“လုံခြုံရေးက အရမ်းကို စိုးရိမ်ရပါသေးတယ်။ တိုက်ပွဲတွေငြိမ်သက်သွားတယ်ဆိုပေမယ့် ဆွမ်ပရာဘွမ့်မြို့နဲ့ သိပ်မနီးမဝေး နေရာတွေမှာပဲ တိုက်ပွဲတွေက ရှိနေသေးတယ်။ ပြောရမယ်ဆိုရင် စစ်တပ်နဲ့ နီးနေသေးတယ်လို့ ပြောလို့ရမယ်။ ဒါကြောင့် အားလုံးလည်း သတိထားပြီးနေရတယ်” ဆွမ်ပရာဘွမ်ဒေသခံတစ်ဦး

0
28
ပုံစာ - ဆွမ်ပရာဘွမ့်ဒေသ

ဆွမ်ပရာဘွမ့်ဒေသခံများ နေရပ်ပြန်လည်ထူထောင်နေထိုင်ရာတွင် လက်ရှိကြုံနေရသည့် အခက်အခဲများ၊ လုံခြုံရေး အခြေအနေတို့နှင့် ပတ်သက်ပြီး ဆွမ်ပရာဘွမ်ဒေသခံတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့ပေါ်တွင် ၃ လခန့်ကြာ မြို့တွင်းတိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင့် ဆွမ်ပရာဘွမ့် ဒေသခံပြည်သူများသည် တောတွင်းနေရာများတွင် ၃ လ နီးပါးဝန်းကျင် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ဇွန်လ ၁၀ ရက်ကျော်နောက်ပိုင်း နေရပ်ကို ပြန်လည်နေထိုင်ကြပြီ ဖြစ်သည်။

ဒေသခံပြည်သူများ နေရပ်သို့ ပြန်လည်နေထိုင်ချိန်တွင် ၃ လဝန်းကျင် မြို့တွင်းတိုက်ပွဲဖြစ်ပွားခဲ့သည့် ဆွမ်ပရာဘွမ်မြို့ပေါ်ရှိ ပျက်စီးသွားသော နေအိမ်တွေကို ရှင်းလင်းရေးဆောင်ရွက်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း စတင်နေပြီဟု သိရသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က ဆွမ်ပရာဘွမ့်မြို့ကို လက်မလွတ်ရေးအတွက် လက်နက်ကြီးများနှင့် သာမက ဂျက်ဖိုက်တာ၊ Y – 12 စသည့် လေယာဉ်များနှင့် နေ့ညမပြတ် ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် တိုက်ပွဲအတွင်း ဆွမ်ပရာဘွမ့်မြို့တွင်းရှိ စစ်ကောင်စီတပ် ခလရ ၄၆ တပ်ရင်းနှင့် နီးကပ်သော ဒေသခံ လူနေအိမ် ၃၀ ကျော်မှာ နေထိုင်မရအောင် ထိခိုက်ပျက်စီးသွားသည်ဟု ဆိုပါသည်။

လက်ရှိတွင် နေရပ်ပြန်လာသည့် ဒေသခံပြည်သူတချို့သည် နေအိမ်ပျက်စီးသွားတာကြောင့် နေရာစရာမရှိဘဲ အခက်အခဲကြုံ တွေ့နေရသည်။ နေအိမ်မရှိတော့သည့် ဒေသခံများအတွက် စုပေါင်းပြီး ယာယီနေထိုင်လို့ရသည့် တဲအိမ်များ ဆောက်လုပ်ပေးထားသော်လည်း မိုးတွင်းကာလအတွက် အကာအကွယ်မဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

ဆွမ်ပရာဘွမ့်ဒေသခံများ နေရပ်ပြန်လည်ထူထောင်ရာမှာ လက်ရှိ ကြုံနေရသည့် အခက်အခဲများ၊ လုံခြုံရေး စသည့် အခြေအနေများနှင့် ပတ်သက်ပြီး ဆွမ်ပရာဘွမ်ဒေသခံ အမျိုးသားတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ဆွမ်ပရာဘွမ်ဒေသခံ ပြည်သူတွေ နေရပ်ပြန်လာကြပြီလို့ သိရပါတယ်။ နောက်ဆုံးအခြေအနေလည်း သိပါရစေ။

