“ရောင်းဝယ်ဖောက်ကားမူတွေ ပေါ်ပေါ်တင်တင်ကြီးဖြစ်တယ်။ ပေါ်တင်ကြီးကို ဖြစ်ပျက်နေတာ တော်တော်လေး ရုပ်ပျက်ဆင်းပျက် ဖြစ်တယ်။ ရှင်းရှင်းပြောရရင် ပဲလှော်တောင် ဝယ်ရခက်ရင် ခက်နေဦးမယ်။ ဒီမူးယစ်ဆေးတွေ က ဝယ်ရတာ တော်တော့်ကိုလွယ်လွန်းနေတယ်” မင်းဇေယျ (အမည်လွှဲ)

0
24

မွန်ပြည်နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်နေမှုများ ပိုမိုများပြားလာနေသည့် အခြေအနေများနှင့် ပတ်သက်ပြီး ဒေသတွင်း မူးယစ်ဆေးဝါးလျော့ပါးကျဆင်းရေး လုပ်ဆောင်နေသူလည်းဖြစ် လေ့လာစောင့်ကြည့် နေသူ မင်းဇေယျ (အမည်လွှဲ) နှင့် ဆက်သွယ်မေးမြန်းခြင်း။

မွန်ပြည်နယ်တွင် စစ်ကောင်စီက မူးယစ်ဆေးဝါးရောင်းဝယ်နေသူတို့ကို နိုင်ငံရေးကိစ္စ သတင်းထောက်လှမ်းသူ အဖြစ် အသုံးချနေခြင်းကြောင့် မူးယစ်ဆေးဝါးရောင်းဝယ်မှု ပိုမိုများပြားလာသည်ဟု မူးယစ်ဆေးဝါးလျော့ပါး ကျဆင်းရေး လေ့လာစောင့်ကြည့်သူများက ပြောဆိုသည်။

အထူးသဖြင့် ရေးမြို့နယ်တွင် WY စိတ်ကြွဆေးပြားများကို ဆိုင်ကယ်ဖြင့် လိုက်လံရောင်းချနေသည့်အပြင် ဘိန်းစားပင်များကိုလည်း နေအိမ်ခြံဝင်းတွင် စိုက်ပျိုးပြီး ရောင်းဝယ်ဖောက်ကားလာသည်ဟု လေ့လာစောင့်ကြည့် သူများက ပြောသည်။

ဒေသအာဏာပိုင်များအနေဖြင့် မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်းပေးခြင်း မရှိခြင်းကြောင့် ရောင်းဝယ်ဖောက်ကားမှု ပိုများပြားလာပြီး ဒေသခံတို့ အခက်ကြုံနေရသည့်အကြောင်း မူးယစ်ဆေးဝါး လျော့ပါးကျဆင်းရေး လုပ်ဆောင် နေသူလည်းဖြစ် လေ့လာစောင့်ကြည့်နေသော လူငယ်တစ်ဦးဖြစ်သည့် မင်းဇေယျ (အမည်လွှဲ) နှင့် ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်တဲ့ အခြေအနေ ဘယ်လိုရှိလဲ။

ဖြေ။ ။ ခါတိုင်းထက်ကို ၅ ဆလောက် မြင့်တက်လာတယ်။ ပေါ်ပေါ်တင်တင် ရောင်းဝယ်ဖောက်ကား လာတယ်။ အဓိက တရားဥပဒေစိုးမိုးမှု မရှိတော့ အဲဒီလုပ်ငန်းတွေက ပိုပြီးတော့ လုပ်ကိုင်တဲ့သူလည်း များလာတယ်။ လွယ်လွယ်ရလာမယ့် ငွေရှာနည်းတွေ သုံးလာတယ်ပေါ့နော်။ အဓိက စီးပွားရေးတွေ ပျက်နေတယ် ဆိုတော့ အရင်ကထက် ပိုများလာတယ်ပေါ့။

