တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ရှိမြို့နယ်များတွင် မိုးစပါးစိုက်ပျိုးချိန်ရောက်သော်လည်း လယ်ဧကအများစု စပါး မစိုက်ပျိုးနိုင်

0
15

ရခိုင်ပြည်အတွင်း စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားနေသည့် မောင်တော၊ သံတွဲ၊ အမ်း၊ တောင်ကုတ်၊ ကျောက်ဖြူမြို့နယ်ရှိ လယ်ဧကအများစုတွင် မိုးစပါးမစိုက်ပျိုးနိုင်သေးကြောင်း တောင်သူများထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ လက်နက်ကြီးနှင့် လေကြောင်းအန္တရာယ်၊ မိုင်းအန္တရာယ်များကြောင့် ယင်းဒေသများရှိ လယ်ဧက ၃၀ ရာခိုင်နှုန်းခန့်သာ စပါးစိုက်ပျိုးနိုင်သေးကြောင်း တောင်သူများက ပြောသည်။

“အကုန်လုံးထွက်ပြေးနေရတော့ လယ်လုပ်မယ့်လူ မရှိတော့ဘူး။ မြို့အနီးပတ်ဝန်းကျင်က ကျေးရွာတွေ၊ ဗျူဟာ၊ တပ်စခန်းတွေ ရှိတဲ့အနားက ကျေးရွာတွေလည်း လယ်မလုပ်နိုင်ဘူး” ဟု မောင်တောမြို့နယ်၊ ရွှေရင်အေးကျေးရွာမှ လယ်သမားတစ်ဦးက ပြောသည်။

မောင်တောမြို့နယ်က ညောင်ချောင်း၊ ရွှေရင်အေး၊ ပန်းတောပြင်၊ သစ်တောကျေးရွာ၊ လှဘော်ဇား၊ အင်းဒင် စသည့် ကျေးရွာများရှိ လယ်ဧက ၈၀ ရာခိုင်နှုန်းမှာ မိုးစပါးစိုက်ပျိုးနိုင်ခြင်း မရှိသေးကြောင်း ဒေသခံတို့ထံမှ သိရသည်။

တိုက်ပွဲပြင်းထန်ဖြစ်နေသော သံတွဲမြို့နယ်တွင် ကျေးပေါင်း ၂၀ ကျော်မှ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြပြီး ကျန်ကျေးရွာများမှ လယ်သမားများမှာလည်း သွင်းအားစုစရိတ် ကြီးမြင့်မှုကြောင့် စပါးစိုက်ပျိုးရန် ခက်ခဲနေ ကြသည်ဟု ဆိုသည်။

သံတွဲမြို့နယ်မှ လယ်သမားတစ်ဦးက “လက်နက်ကြီးကြောင့် ကျွဲ၊ နွားတွေ ထိခိုက်သေဆုံးတာရှိတယ်။ အခုလို လယ်ယာစိုက်တဲ့အချိန် ပြေးနေရတော့ လယ်မလုပ်နိုင်တော့ပါဘူး။ လာမယ့်နှစ် စားဝတ်နေရေးကတော့ ဘယ်လိုလုပ်ရမှန်းတောင် မသိတော့ဘူး” ဟု ပြောသည်။

ယင်းအပြင် ကျောက်ဖြူမြို့နယ်မှ စိုင်ခြုံ၊ စစ်တော၊ စည်မော်၊ ရှောက်ချောင်း၊ သစ်ပုတ်တောင်၊ ဂုံးချွိန်၊ အုန်းတော စသည့် ကျေးရွာပေါင်း ၂၀ ကျော်မှ တောင်သူများမှာလည်း မိုင်းအန္တရာယ်ကြောင့် လယ်မလုပ်နိုင်ကြပေ။

အဆိုပါကျေးရွာများ အနီးတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးပြီး ယာယီစခန်းချ နေထိုင်မှု၊ လယ်ကွင်းများ၊ တောင်လမ်းနေရာများ၊ တောင်ကုန်းအနီးများ၌ မိုင်းထောင်ခဲ့မှုများရှိကြောင်း ဒေသခံများက ပြောသည်။