ဖြေ။ ။ ပြန်လာပြီလို့ ပြောလို့ရပါတယ်။ တိမ်းရှောင်နေတဲ့နေရာမှာက ဘယ်သူမှမရှိတော့ဘူး။ အခုက ကိုယ့်အိမ်မှာပဲ နားစွင့်ပြီးတော့ သတိထားနေကြတယ်။ မြို့ပေါ်ကို ပြန်ရောက်လာကြတာက တစ်ပတ်ကျော် လောက်ရှိလာပြီ။

မေး။ ။ နေရပ်ပြန်လာကြတဲ့အခြေအနေက လုံခြုံသွားလို့လား။ ဒါမှမဟုတ် KIA ဘက်က ပြန်ခွင့်ပြုတာလား။

ဖြေ။ ။ တိုက်ပွဲက ပြန်မဖြစ်တော့ဘူး။ အခုက မိုးတွင်းကာလလည်း ရောက်သွားပြီဆိုတော့ တောထဲမှာ ဆက်နေလို့ မရလာတဲ့ အခြေအနေမှာ ဖြစ်လာတယ်။ ဖျားနာတဲ့သူတွေလည်း များလာတယ်။ နေတဲ့နေရာမှာက မိုးကာတဲတွေနဲ့ပဲ နေကြတယ်ဆိုတော့ နေလို့မရတော့ဘူး။ အချိန်အကြာကြီး ဆက်နေလို့က မရတော့ဘူးလေ။ ဒါကြောင့် အားလုံးက နေရပ်ပြန်လာကြတဲ့ သဘောပါ။ KIO အစိုးရကလည်း ပြန်လာခိုင်းတာကြောင့်ပါတယ်။

မေး။ ။ ဆွမ်ပရာဘွမ့်တိုက်ပွဲက မြို့ပေါ်မှာဖြစ်တဲ့ တိုက်ပွဲဖြစ်တဲ့အတွက် ဒေသခံတွေ နေရပ်ပြန်လာတဲ့ အချိန်မှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေကြပြီလား။

ဖြေ။ ။ အခုက ပျက်စီးသွားတဲ့ နေအိမ်တွေ၊ အားလုံးမဟုတ်ဘဲ နည်းနည်းစီ ပျက်စီးသွားတဲ့ နေအိမ်တွေကို ဖြစ်သလိုလေး ပြုပြင်ပြီးတော့ နေထိုင်နေကြတယ်။ အိမ်မှာနေရင်လည်း ကိုယ့်နေအိမ်ကလွဲပြီး နေမယ့် နေရာလည်း မရှိတော့ ဖာထေးပြီးတော့ နေရတာပေါ့။ ဒါပေမယ့် အခုမိုးတွင်းကာလမှာတော့ အဆင်မပြေတာ များတယ်။ လောလောဆယ်က အခုမှ နေရပ်ပြန်လာကြတယ်ဆိုတော့ အစစအရာအရာ အရမ်းခက်ခဲနေ သေးတယ်။

မေး။ ။ တိုက်ပွဲအတွင်း နေအိမ်တွေက ဘယ်လောက်အထိ ထိခိုက်ပျက်စီးသွားလဲ။

ဖြေ။ ။ တချို့နေရာမှာက အရမ်းဆိုးရွားတဲ့ နေရာတွေပါတယ်။ ပိုထိခိုက်ပျက်စီးသွားတဲ့ နေရာတွေက စစ်တပ်ကုန်းနဲ့နီးတဲ့ နေအိမ်တွေက ပျက်စီးတာများပါတယ်။ စစ်တပ်ကုန်းရှိတဲ့ဘက်က ပျက်စီးသွားတာက အတိအကျ မသိရပေမယ့် ၃၀ ကျော်လောက် ရှိမယ်ထင်တယ်။ စစ်တပ်နဲ့ နည်းနည်းအလှမ်းဝေးတဲ့ နေရာတွေ လောက်မှာပဲ ထိခိုက်တာ နည်းတယ်။

