“တချို့ကလည်း ရှောင်ကြဖို့ လုပ်နေချိန်မှာ အဖမ်းခံရတာလည်း ရှိတယ်။ တချို့ကလည်း ပြည်သူ့စစ်တွေ ဝင်လာတော့ ရှောင်မရဘဲ ပိတ်မိပြီး ဖမ်းခံသွားရတာ။ အခုက သူတို့က စစ်ကြောင်းထိုးတာမျိုး မဟုတ်ဘဲနဲ့ လူသစ်စုဖို့ အတွက်ကို သက်သက်ကို လူလိုက်ရှာကြတာ” ကန့်ဘလူဒေသခံတစ်ဦး

0
649
ပုံစာ - ဦးဝါသဝနှင့် ပြည်သူ့စစ်များ။

ပြည်သူ့စစ်အဖွဲ့က စစ်မှုထမ်းရန် အတင်းအဓမ္မလူသစ်စုဆောင်းနေသည့် အခြေအနေနှင့်ပတ်သက်ပြီး ကန့်ဘလူ ဒေသတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းကောက်ယူနေသည့် ဒေသခံတစ်ဦးနှင့် ဆက်သွယ် မေးမြန်းချက်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် စစ်အုပ်စုက ၅၅၀ ဆရာတော်ဟုခေါ်သည့် ဦးဝါသဝ၏ ပြည်သူ့စစ်အဖွဲ့သည် ဒေသခံအမျိုးသား၊ အမျိုးသမီးနှင့် ကလေးများကို စစ်မှုထမ်းရန် လူသစ်စုဆောင်းမှုများ ပြုလုပ်နေသည်။

ကန့်ဘလူမြို့နယ်အတွင်း ဦးဝါသဝပြည်သူ့စစ်အဖွဲ့က စစ်မှုထမ်းရန် အတင်းအဓမ္မ လူသစ်စုဆောင်းနေသည့် အခြေအနေနှင့် ပတ်သက်ပြီး ကန့်ဘလူဒေသတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းကောက်ယူ နေသည့် ဒေသခံအမျိုးသားတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ကန့်ဘလူ ပြည်သူ့စစ်အဖွဲ့က ဘယ်လိုပုံစံမျိုးနဲ့ လူသစ်စုဆောင်းနေတာပါလဲ။

ဖြေ။ ။ ကန့်ဘလူ ဝါသဝအဖွဲ့က လုပ်နေတာ။ စစ်တပ်ဘက်ကတော့ ၅၅၀ ဆရာတော်လို့ ခေါ်ကြတာပေါ့။ သူကဦးဆောင်တဲ့ သူ့လူတွေက လိုက်ဖမ်းနေတာပေါ့။ စစ်သားနဲ့ ရဲတွေလည်း ပါတယ်။ သူတို့က မေလအစ လောက်ထဲက လိုက်ဖမ်း (စုဆောင်း) နေတာဆိုတော့ အဖမ်းခံရတာ စုစုပေါင်းဆို တစ်ရာလောက် ရှိနေပြီ။

ဒီမူးမြစ်ကမ်းဘေးတလျောက်က ထမ်းကုန်းတိုက်နယ်ထဲမှာ လိုက်ဖမ်းတာ။ ဖမ်းတာက အမျိုးသား၊ အမျိုးသမီးမရွေး၊ ကလေးတွေပါ ပါတယ်။ ဒါပေမယ့် တဝက်လောက်ကတော့ ပြန်လွတ်လာတော့ အခုဖမ်းခံထားရတာ ၅၀ လောက်တော့ ကျန်သေးတယ်။ ဒီတတိယခေါက် (စစ်မှုထမ်း အပါတ်စဉ် ၃) စစ်မှုထမ်းဖို့အတွက် လိုက်ဖမ်းတာ။

မေး။ ။ ဖမ်းခံရတာ မေလလောက်ထဲကဆိုတော့ ဒေသခံတွေက ရှောင်ကြတာမျိုးရောရှိပါလား။

ဖြေ။ ။ ရှောင်တာပေါ့။ တချို့ကလည်း ရှောင်ကြဖို့လုပ်နေချိန်မှာ အဖမ်းခံရတာလည်း ရှိတယ်။ တချို့ကလည်း ပြည်သူ့စစ်တွေ ဝင်လာတော့ ရှောင်မရဘဲ ပိတ်မိပြီး ဖမ်းခံသွားရတာ။ အခုက သူတို့က စစ်ကြောင်းထိုးတာမျိုး မဟုတ်ဘဲနဲ့ လူသစ်စုဖို့ အတွက်ကို သက်သက်ကို လူလိုက်ရှာကြတာ။

သူတို့အုပ်က (စစ်အုပ်စု) ၁၅၀ ကျော် လောက် ရှိတာကိုး။ သန္တီ၊ မိုးကြိုး၊ အုတ်ဖို၊ အုန်းတော ရွာတွေကဆို မိန်းမတွေရော ယောင်္ကျားတွေရော အပြုံလိုက်ကြီး ပါသွားတာ။ ၄၀၊ ၅၀ လောက် ရှိမယ်။ ပုန်းနိုင်တဲ့သူတွေ ကတော့ လွတ်သွားတယ်။ တချို့ကလည်း PDF စိုးမိုးနယ်မြေထဲကို ရှောင်သွားကြတာ ရှိတယ်။ ယော၊ လယ်လှ၊ ဆူးပုတ်ကုန်း၊ မင်းကုန်းတို့ ရွာတွေကပေါ့။