မေး။ ။ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့သူတွေက နိုင်ငံရေးနဲ့ ဘယ်လိုပတ်သက်ဆက်နွှယ်နေကြတာမျိုး တွေ့ရလဲ။

ဖြေ။ ။ WY တွေရော ဘိန်းရွက်ပြုတ်ရည်တွေရောပေါ့နော် ပေါ်ပေါ်တင်တင်ကို ဖြစ်နေကြတာ။ ရဲတွေလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး အာရုံမစိုက်နိုင်၊ တချို့ကလည်း ပတ်သက်ဆက်နွယ်မှု ရှိတယ်။ တချို့ကလည်း သတင်းပေး သတင်းယူကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒီမူးယစ်ဆေးဝါး သုံးစွဲသူတွေကို ခိုင်းတယ်။ အမျိုးမျိုးပေါ့နော်၊ ဒီနိုင်ငံရေး ကိစ္စနှင့် ပတ်သက်ပြီးတော့ အသုံးချနေကြတာတွေရှိတယ်။ တချို့ကလည်း စီးပွားဖြစ် လုပ်ကိုင်နေတာလည်း ရှိတယ်။

မေး။ ။ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့နေရာမှာ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဘယ်လိုပတ်သက်နေတာရှိလဲ။

ဖြေ။ ။ တင်သွင်းရောင်းချနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းနှင့် ပတ်သက်ဆက်နွှယ်နေတဲ့လူ ရှိတာပေါ့နော်။ ဒီလမ်းကြောင်းတွေကပဲ ဖြတ်လာစေတယ်။ စစ်ကောင်စီကလည်း ဒီကိစ္စနှင့်ပတ်သက်ပြီးတော့ ဒီလူတွေကို ခိုင်းနေတာ သတင်းပေး၊ သတင်းယူ နေတာတွေ ရှိတယ်။ မူးယစ်ဆေးဝါး ဖြန့်တဲ့ကောင်တွေက လူပေါင်းစုံနဲ့ ပတ်သက်နေရတာဆိုတော့ နယ်တွေမှာ သတင်းနဲ့ပတ်သက်ပြီး သတင်းတွေ ယူမယ်။

ဒီကောင်တွေက ဘယ်သူကိုမှ မကြောက်တဲ့သဘောရှိတယ်။ ရဲလည်း မကြောက်၊ ဘာမကြောက် တချို့ဆိုရင် ရဲဖမ်းသွားပြီးမှ ပြန်လွတ်လာကြတယ်။ သူ့ပိုင်ရာဆိုင်ရာကို သွားပြန်ရွေးပြီး လွတ်လာတယ်ပေါ့။ အဲဒီလို အနေအထားမျိုးတွေ ရှိတယ်ဆိုတော့ ပိုပြီး အတင့်ရဲလာကြတယ်။

မေး။ ။ လက်ရှိ မွန်ပြည်နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေ ဘယ်လောက်ရှိမယ်လို့ ခန့်မှန်းပါလဲ။

ဖြေ။ ။ လက်လှမ်းမီသလောက်ကတော့ ဘိန်းရွက်သုံးစွဲနေတဲ့ လူငယ်တွေ ၆၅ ရာခိုင်နှုန်းလောက် ရှိနေနိုင် တယ်။ အသက်ကြီးပိုင်းတွေလည်း ပါတယ်၊ ၆၀ အထက်တွေပါ သုံးစွဲနေတာလည်း ရှိတယ်။ လူငယ်တော်တော် များများက WY သုံးစွဲနေကြတယ်။ လူကြီးတွေက အများဆုံး ဘိန်းရွက်ပြုတ်ရည် သုံးစွဲကြတယ်။ ဆီးချိုရောဂါ ပျောက်တယ်ဆိုပြီးတော့ လူကြီးတွေက သောက်သုံးရာကနေ စွဲသွားတယ်ပေါ့။

