ဟုမ္မလင်းမြို့နယ်အတွင်း လက်နက်ကြီးပစ်ခတ်မှုများရှိနေပြီး စစ်ရေးတင်းမာနေဆဲဖြစ်

0
9

စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ချင်းတွင်း မြစ်ကြောတလျှောက်ကို ပစ်ခတ်မှုများရှိနေပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF များနှင့် စစ်ရေးတင်းမာမှုများ ရှိနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“လက်နက်ကြီးသံတွေကြားတာ ဘယ်ဘက်ကတော့ မသိဘူး။ ဆက်ကယား၊ နောင်မှော်တို့ မုက္ကလိတို့ဘက်ကို လှမ်းပစ်တာနေမှာ၊ ကက်သာတောင်ပေါ်ကနေ လှမ်းပစ်တာ။ ဒီနေ့မနက် လက်နက်ကြီးသံ ကြားနေတယ်။ ၂ ချက် နောင်မှော်တို့၊ မိန်းကလိဘက်မှာ ပူပေါင်းတပ် (KIA ၊ PDF) တွေ ရောက်နေပြီ” ဟု ဟုမ္မလင်းမြို့ခံတစ်ဦးက ပြောဆိုသည်။

ဟုမ္မလင်းမြို့နယ်အတွင်း ပြီးခဲ့သည့် မေလကတည်းက စစ်ကောင်စီတပ်၊ ရှမ်းနီအမျိုးသားများတပ်မတော် SNA၊ ပြည်သူ့စစ်အဖွဲ့နှင့် KIA, PDF ပူးပေါင်းတပ်ဖွဲ့များကြား ချင်းတွင်းမြစ်တလျှောက်တွင် မေလ ဒုတိယအပတ်ကစပြီး တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများအားလုံး ပြတ်တောက်သွားခြင်းကြောင့် သတင်းအချက်အလက် ပြတ်တောက်သွားခဲ့ရပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ဟုမ္မလင်းမြို့မှ မန္တလေးမြို့ကို ရောက်ရှိလာသူများထံမှ သိရသည်။

“တောင်ပေါ်ကနေ ထုတယ်။ မိန်းကလိ (မုက္ကလိ) ကို လှမ်းထုတာနေမှာ။ ကတ်သာအောက်က ထုန်မာတဲ ဒါပဲကျန်တာ။ ဒီနားမှာပဲ နောင်ပိုအောင်တိုက်မှာပဲ အခုတလောကတော့ ၃ ရက်လောက်ရှိပြီ ငြိမ်နေတာ။ ဒီနေ့ မနက်မှ လက်နက်ကြီးတွေနဲ့ လှမ်းထုနေတာ” ဟု နောင်ပူအောင်မှ ဟုမ္မလင်းမြို့ပေါ်သို့ စစ်ရှောင်နေသူ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

စစ်ရေးတင်းမာမှုများကြောင့်လည်း ဟုမ္မလင်းမြို့နှင့် နောင်ပူအောင်စံပြကျေးရွာကို ဆက်သွယ်ထားသော ဥရုတံတားကို အချိန်အကန့်အသတ်ဖြင့်သာ ဖြတ်သန်းသွားလာနေကြရပြီး ဒေသခံများ ကူးသန်းသွားလာရေးအတွက် အခက်အခဲဖြစ်နေကြကြောင်း ပြောဆိုကြသည်။

ယင်းအပြင် တိုက်ပွဲများကြောင့် ဒေသခံရာနှင့်ချီသည်လည်း ဟုမ္မလင်းမြို့ပေါ်နှင့် နီးစပ်ရာကျေးရွာများတွင် စစ်ဘေးတိမ်းရှောင်နေရပြီး စစ်ဘေးရှောင်များနှင့် ပတ်သက်သည့် သတင်းအချက်အလက် အသေးစိတ်နှင့် ၎င်းတို့၏ အခြေအနေကို စုံစမ်းနိုင်ခြင်း မရှိသေးပါ။

ဟုမ္မလင်းမြို့နယ်အတွင်း အင်တာနက်လိုင်းများနှင့် ဖုန်းလိုင်းများ ဖြတ်တောက်ခံထားသည်မှာ တစ်လခွဲကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် အခြေအနေအားလုံးနှင့်ဆိုင်သော သတင်းအချက်အလက်များ ပြတ်တောက်နေကြဆဲလည်း ဖြစ်သည်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here