အင်းတော်မြို့နယ် နန့်သာရွာစခန်းကိုသိမ်းပိုက်နိုင်ပြီး လက်နက်အများအပြား သိမ်းဆည်းရမိ

0
14

စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်၊ နန့်သာကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ၏ ရှေ့တန်းစစ်စခန်းတစ်ခုကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမှတ်-၁ စစ်ဒေသက ဇွန်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်သည်။

နန့်သာကျေးရွာစစ်စခန်းတွင် ဗိုလ်ကြီးပြုံးမောင်မောင်ဦးစီးသည့် တပ်မ ၇၇ လက်အောက်ခံ ခလရ (၆) ကို တော်လှန်ရေးအင်အားစုများဖြစ်သည့် ကသာခရိုင် တပ်ရင်း- ၂ ၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် အင်းတော်မြို့နယ်ပကဖ ပူးပေါင်းအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အင်းတော်မြို့နှင့် ဗန်းမောက်မြို့ မြို့နယ်ချင်းဆက်လမ်းပေါ်ရှိ နန့်သာကျေးရွာတပ်စခန်းကို တိုက်ခိုက်ရာတွင် စစ်ကောင်စီ အလောင်း (၁၄) လောင်း၊ လက်နက်မျိုးစုံ (၂၀) လက်၊ ဒရုန်းဖြတ်လက်နက် (၁) လက်၊ ကျည်မျိုးစုံ (၈၄၉၂) တောင့်၊ ဗုံးသီးမျိုးစုံ (၄၂) လုံး၊ မိုင်းမျိုးစုံ (၁၅) လုံး၊ ကျည်အိမ်မျိုးစုံ (၄၁) ခု၊ ဆက်သွယ်ရေးစက် (၁၂) လုံး၊ ကြားဖြတ်စက် (၁) လုံး၊ Power Station (၁) လုံး၊ ဦးထုပ် (၁၁) လုံး၊ ဆန်အိတ် (၄၁) အိတ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် သက္ကယ်ကျင်းကျေးရွာမှ နန့်သာဘက်ကို စစ်ကူသွားခဲ့ပေမယ့် တော်လှန်ရေးအင်အားစုများ၏ ဟန့်တားတိုက်ခိုက်မှုကြောင့် ရှေ့မဆက်နိုင်ဖြစ်ပြီး လေယာဥ်ပစ်ကူနှင့် အမြောက်ပစ်ကူများ အကူအညီတောင်းပြီး နောက်ဆုတ်သွားရကြောင်း နန့်သာဒေသခံများထံမှ သိရသည်။

“အနောက်က သက္ကယ်ကျင်းက တပ်ကစစ်ကူလာတယ်တဲ့။ ဒါပေမယ့် မထိုးဖောက်နိုင်တာကြောင့်မို့ နန့်သာဘက် မရောက်နိုင်ဘူး။ မရောက်နိုင်တာကြောင့်မို့ လေယာဥ်ပစ်ကူတောင်းပြီးမှ အမြောက်ပစ်ကူတောင်းပြီးမှ နောက်ဆုတ်သွားတယ် ပြောတယ်” ဟု နန့်သာဒေသခံတစ်ဦးက ဆိုသည်။

နန့်သာကျေးရွာတွင် တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတပ်တို့သည် ၂၀၂၂ ခုနှစ်မှစပြီး တလှည့်စီ အပြန်အလှန် တပ်စွဲနေသည့် နေရာတစ်ခုလည်းဖြစ်သည်။

နန့်သာကျေးရွာတွင် ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့တွင်လည်း လေကြောင်းမှတိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ နီးပါး သေဆုံးခဲ့သည်ဟု Indaw Revolution IR အဖွဲ့မှ ထုတ်ပြန်ပြောဆိုထားသည်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here