“လယ်ကွင်းတွေနဲ့ လယ်ကွင်းနားက တောစပ်တွေ၊ တောင်တွေမှာ မကြာခဏ မိုင်းပေါက်ကွဲတာတွေ ရှိတယ်။ ဒါကြောင့် မိုးစပါးစိုက်ပျိုးချိန်ရောက်ပေမယ့် ကျနော်တို့ရွာက တောင်သူတချို့ကတော့ လယ်မလုပ်ဘဲနေရတယ်” ဟု ကုလဘာကျေးရွာမှ လယ်သမားတစ်ဦးက ပြောသည်။

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ရမ်းဗြဲ၊ မြေပုံ မြို့နယ်တွင်လည်း ဓာတ်မြေဩဇာရှားပါးမှု၊ စက်သုံးဆီဈေးမြင့်တက်မှု၊ သွင်းအားစု စရိတ်ကြီးမြင့်မှုတို့ကြောင့် တောင်သူများမှာ စိန်ခေါ်မှုများကြားမှ လယ်လုပ်နေကြရသည်။

ယင်းအပြင် လယ်ယာလုပ်ငန်းခွင် အနီးအနားတွင် တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ပြီး မိုင်းနှင့် စစ်ကျန်လက်နက် အန္တရာယ်နှင့် ပတ်သက်၍လည်း တောင်သူများက စိုးရိမ်နေကြသည်။

“စက်သုံးဆီ ဈေးကြီးတာကြောင့် စက်နဲ့မထွန်နိုင်တော့ ရှိတဲ့နွားနဲ့ပဲ လယ်ထွန်နေပါတယ်။ မျိုးစေ့လိုအပ်ချက်တွေ ရှိပါတယ်။ ပြီးတော့ ဓာတ်မြေသြဇာလည်း ရှာမရဘူး။ လယ်သမားတွေ အကုန်လုံးက ဒီနှစ်လယ်လုပ်ဖို့အတွက် ရင်လေးနေကြတယ်” ဟု ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာမှ တောင်သူတစ်ဦးက ပြောသည်။

ရခိုင်ဒေသအတွင်းကတောင်သူများ ယခုနှစ်တွင် အချိန်မီ ထွန်ယက်စိုက်ပျိုးရေးနိုင်ရေး လယ်ယာလုပ်ငန်း အတွက် လိုအပ်သည်များကို ကူညီပေးဆောင်ရွက်ပေးသွားမည်ဟု အာရက္ခတပ်တော် (AA) က ပြောဆိုထားသည်။

လက်ရှိတွင် မြို့နယ်တချို့၌ ထွန်စက်ဖြင့် ထွန်ယက်ပေးနေပြီး မျိုးပါး၊ သွင်းအားစုစရိတ်နှင့် လယ်ယာသုံး ပစ္စည်းများ ဖြန့်ဖြူးပေးနိုင်ရန် စာရင်းကောက်ယူမှုများရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ရခိုင်တွင် လယ်ဧက ၁၂ သိန်းခွဲ ကျော်ရှိပြီး ပြီးခဲ့သည့်နှစ်က မိုခါမုန်တိုင်းကြောင့် လယ်ဧက ၉ သိန်းကျော်သာ စိုက်ပျိုးနိုင်ခဲ့သည်။ ယခုနှစ်တွင်လည်း တောင်သူများမှာ စိန်ခေါ်မှုများစွာ ရှိနေကြ၍ စိုက်ပျိုးဧက လျော့နည်းမည့်အခြေအနေ ဖြစ်နေသည်ဟု ဆိုသည်။

“ပုံမှန်အနေအထားမှာတောင် ပြည်တွင်းစားသုံးဖို့ ဆန်ရိက္ခာ မလုံလောက်တာ။ အခုလိုကာလမျိုးမှာ စိုက်ပျိုးမှု နည်းသွားမယ် ဆိုရင်တော့ လာမယ့်နှစ် စားနပ်ရိက္ခာအတွက် စိန်ခေါ်မှု အများကြီးရှိနိုင်တယ်။ ရခိုင်ပြည်ရဲ့ စိုက်ပျိုးရေးလုပ်ငန်း ရှင်သန်လာဖို့ AA မှာလည်း တာဝန်ရှိတယ်” ဟု ရခိုင်က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ရခိုင်ဒေသ၏ ကျေးလက်နေပြည်သူ ၇၀ ရာခိုင်နှုန်းခန့်မှာ လယ်ယာစိုက်ပျိုးရေးဖြင့် အဓိကအသက်မွေးကြပြီး ထိုလုပ်ငန်းမှာ ရခိုင်ပြည်၏ ပင်မစီးပွားရေးလုပ်ငန်းလည်း ဖြစ်သည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here