မေး။ ။ လက်ရှိ ထိခိုက်ပျက်စီးသွားတဲ့နေအိမ်တွေကို တည်ဆောက်တဲ့အခါမှာ အကူအညီတွေရော ရနေတာရှိပါလား။

ဖြေ။ ။ လက်ရှိအချိန်အထိတော့ ကိုယ်ထူကိုယ်ထစနစ်နဲ့ အဆင်ပြေသလို လုပ်ယူနေကြတာပဲ။ ဘယ်သူမှ တာဝန်ယူပြီး လုပ်ဆောင်ပေးတာမျိုးက အခုချိန်အထိ မရှိသေးဘူး။ တခြားတင်ပြတောင်းဆိုထားတာလည်း မရှိပါဘူး။ ကျနော်တို့ ဒေသခံပြည်တွေအချင်းချင်းပဲ ကူညီရင်းနဲ့ ဆောက်ယူနေကြတာပဲ။

မေး။ ။ အခုက တိုက်ပွဲတွေပြန်ငြိမ်သက်သွားတဲ့ အနေအခြေအနေမှာရှိတယ်။ ဒေသခံတွေ နေရပ်ပြန်နေထိုင်တဲ့အခါမှာ လုံခြုံရေးအတွက် စိုးရိမ်ရတာမျိုးရော ရှိပါလား။

ဖြေ။ ။ လုံခြုံရေးက အရမ်းကို စိုးရိမ်ရပါသေးတယ်။ တိုက်ပွဲတွေ ငြိမ်သက်သွားတယ် ဆိုပေမယ့် ဆွမ်ပရာဘွမ့် မြို့နဲ့ သိပ်မနီးမဝေး နေရာတွေမှာပဲ တိုက်ပွဲတွေက ရှိနေသေးတယ်။ ပြောရမယ်ဆိုရင် စစ်တပ်နဲ့ နီးနေသေးတယ် လို့ ပြောလို့ရမယ်။ ဒါကြောင့် အားလုံးလည်း သတိထားပြီးနေရတယ်။ ပြီးရင် လေကြောင်းလည်း စိုးရိမ်နေရ သေးတယ်။

မေး။ ။ အခုပြန်လာနေထိုင်တဲ့ တစ်ပတ်ကျော်လောက်မှာ လက်နက်သံတွေ၊ လေကြောင်းလာတာမျိုးရှိပါလား။

ဖြေ။ ။ အခုချိန်အထိတော့ မရှိသေးပါဘူး။ ရှိလာမှာကိုပဲ ကြောက်နေရတာ။

မေး။ ။ ပြီးတဲ့ ဆွမ်ပရာဘွမ့်တိုက်ပွဲ သုံးလအတွင်းမှာ ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးတာမျိုး ရှိခဲ့လား။

ဖြေ။ ။ မရှိပါဘူး။ အားလုံးဘေးကင်းလုံခြုံမှု ရှိပါတယ်။

မေး။ ။ နောက်တစ်ခုက မြစ်ကြီးနား – ဆွမ်ပရာဘွမ် – ပူတာအို လမ်းအခြေအနေက ဘယ်လိုရှိသွားပြီလဲ။

ဖြေ။ ။ အခုအခြေနေမှာက တရားဝင် လွတ်လွတ်လပ်လပ် သွားလာခွင့် ရရှိတာမျိုးတော့ မရှိသေးဘူး။ လုံးဝ မဖြစ်မနေ သွားလာရမယ့် အနေအထားတွေ ရှိလာမှသာ သွားလာရတာမျိုးလောက်ပဲ ရှိသေးတယ်။