ပထမဆုံး ဆေးအဖြစ်ကနေ နောက်ဆုံး ဆေးစွဲသွားတဲ့သဘော၊ မသောက်ရရင် ကိုက်ခဲတဲ့ဒဏ်ကို မခံနိုင်ဘူး။ နှာရည်ယို၊ ယားယံ၊ ကိုယ်လက် ကိုက်ခဲတာတွေ ဖြစ်တယ်။ အဲဒီဒဏ်တွေကို မခံနိုင်လို့ သောက်ရင်းသောက်ရင်းနဲ့ စွဲလမ်းသွားကြတယ်။ စွဲလမ်း တော့ သွေးပျစ်ရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်တွေကို သွားထိခိုက်ရော အဲဒါနဲ့ သေတာပေါ့။ မသောက်ရရင် လည်း ဘိန်းစွဲသလိုပဲ အဲဒီဒဏ်ကိုမခံနိုင်လို့ ဆက်သောက်ရင်း စွဲလမ်းသွားတယ်။ အလုပ်ကြမ်းသမားတွေ တော်တော်များများ သောက်ကြတယ်။

မေး။ ။ မူးယစ်ဆေးဝါးသုံးစွဲတဲ့ လူငယ်တွေက ဘယ်လိုအပြုအမူတွေ ပြုလုပ်နေကြတာရှိလဲ။

ဖြေ။ ။ လူငယ်တွေကို အခုဆိုရင် စိတ်ကျန်းမာရေးမကောင်းရင် ဆေးရုံပို့တာလည်းရှိတယ်။ မိဘကို ဓားနဲ့ခုတ် အစ်မတွေကိုလည်း ဓားနဲ့ခုတ် ပတ်ဝန်းကျင်ကို ပြဿနာရှာ ဆေးကြောင်ပြီးတော့လေ၊ အဲဒီလိုမျိုး လူတွေကို မူးယစ်ဆေးဖြတ်ဖို့ စခန်းကိုပို့လိုက်တာ ဒီတစ်နှစ်ထဲကို အယောက် ၂၀ နီးပါး ပို့လိုက်တယ်။ ဒါက ကျနော်တို့ အသင်းတစ်ခုပဲ ပို့ရသေးတယ်နော်။

ကျန်တဲ့အသင်းတွေက ဘယ်လောက်ပို့လိုက်လဲတော့ မသိဘူး။ ရန်ကုန် ရွာသားကြီးတို့လို ဆေးဖြတ်တဲ့ ဌာနတွေကို ပို့လိုက်တာရှိတယ်။ နောက် (မွန်ပြည်သစ်ပါတီ) ဝယ်ဇင်စခန်းကို အနီးစပ်ဆုံး သွားပို့လိုက် ကြတာလည်း မနည်းဘူး။ ဒါက လက်လှမ်းမှီသလောက်ပေါ့နော်။ မူးယစ်ဆေးဝါးတွေ သုံးစွဲပြီးတော့ စိတ်တွေ ဖောက်ပြန်တယ် အများကြီးပေါ့။ ပြဿနာတွေ ရှိတယ်။

အဲဒီကောင်တွေကလည်း တော်တော်ဆိုးသွမ်းတယ်။ နောက်ဆုံး လူသတ်မှုတွေတောင် ရှိလာတယ်။ ရဲတွေက မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး လိုက်ဖမ်းနိုင်သလောက် လိုက်ဖမ်းတယ်။ လွမ်းခြုံမူအားဖြင့် မလွမ်းခြုံနိုင်ဘူးပေါ့။ ရောင်းဝယ်ဖောက်ကားတဲ့သူ အယောက် ၁၀၀ ရှိရင် တစ်ယောက်လောက်ပဲ ဖမ်းနိုင်တယ်။ ဒါက အဖြေ မဟုတ်ဘူး။ ဖမ်းခံထိတဲ့ကောင်ကလည်း နောက်ခံမရှိတဲ့ကောင်တွေပဲ ဖြစ်နေတယ်။

