ဗန်းမောက်တွင် မှိုသွားရှာသည့် အမျိုးသမီးများမိုင်းနင်းမိပြီး သေဆုံးဒဏ်ရာရရှိ

0
29
ပုံစာ - မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့သည့် ဒေသခံအမျိုးသမီးတစ်ဦး ဆေးကုသမှုခံယူနေစဉ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့နယ် မြောက်ပိုင်းဒေသ ဘူးတောင်းကျေးရွာမှ ဒေသခံအမျိုးသမီး ၇ ဦးသည် တောထဲမှိုရှာသွားရှာချိန်တွင် မိုင်းနင်းမိပြီး ၂ ဦး သေဆုံးကာ ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့ မနက်ပိုင်းက ဗန်းမောက်မြို့၊ ဘူးတောင်းကျေးရွာနှင့် နန့်မားကျေးရွာ ဆက်သွယ်ထားသည့် သစ်ထုတ်လုပ်ရေးကားလမ်းကြား (ဒေသအခေါ်) ကညှင်ပင်စုတွင် မှိုသွားရှာရင်း မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း မိုင်းနင်းမိသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

အဆိုပါမိသားစုဝင်က “မှိုက ရပြီတဲ့ညယ်။ မှိုရပြီဆိုပြီးမှ ပုံထားတာတဲ့ မှိုကပုံထားပြီးမှ မှိုဥ (အင်ဥ) ကြည့်ချေ (သွားရှာကြည့်) ဦးမယ်ဆိုပြီးမှ ပြန်ဆင်းသွားတယ်တဲ့လေ။ အဲ့ဒီနေရာကိုလည်း သွားပြီးပြီ။ ပြန်တက်ခဲ့တဲ့နေရာမှာ လာဖြစ်လိုက်တာတဲ့။ သွားတာကြတော့ သူတို့ ၇ ယောက်၊ ၇ ယောက်သွားတာက ၃ ယောက် ဖြစ်သွားတာပါ့အေး” ဆိုသည်။

ကညှင်ပင်စုတွင် မှိုသွားရှာသူ ဒေသခံအမျိုးသမီး ၇ ဦးတွင် မိုင်းနင်းမိသည့် ဒေသခံ ဒေါ်အီသန်းနှင့် ဒေါ်မစိန်တို့နှစ်ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး၊ ဒေါ်ချိုချိုမြင့်သည် ပြင်းထန်ဒဏ်ရာရရှိကာ မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါကုသမှု ခံယူနေဆဲဖြစ်ကြောင်း သိရသည်။

မိုင်းထိဒဏ်ရာရရှိသူ ဒေါ်ချိုချိုမြင့်သည့် ခြေကျင်းဝတ်ဒဏ်ရာ၊ ဒူးဆစ်ဒဏ်ရာနှင့် စတီးရိုးထည့် ကုသမှုခံယူနေရပြီး ဇွန်လ ၃၀ ရက်နေ့အထိ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း သိရသည်။

“ဒီလိုပဲ ရှိသေးတယ်။ ဆေးရုံက ဘယ်အချိန်ဆင်းမယ် မသိရသေးဘူး။ အခြေအနေကတော့ ကောင်းပါတယ်” ဒေါ်ချိုချိုမြင့်၏ အခြေအနေကို မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

ဗန်းမောက်မြို့နယ် မြောက်ပိုင်းဒေသတွင် ထောင်ထားသော မြေမြှုပ်မိုင်းသည် မည်သည့်အဖွဲ့အစည်းက ထောင်ထားသည့် မိုင်းဖြစ်ကြောင်းကို မည်သည့်အဖွဲ့ကမှ ထုတ်ပြန်ပြောဆိုခြင်း မရှိတာကြောင့် မသိရှိရသေးပါ။

မိုင်းနင်းမိသည်နေရာနှင့် အနီးတဝိုက်တွင် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဗန်းမောက်)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ ဖြတ်သန်းသွားလာသည့်နေရာဖြစ်သည့်အပြင် ယခင်က စစ်ကောင်စီစစ်ကြောင်းများလည်း ဖြတ်သန်းမှုများ ရှိခဲ့သည့်နေရာဖြစ်ကြောင်း ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။

ဗန်းမောက်မြို့နယ်အတွင်းရှိ တောင်ပိုင်းဒေသ၊ မြောက်ပိုင်းဒေသနှင့် အနောက်ပိုင်းဒေသများတွင် လက်နက်ကိုင်တပ်ဖွဲ့များ၏ မြေမြှုပ်မိုင်းများကြောင့် ၂ နှစ်ကျော်အတွင်း ဒေသခံ ၁၀ ဦးထက်မနည်း မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း မှတ်တမ်းများအရ သိရပါသည်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here