မေး။ ။ ဒါဆိုရင် အခုနေရပ်ပြန်လာနေထိုင်ကြတဲ့နောက်ပိုင်း အခက်အခဲဆိုရင်ဘာဖြစ်မလဲ။

ဖြေ။ ။ အဓိကတော့ နေအိမ်ဆောက်လုပ်ယူတာပါပဲ။ တချို့နေအိမ်တွေက လုံးဝနေလို့ မရတော့တဲ့ အခက်အခဲ ရှိတယ်။ မိုးတွင်းကာလမှာ ဖြစ်နေတယ်ဆိုတော့ သူတို့တွေ ခိုလှုံဖို့နေရာတော့ တော်တော်ခက်ခဲနေတယ်လို့ ပြောလို့ရတယ်။ အဓိကတော့ ပျက်စီးသွားတဲ့ နေအိမ်တွေကို အမြန်ဆုံးပြုပြင်နိုင်ဖို့ ဒါမှသာ ကျနော်တို့က လုံလုံခြုံခြုံနဲ့ နေလို့ရမှာ ဖြစ်တယ်။ ပြီးရင် အစားအသောက်တွေလည်း ဖြစ်သလိုပဲ စားရသောက်ရတဲ့ သဘောမှာပဲ ရှိတယ်။ အစားအသောက်တွေလည်း ခက်ခဲပါတယ်။

မေး။ ။ အခုဆွမ်ပရာဘွမ့်မှာက တိုက်ပွဲဖြစ်လာနိုင်ချေရှိသေးလား။ ဘယ်လိုထင်ပါလဲ။

ဖြေ။ ။ လောလောဆယ်က ဖြစ်လာမယ် မဖြစ်ဘူးဆိုပြီးတော့ မပြောတတ်ဘူး။ ဒါပေမယ့် ဒီနဲ့က နီးတဲ့ နေရာတွေမှာက တိုက်ပွဲတွေ ရှိနေသေးတော့ စိုးရိမ်နေကြတာပါပဲ။

မေး။ ။ အခုချိန်က ကျောင်းဖွင့်ချိန်ကာလလည်း ဖြစ်တယ်။ ဆွပ်ပရာဘွမ်မြို့မှာရော စာသင်ကျောင်းတွေ ဖွင့်မယ့် အစီအစဉ်တွေရှိနေပြီလား။

ဖြေ။ ။ အခုချိန်အထိတော့ ကျောင်းကမဖွင့်နိုင်သေးဘူး။ ကျောင်းကမဖွင့်တော့ဘူးလို့တော့ ပြောလို့မရသေးဘူး။ ဖွင့်မယ်လို့တော့ စီစဉ်နေတာတွေ ရှိနေပါပြီ။ မဖွင့်ဖြစ်သေးတာပဲရှိမှာ KIO ကလည်း စီစဉ်နေမယ်လို့ ထင်တယ်။

မေး။ ။ နောက်တစ်ခုက ဆွမ်ပရာဘွမ့်မြို့တစ်ခုလုံးကို KIA က သိမ်းပိုက်ထားပြီဆိုတော့ KIO အစိုးရရဲ့ အုပ်ချုပ်မှုအခြေအနေတွေ ဘယ်လိုရှိနေပြီလဲ။

ဖြေ။ ။ KIO ရဲ့ အုပ်ချုပ်ရေးယန္တရားတွေက စလာပြီလို့ ပြောလို့ရမယ်။ မြို့ကိုအုပ်ချုပ်မယ့် ကိစ္စတွေ၊ ပညာရေး၊ ကျန်းမာရေးတွေ၊ လုံခြုံရေးတွေကအစ လုပ်လာပြီလို့တော့ မြင်တွေ့ရတယ်။ အရမ်းကြီးထိရောက်တာမျိုးတော့ မရှိသေးဘူး။ ပြောချင်တာက အုပ်ချုပ်ရေးစနစ်စဖို့ လုပ်နေတာပေါ့။

မေး။ ။ အရင်စစ်ကောင်စီလက်အောက်က အုပ်ချုပ်မှုနဲ့ အခုက KIO အစိုးရရဲ့ အုပ်ချုပ်မှုက ဘယ်လို ကွာခြားမှုရှိပါလဲ။

ဖြေ။ ။ အခုလောလောဆယ်က အရမ်းကြီး ထိရောက်တာမျိုး မရှိတော့ ပြောဖို့က ခက်ခဲနေသေးတယ်။ အစဆိုတော့လေ ပြည်သူတွေရဲ့ လိုအပ်တွေကိုတော့ တတ်နိုင်သလောက် ဖြည့်ဆည်းပေးမယ်လို့ ယုံကြည်ပါတယ်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here