ရှမ်းတောင်ရောက် လွိုင်ကော်စစ်ဘေးရှောင်များ နေရပ်ပြန်ရန် ဖိအားပေးခံနေရ

0
27
ပုံစာ - ရှမ်းတောင်ရောက် လွိုင်ကော်စစ်ဘေးရှောင်များ

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရောက်ရှိနေသော လွိုင်ကော်မြို့မှ စစ်ဘေးရှောင်များအား စစ်ကောင်စီက နေရပ်သို့ ပြန်လည်နေထိုင်ကြရန် အတင်းအကျပ် ဖိအားပေးခံရနေသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

ကရင်နီ (ကယား) ပြည်မြို့တော် လွိုင်ကော်မြို့တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများ ပြန်လည်လည်ပတ် နိုင်ရန်အတွက် စစ်ကောင်စီက အပြင်းအထန်ကြိုးပမ်းနေပြီး ရှမ်းပြည်တောင်ပိုင်းသို့ စစ်ဘေးတိမ်းရှောင်နေသည့် လွိုင်ကော်ဒေသခံစစ်ဘေးရှောင်များကို နေရပ်သို့ ပြန်လည်နေထိုင်ကြရန် ဖိအားပေးနေခြင်းဖြစ်သည်။

စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက “သူတို့စာထုတ်တာကတော့ ၁၆ ရက်နေ့ မဟုတ်ရင် ၂၀ ရက်နေ့ အကုန်ပြန်ရမယ်ဆိုပြီး ပြောတဲ့ကျောင်းတွေလည်း ရှိတယ်။ တကယ်လည်း ထွက်ရတဲ့ကျောင်းတွေလည်း ရှိတယ်ပေါ့နော်။ တချို့ကျောင်းတွေကျတော့ တည်းနေတဲ့ဘုန်းကြီးကျောင်းတွေကို အကူညီတောင်းတာမျိုးတို့ ဆက်နေခွင့်ပေးပါဆိုပြီး ပြန်အကူအညီတောင်းတာမျိုး ရှိနေကြတော့လည်း မပြန်နဲ့ နေခဲ့ရတဲ့ကျောင်းတွေလည်း ရှိတယ်။ တကယ်ပြန်ရတဲ့ ကျောင်းတွေလည်းရှိတယ်” ဟု ပြောသည်။

စစ်ကောင်စီက နေရပ်သို့ ပြန်လည်နေထိုင်ရန် စာထုတ်ပြန်ပြီးနောက် လွိုင်ကော်မြို့အတွင်းရှိ စစ်ကောင်စီ ထိန်းချုပ်ထားသော ရပ်ကွက်များဖြစ်သည့် ဧက ၅၀၀၊ ကြည်သာယာ၊ လောဓမ ဘက်တို့တွင် ပြန်လည် နေထိုင်ကြသူ အနည်းငယ်ရှိပြီး၊ တချို့မှာ ချန်ထားခဲ့သော ပစ္စည်းများသယ်ယူရန် ပြန်ကြသူ ပို၍များသည်ဟု ၎င်းကဆိုသည်။

လက်ရှိတွင် လွိုင်ကော်မြို့တွင်း၌ အခြေအနေများ မတည်ငြိမ်သေးသဖြင့် စစ်ရှောင်အများစုမှာ နေရပ်သို့ မပြန်ရဲကြသေးသောကြောင့် စစ်ကောင်စီက လွိုင်ကော်ဒေသခံ အစိုးရဝန်ထမ်းမျာအား အဓိက ပြန်လည်ခေါ်ယူနေသည်။

နေရပ်သို့ ပြန်လည်တာဝန်မထမ်းဆောင်ကြသော Non CDM ဝန်ထမ်းများအား လစာဖြတ်တောက်မှုများလည်း ရှိနေသည်ဟု စစ်ဘေးရှောင်တစ်ဦးက ပြောပါသည်။

