယူတဲ့သူတွေ ရှိနေတာဖြစ်တယ်။ အဲလိုပုံစံနဲ့ ကြပ်မတ် နေတာ။ အရင်ကထက်တော့ အများကြီး ကင်းစင်လာတာ တွေ့ရတယ်။

မေး။ ။ အုပ်ချုပ်မှုအပိုင်းမှာ လက်ရှိ ဘယ်သူ့ကိုခန့်အပ်ထားတာလဲ။ ခန့်အပ်တဲ့အခါမှာ ဘယ်လိုရွေးကောက် တင်မြှောက်ထားတာပါလဲ။

ဖြေ။ ။ လက်ရှိ ယာယီအုပ်ချုပ်ရေးမှူးလို့ ပြောလို့ရမယ်။ ဦးဆွတ်ဂျတ်အောင်လို့ ခေါ်တယ်။ အသက်က ၃၀ ဝန်းကျင်လောက်ပဲ ရှိသေးတယ်။ သူက ငယ်ပေမယ့် အတွေ့အကြုံရှိတဲ့သူလည်း ဖြစ်တယ်။ KIO အလုပ်လည်း လုပ်တယ်။ လက်ရှိ လွယ်ဂျယ်မြို့တစ်ခုလုံးရဲ့ အုပ်ချုပ်ရေးတာဝန်ကို ယူထားတာပေါ့။ လွယ်ဂျယ်ကို KIA သိမ်းပိုက်ပြီးတာနဲ့ သူ့ကို တာဝန်ပေးလိုက်တာဟုတ်တယ်။ ခန့်အပ်တာက KIO အစိုးရကပဲ တိုက်ရိုက်ခန့်အပ်တာ ဟုတ်တယ်။

မေး။ ။ အုပ်ချုပ်ရေးမှူးကိုယ်တိုင်က လွယ်ဂျယ်ဒေသခံ ပြည်သူတွေနဲ့ တွေ့ဆုံမှုရှိတယ်ဆိုတော့ ဘယ်လို တွေ့ဆုံတာပါလဲ။

ဖြေ။ ။ အင်း ဟုတ်တယ်။ လွယ်ဂျယ်က လူမျိုးပေါင်းစုံရှိတဲ့မြို့ ဖြစ်တယ်။ ဒါကြောင့် တရုတ်၊ ရှမ်း၊ ဗမာ၊ ကချင် ရှိတယ်။ အားလုံးနဲ့ ပွင့်ပွင့်လင်းလင်း တွေ့ဆုံတာတွေ့ရတယ်။ တရုတ်ဆိုရင် တရုတ်စကားပြန်နဲ့ပြောပြီး တွေ့တယ်။ တခြားလူမျိုးတွေကိုလည်း အဲလိုပဲ။

မေး။ ။ မြို့တွင်းလုံခြုံရေးလည်း အဓိကလုပ်ဆောင်နေတယ်လို့ကြားတယ်။ ဘယ်လို လုပ်ဆောင်သွားဖို့ ပြောဆိုထားတာရှိလဲ။

ဖြေ။ ။ အုပ်ချုပ်ရေးမှူးကိုယ်တိုင်က ပြည်သူတွေနဲ့ တွေ့ဆုံတဲ့အခါမှာ အဓိက အဲဒါလည်း ပြောတာဖြစ်တယ်။ မြို့တွင်းလုံခြုံဖို့အတွက် တစ်မြို့လုံးကို CCTV တပ်ဖို့ ပြောတယ်။ အုပ်ချုပ်ရေးတစ်ဖွဲ့လုံးက လုံခြုံရေးကို စောင့်ကြည့်မယ်။ ကျနော်တို့ မြင်တာက တခြားမြို့နယ်တွေမှာ မလုပ်တဲ့ပုံစံနဲ့ လုပ်ဆောင်ပေးနေတယ်လို့တော့ မြင်ပါတယ်။

မေး။ ။ လွယ်ဂျယ်မြို့ကို KIO အုပ်ချုပ်လိုက်တဲ့နောက်ပိုင်း အရင်ကနဲ့ မတူညီတဲ့အချက်ဆိုရင် ဘာဖြစ်မလဲ။

ဖြေ။ ။ အရင်ကနဲ့ မတူတာဆိုရင် ခိုးဆိုးလုယက်တွေ သိပ်မရှိလာတော့ဘူး။ နောက်တချက်က မြို့တွင်းမှာ အမှိုက်တွေ ကင်းစင်သွားပြီ။ အမှိုက် မရှိတော့ဘူးလို့တော့ မပြောလိုပေမယ့် KIO အုပ်ချုပ်လိုက်ပြီးကတည်းက အရင်အစိုးရထက်စာရင် အများကြီး ရှင်းသွားပြီ။

မေး။ ။ လွယ်ဂျယ်မြို့က လုံခြုံရေးအတွက် လုံးဝ စိုးရိမ်စရာ မလိုတော့ဘူးလား။

ဖြေ။ ။ လုံခြုံရေးအတွက်ကတော့ စိုးရိမ်စရာတွေတော့ ရှိပါသေးတယ်။ ဘာလို့လဲဆိုတော့ အရင်စစ်တပ်နဲ့ အဆက်အသွယ်ရှိတဲ့သူတွေက ရှိနေသေးတယ်လို့ ပြောလို့ရမယ်။ အဲလိုပဲ တရုတ်တွေကလည်း ရှိမှာပဲ။ သူတို့ အချင်းအချင်းတော့ သတင်းပေးတော့ ရှိနေအုံးမှာပဲ။ ဒါကြောင့် သတိထားပြီးမှတော့ နေကြတယ်။

