နှစ်ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၂၄ ခု သိမ်းနိုင်ကြောင်း TNLA ကြေညာ

0
33
Photo – Social Media

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့ကြား တကျော့ပြန်တိုက်ပွဲ နှစ်ရက်တာအတွင်း စစ်ကောင်စီတပ်စခန်း ၂၄ ခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟု TNLA က ထုတ်ပြန်လိုက်သည်။

ဇွန်လ ၂၅ ရက်နေ့ နံနက်စောပိုင်းတွင် စတင်လိုက်သည့် “၁၀၂၇ စစ်ဆင်ရေး” တကျော့ပြန်တိုက်ပွဲဖြစ်သည့် ရှမ်းမြောက်ရှိ သီပေါ၊ ကျောက်မဲ၊ နောင်ချိုမြို့တို့နှင့် မန္တလေးတိုင်းထဲက မိုးကုတ်၊ မိုးမိတ် မြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ် TNLA၊ မန္တလေး PDF ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခြင်းဖြစ်သည်။

ကျောက်မဲမြို့နယ်ထဲက နားအိုက်ခန်း၊ စခန်းသာ၊ ငြိမ်းချမ်းရေးကုန်း၊ အမှတ် (၃၅၂) အမြောက်တပ်ကုန်း၊ အင်ကြင်းကိုင်း၊ ဂေါက်ကွင်းအထက်၊ ထွေအုပ်ရုံး၊ ရဲစခန်း နေရာများနှင့် နောင်ချိုမြို့နယ်ထဲက ခမရ (၁၁၅)၊ ရဲစခန်း၊ ကံ့ကော်၊ ခဲမွန်၊ ကျောက်ကြမ်း၊ ဆေးရုံ၊ တိုးဂိတ်၊ စက်ရုံ၊ ဘူတာရုံ၊ ရွှေညောင်ပင်၊ အုမ္မတီးစခန်းတို့ကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက “လက်ရှိကတော့ စခန်းတွေကို ကျမတို့ကထိန်းသိမ်းထားဆဲပေ့ါနော်။ စစ်တပ်ဘက်ကလည်း လေကြောင်းကနေ တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ကူတာတွေ ဆက်တိုက်လုပ်နေပါတယ်။ လက်ရှိက စစ်ကောင်စီက ဟိုင်ဂင်သဘောတူညီမှုကို ချိုးဖောက်ပြီး အရပ်သားဦးတည်ပြီးတော့မှ တိုက်ခိုက်တာ မျိုးတွေရှိသလို နောက်တခုက ကျမတို့ဒေသတွေကို ပစ်မှတ်ထား​ပြီး တိုက်ခိုက်နေတာမျိုးတွေ တွေ့ရပါတယ်” ဟု ပြောသည်။

အလားတူ မိုးကုတ်မြို့နယ်တွင် ဒေါ်နန်းကြည်တောင်၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေနှင့် ဖြူရောင်ကုန်းတို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

ကျောက်မဲမြို့က တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက “ကျနော်တို့ ကျောက်မဲမှာက လူနေရပ်ကွက်တွေထဲ လက်နက်ကြီးတွေ ကျတာ။ မိသားစုတစ်စုဆို လေးယောက်သေသွားတယ်။ ရပ်ကင်းဘက်လည်း လက်နက်ကြီးကျပြီး ဒဏ်ရာရရှိတဲ့သူတွေ များတယ်။ တိုက်ပွဲက ဆက်တိုက်ဖြစ်နေတာဗျ” ဟု ပြောသည်။

နှစ်ရက်တာတိုက်ပွဲအတွင်း ကျောက်မဲ၊ နောင်ချိုနှင့် မိုးကုတ်မြို့နယ်ထဲ စစ်ကောင်စီ၏ တပ်စခန်းပေါင်း ၂၄ ခု သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား အလောင်း ၂၀ နှင့် လက်နက်ချ အလင်းဝင်ခဲ့သည့် စစ်ကောင်စီတပ်သား ၁၇ ဦးကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု TNLA က ဆိုသည်။

ထို့အပြင် စစ်လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။

ကျောက်မဲမြိုနယ်ထဲတွင် တအာင်းတပ်ထံ လက်နက်ချ အလင်းဝင်လာသည့် စစ်ကောင်စီ တပ်ဖွဲဝင် (၁၇)နှင့် အတူ ၆၀ မမ (၂) လက်၊ စလတ် (၆) လက်၊ RPG-7 (၂) လက်၊ စနိုက်ဘာ (၁) လက်၊ ပစ္စတို (၅) လက်၊ မိုင်း (၅) လုံး၊ ၆၀ မမ ဗုံးသီးနှင့် RPG ဗုံးသီးများအပြင် စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက်မျိုးစုံ (၅၉) မျိုးနှင့် ခဲယမ်းများစွာကို သိမ်းဆည်းရမိခဲ့သည်ဟု ပြောဆိုသည်။

အဆိုပါ နှစ်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုအပြင် လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် အရပ်သား ၆ ဦး သေဆုံးခဲ့ပြီး ၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်နေ့တွင် စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အတွင်း ညီနောင်မဟာမိတ်သုံးဖွဲ့က မြို့ပေါင်း ၂၀ ကျော်အပြင် စစ်ကောင်စီ၏ တပ်စခန်းကြီး/ငယ်ပေါင်း ၄၀၀ ကျော်ကို သိမ်းပိုက်ရရှိခဲ့သည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here