မေး။ ။ မူးယစ်ဆေးဝါးသုံးစွဲရောင်းချသူတွေအပေါ် တရားဥပဒေနဲ့ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းဖို့ ဘာကြောင့် ခက်ခဲနေတာလဲလို့ မြင်ပါလဲ။

ဖြေ။ ။ ရောင်းဝယ်ဖောက်ကားမူတွေ ပေါ်ပေါ်တင်တင်ကြီးဖြစ်တယ်။ ပေါ်တင်ကြီးကို ဖြစ်ပျက်နေတာ တော်တော်လေး ရုပ်ပျက်ဆင်းပျက် ဖြစ်တယ်။ ရှင်းရှင်းပြောရရင် ပဲလှော်တောင် ဝယ်ရခက်ရင် ခက်နေဦးမယ်။ ဒီမူးယစ်ဆေးတွေက ဝယ်ရတာ တော်တော့်ကို လွယ်လွန်းနေတယ်။ တရားဥပဒေ စိုးမိုးမှုမရှိတော့ သူတို့ကို နိုမ်းနင်းဖို့ဆိုလည်း တဖက်က ပြန်လှည့်တိုင်တာတို့ ရှိတယ်။

တော်လှန်ရေးတပ်ဖွဲ့ကို ဘာလုပ်လဲပေါ့ ဘာညာဆိုပြီးတော့ အဲဒီလိုမျိုး ကာလဖြစ်နေတော့ ဒီဘက်အုပ်ချုပ်သူ အပိုင်းကလည်း ဒီကိစ္စနှင့်ပတ်သက်ပြီး ထဲထဲဝင်ဝင် ခါတိုင်းလိုလုပ်ဖို့ အဆင်မပြေဘူး။ ခါတိုင်းဆို ထဲထဲဝင်ဝင် လုပ်တယ်။ ရောင်းဝယ်တဲ့လူတွေကို နိမ်နှင်းတယ်။ အခုဆိုရင်တော့ ကိုယ့်အသက်အန္တရာယ်ပဲ အရေးကြီးတဲ့ ကာလမှာ အရာရာကို ချင့်ချိန်ပြီးတော့ တချို့ကိစ္စတွေက သိသိကြီးနဲ့ လိုက်ရှောင်ထားရတဲ့အရာတွေလည်း ရှိတယ်။ ရပ်ကွက်ထဲမှာဆို ရောင်းဝယ်ဖောက်ကားနေတာတွေ ရှိတယ်၊ သုံးစွဲနေတာ ရှိမယ်။

ဒီလူငယ်တွေက ဟိုဘက်လည်း မလွတ်ကင်း၊ ဒီဘက်နဲ့လည်း မလွတ်ကင်း ဖြစ်နေတော့ သွားပြီး သူတို့ကို ကိုင်တွယ်လိုက်တာနဲ့ တခြားကိစ္စတွေ မလိုလားအပ်တဲ့ နိုင်ငံရေး ရန်တိုက်မှုတွေ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုတွေ ဖြစ်လာတော့ ကိုယ့်ကိုကိုယ် ကာကွယ်ပေးမယ့် နောက်ခံလည်းမရှိ တခါတလေ ကျနော်တို့ တတ်နိုင်သလောက် ကိုင်တွယ်လိုက်တဲ့ကောင်တွေက စစ်ကောင်စီနဲ့ အဆက်သွယ်ရှိနေတော့ ကျနော်တို့အတွက် ပြဿနာတက်နိုင် တယ်။

ဟိုဘက်ခြမ်း (တော်လှန်ရေးအဖွဲ့) နဲ့ အဆက်သွယ်ရှိနေရင်လည်း ကိုယ့်အတွက် ပြဿနာတက်နိုင်တယ်။ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ဒီစစ်အုပ်ချုပ်ရေးကာလ ဖြစ်သွားတဲ့ အချိန်ကနေစပြီး အရင်ကထက်ကို အများကြီး ဆိုးသွမ်းလာတယ်။ တော်တော်လေး ဆိုးဆိုးဝါးဝါး ဖြစ်လာပါတယ်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here