“ လွိုင်ကော်မြို့နယ်ဆိုရင် မပြန်မဖြစ် ပြန်ရမယ်ဆိုပြီး အမိန့်တော့ထုတ်ထားတယ်။ မပြန်ရဲတဲ့သူတွေက များပါတယ်။ မပြန်ချင်တဲ့သူကလည်း များတယ်။ ဟိုဘက်မှာကျတော့ ဝန်ထမ်းတစ်ယောက်အတွက် အဆင်မပြေ ဘူးပေါ့နော်၊ လွိုင်ကော်မြို့နယ်က မပြန်မဖြစ် ပြန်ရမယ်ဆိုတော့ မပြန်ဘဲနဲ့ နေခဲ့တဲ့သူတွေဆိုရင် လုပ်ငန်းခွင် မဝင်လို့ အလုပ်ဝင်မလုပ်လို့ဆိုပြီး လစာဖြတ်တာတို့ ပြစ်ဒဏ်ပေးတာတွေရှိတယ်ပေါ့နော်” ဟု ၎င်းက ဆိုသည်။

နေရပ်ပြန်လိုသည့် လွိုင်ကော်ဒေသခံ Non CDM ဝန်ထမ်းများအတွက်လည်း စစ်ကောင်စီဘက်က ကားအခမဲ့ စီစဉ်ပေးခြင်းများရှိပြီး နေရပ်ကို ပြန်လိုသောဒေသခံများအနေဖြင့်လည်း စာရင်းပေးသွင်း၍ ပြန်လည်နေထိုင်နိုင်သည်ဟု စစ်ကောင်စီနှင့် နီးစပ်သူများက ပြောသည်။

စစ်ကောင်စီက လွိုင်ကော်မြို့အတွင်း ပြန်လည်နေထိုင်ကြရန် ပြောနေသော်လည်း မြေပြင်တွင် စစ်ကောင်စီတပ် စစ်ကြောင်းများ ဆက်တိုက်ထိုးနေသောကြောင့် နှစ်ဖက်တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားလာနိုင်၍ ပြန်လည်နေထိုင်ခြင်း မလုပ်ကြသေးရန် ကရင်နီတောင်လှန်ရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးတာဝန်ခံ စောတာအယ်စိုးက “လွိုင်ကော်မြို့ရဲ့ မြို့ပေါ်ရပ်ကွက်တွေမှာကတော့ စစ်ကောင်စီက စစ်ကြောင်းနဲ့ လှုပ်ရှားနေတာ ရှိတယ်ပေါ့နော်။ ဘယ်ရပ်ကွက်တွေကတော့ ပြန်လို့ရတယ် မရဘူးဆိုတာကိုတော့ ကျနော်တို့ အတိအကျ မပြောလိုပါဘူး။ ခဏနေ ပြန်လို့ရတယ်ပြောပြီး ထိခိုက်တာတွေ ဘာတွေဖြစ်ရင် အဆင်မပြေဘူးပေါ့နော်။ ဆိုလိုချင်တာကတော့ မြို့တစ်ခုလုံးမှာ ပြန်နေတာကတော့ လုံခြုံစိတ်ချမှု မရှိသေးဘူးလို့ပဲ ပြောရမှာဖြစ်ပါတယ်” ဟု ပြောသည်။

တစ်လေးလုံးစစ်ဆင်ရေးနောက်ပိုင်း ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွေမြို့နယ်ရှိ ဘုန်းကြီးကျောင်းများတွင် ဖွင့်ထားသော စစ်ဘေးရှောင်စခန်း ၁၆ ခု နှင့် အနီးဝန်းကျင်က ကျေးရွာများထဲတွင် ခိုလှုံနေကြသော ကရင်နီ စစ်ဘေးရှောင်ဦးရေ ၂၀,၀၀၀ ခန့် ရှိသည်ဟု အကူအညီပေးနေသူများက ပြောသည်။

တစ်လေးလုံး စစ်ဆင်ရေး စတင်လိုက်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့မှစတင်၍ လွိုင်ကော်ဒေသခံ ၅၀,၀၀၀ ခန့် မှာ နေရပ်ကနေစွန့်ခွာ၍ စစ်ဘေးရှောင်ကြရပြီး တိုက်ပွဲနှင့် မြေမြှုပ်မိုင်းအန္တရာယ်များကြောင့် လက်ရှိအချိန်ထိ နေရပ်သို့ပြန်နေထိုင်ရန် အခက်အခဲများရှိနေသည်ဟု ဒေသတွင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူများက ပြောသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here