မေး။ ။ လူသစ်စုဆောင်းခံရမှာစိုးလို့ တိမ်းရှောင်နေတဲ့ဒေသခံကရော အရေအတွက် ဘယ်လောက်ရှိပါလဲ။

ဖြေ။ ။ အဲ့ဒီ ခုနကပြောတဲ့ ယော၊ လယ်လှ၊ ဆူးပုတ်ကုန်း၊ မင်းကုန်းတို့ ရွာတွေက ရွာ ၉၊ ၁၀ ရွာလောက်က ရှောင်နေကြတာ ဒေသခံ တစ်သောင်းလောက်တော့ ရှိမယ်ဗျ။ အစတုန်းက ရှောင်တာက သုံးထောင်၊ လေးထောင် လောက်ပဲ ရှိမယ်။ နောက်မှ တဖြည်းဖြည်းများသွားတာ။ လူငယ်တွေက အစထဲက စစ်မှုထမ်းခေါ်ခံရမှာစိုးလို့ ရှောင်နေကြတော့ အဖမ်းခံရတာလည်း လူလတ်ပိုင်း၊ သက်လတ်ပိုင်းတွေ များတယ်။

မေး။ ။ ဖမ်းသွားတဲ့သူတွေကိုရော ဘယ်ကိုခေါ်သွားလဲသိရပါလား။

ဖြေ။ ။ ဖမ်းခံရတဲ့သူတွေကို ထန်းကုန်းစံပြရွာဘက်ကို ခေါ်သွားတယ်။ အဲ့ဘက်မှာ ဦးဝါသဝအဖွဲ့ (ပြည်သူ့စစ်) တွေနဲ့ ပျူစောထီးတွေ အခြေစိုက်တယ်လေ။ အဲ့ဒီမှာ ဖမ်းခံရတဲ့သူတွေကို ပြည်သူ့စစ်ထဲဝင်ဖို့ ပြောတယ်လို့ သိရတယ်။ ဒါကို လက်မခံကြတော့ စစ်မှုထမ်းဖို့အတွက်ဆိုပြီး ဖြစ်သွားတယ်။

အဲ့ဒီဖမ်းခံရတဲ့ ရွာတွေက ဘယ်ဘက်ကမှမပါဘဲ သူ့ဘာသူသက်သက်နေတဲ့ ရွာတွေလည်း ဖြစ်တယ်။ စစ်တပ်လည်း အားမပေး၊ ဝါသဝလည်း အားမပေး၊ PDF လည်း အားမပေးပေါ့။ အရင်က အဲ့ဒီရွာတွေကို ပြည်သူ့စစ်ဖွဲ့ဖို့ ပျူစောထီးလုပ်ဖို့ ဆိုပြီး ဝါသဝက လိုက်စည်းရုံးဖူးတယ်။ ဒါပေမယ့် ရွာသားတွေက လက်မခံကြဘူးပေါ့။

ပုံစာ – ကန့်ဘလူပြည်သူ့စစ်များကို အထူးကွန်မန်ဒိုသင်တန်းပေးနေပုံ (ဓါတ်ပုံ-စစ်အုပ်စု)

မေး။ ။ တိမ်းရှောင်တဲ့ရွာသားတွေရဲ့ နေအိမ်တွေကိုလည်း စစ်အုပ်စုဘက်က လိုက်ဖျက်ဆီးတယ်ဆိုတာရော ဟုတ်ပါလား။

ဖြေ။ ။ ဟုတ်တယ်။ ချောက်စောက်၊ သင်ပန်းတော၊ စန္ဒယား၊ တပေါင်၊ ရွှေပေါ်ကုန်း၊ ငှက်ပျောတောနဲ့ ကျောက်အိုင်ရွာတွေက ဒေသခံ သုံးထောင်လောက်က အိမ်ကိုစွန့်ပြီး ထွက်ပြေးကြတော့ သူတို့ထဲက အိမ် ၃၀ လောက်ကို စစ်အုပ်စုကဖျက်ပြီး ရောင်းစားတွေလုပ်တယ်။ တချို့အိမ်တွေကိုတော့ နေလို့မရအောင် လုပ်သွားကြ တယ်ပေါ့။

မေး။ ။ အဲ့ဒီလိုက်ဖမ်းတဲ့ စစ်အုပ်စုနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရော တိုက်ပွဲဖြစ်တာမျိုး ရှိပါလား။

ဖြေ။ ။ တိုက်ပွဲဖြစ်တာတော့ မရှိသေးပါဘူး။ ကန့်ဘလူနယ်ထဲမှာက ဝါသဝအုပ်စုက အရမ်းအားကောင်းတယ်။ သူတို့က အမြဲတမ်းလူလိုက်စုနေတော့ သူတို့အဖွဲ့က တဖြည်းဖြည်းနဲ့ ကြီးထွားလာတာ။ ပြီးတော့ ဒီဘက်မှာက ဘယ်ဘက်မှမပါဘဲ ကြားနေတွေများတော့ ဝါသဝ အားကောင်းနေတာပေါ့။

ဟိုတလောကလည်း ပြည်သူ့စစ်ကွန်မန်ဒိုအဖွဲ့ဆိုပြီး ပြည်သူ့စစ်တွေကို သင်တန်းပေးနေသေးတယ်။ ဆိုတော့ ဒီဘက်က တခုခုလှုပ်ရှားမယ်ဆို အရမ်းသိုသိပ်ရတယ်။ အချိန်ယူရတယ်။ မဟုတ်ရင် တဖက်က အချိန်မရွေး သိသွားနိုင်တော့ သတိထားရတာတွေ အရမ်းများပါတယ်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here