မေး။ ။ တရုတ်နယ်စပ်ဂိတ် အဝင်ပေါက်တံတားရော ဘယ်လို သွားလာခွင့် ပေးထားတာပါလဲ။ သွားလာတဲ့ အပိုင်းမှာရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ သွားလာရေးနဲ့ ပတ်သက်ပြီးတော့ မဖြစ်မနေ တင်သွင်းရမယ့် ကုန်ကားတွေကိုတော့ သွားလာခွင့် ပေးထားတယ်။ လူက လုံးဝသွားလာခွင့် မရသေးဘူး။ ကုန်ကားတွေလောက်ပဲ သွားလာခွင့်ပေးထားတယ်။

မေး။ ။ နောက်တစ်ခုက လွယ်ဂျယ်မြို့ထဲမှာရော အရင်ကလို ပုံမှန်အတိုင်း ဖြစ်လာပြီလား။ ဥပမာ – စျေးရောင်း တာတွေ၊ စီးပွားရေးလုပ်တာတွေ ပြန်လုပ်နေကြပြီလား။

ဖြေ။ ။ ပုံမှန်အတိုင်းတော့ ဖြစ်နေပြီလို့ ပြောလို့ရမယ်။ ဒါပေမယ့် ကုန်စျေးနှုန်းတွေက တအားစျေးကြီး သွားတယ်။ ဆန်စျေးတွေဆိုရင် စျေးတအားတက်သွားတယ်။

မေး။ ။ လွယ်ဂျယ်မြို့ကို KIO ရဲ့ အုပ်ချုပ်မှုနဲ့ သွားနေပြီဖြစ်တယ်။ အရင်လို ပြန်ဖြစ်ဖို့အတွက် ဘာတွေ လုပ်ပေးဖို့ လိုအပ်လဲ။ ဘာအခက်အခဲတွေ ရှိနေလဲ။

ဖြေ။ ။ အဓိကတော့ အရင်ကလို လွတ်လွတ်လပ်လပ် လုပ်ကိုင်စားသောက်ဖို့က အရမ်းခက်ခဲသွားတယ်။ လမ်းပန်းဆက်သွယ်ရေး ကအစ၊ ဗန်းမော်ဘက်ကို ဆက်သွယ်တဲ့ ကားလမ်းတွေ သွားလို့မရတော့ဘူး။ မြစ်ကြီးနားကို သွားတဲ့ကားတွေကလည်း သွားဖို့ အရမ်းခက်ခဲသွားတယ်။ လုပ်ငန်းအသေးစား လုပ်ကိုင် စားသောက်ဖို့ ဆိုရင်တောင် ခက်ခဲနေတယ်လေ။ အများကြီး ပြန်လည်လုပ်ဆောင်ဖို့တော့ လိုအပ်နေသေးတာပေါ့။

မေး။ ။ ဒါဆိုရင် တာဝန်ရှိတဲ့သူတွေကို ဘာတွေလုပ်ပေးဖို့ တောင်းဆိုချင်လဲ။

ဖြေ။ ။ မြို့တစ်ခု အရင်ကလို ပြန်ဖြစ်ဖို့က အရင်းအနှီးတွေ အများကြီးထည့်ဖို့ လိုအပ်နေသေးတယ်။ လွယ်ဂျယ် က နယ်စပ်ကုန်သွယ်ရေး နေရာလည်းဖြစ်တယ်။ ကုန်သွယ်ရေးနေရာတစ်ခု ပြန်ဖြစ်ဖို့ ဦးဆောင်ကိုင်တွယ် ပေးရမှာက အုပ်ချုပ်ရေးမှူးတွေနဲ့ KIO အစိုးရနဲ့ သက်ဆိုင်ပါတယ်။

အခုချိန်အထိတော့ ထိထိရောက်ရောက် အကောင်ထည်ဖော်နိုင်ဖို့ လိုအပ်နေသေးတယ်။ အရင်ဆုံးက ပြည်သူတွေရဲ့ ယုံကြည်မှုတွေ ရရှိလာအောင်၊ ကုန်သွယ်ရေးလုပ်ငန်းတွေ ကောင်းလာအောင် လမ်းတွေ ဖွင့်ပေးဖို့က အရမ်းလိုအပ်နေတဲ့ အချက်တွေ ဖြစ်တယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ လွယ်ဂျယ်မြို့ ဒေသခံတစ်ယောက်အနေနဲ့ ဒီကနေ ဘာပြောချင်လဲ။

ဖြေ။ ။ မြို့တစ်ခု လုံခြုံဖို့၊ တိုးတက်လာဖို့က ဗန်းမော်မြို့တစ်ခုလုံးကို KIA က ထိန်းချုပ်လိုက်နိုင်မှသာ လွယ်ဂျယ်မြို့က အပြောင်းအလဲ ဖြစ်လာမယ်လို့ထင်တယ်။ ပြောရမယ်ဆိုရင် လွယ်ဂျယ်မြို့ အရင်ကလို ကုန်သွယ်ရေးဇုန်တွေ ပြန်ကောင်းလာဖို့က ဗန်းမော်မြို့နဲ့လည်း သက်ဆိုင်ပါတယ်။

ဘာလို့လဲဆိုတော့ ကုန်ပစ္စည်းတွေကို ဗန်းမော်ဘက်ကနေ လွယ်ဂျယ်ဘက်ကို တင်ပို့တာဖြစ်တဲ့အတွက် အရမ်း အရေးကြီးပါတယ်။ အခုက ကုန်းလမ်း၊ ရေလမ်း အကုန်လုံးက လုံးဝသွားလာဖို့က အရမ်းခက်ခဲနေသေးတယ်၊ ဒါကို ပြောချင်တာပါ။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here