နောင်ချိုမြို့တွင် အစိုးရရုံးအားလုံးကို TNLA ပူးပေါင်းတပ်ထိန်းချုပ်ထားပြီး တိုက်ပွဲများ ဆက်ပြင်းထန်နေ

0
15
ပုံစာ - ရှေ့တန်းတစ်နေရာတွင်မြင်တွေ့ရသည့် TNLA တအာင်းတပ်ဖွဲ့များ။

ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ကို TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်ထိန်းချူပ်ထားပြီး စစ်ကောင်စီတပ်စခန်းများတွေကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

လားရှိုးနှင့် ပြင်ဦးလွင်ကြားတွင်ရှိသည့် နောင်ချိုမြို့ထဲကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့က ဇွန်လ ၂၅ ရက်နေ့ကစပြီး မြို့တွင်း ဌာနဆိုင်ရာအစိုးရရုံးအားလုံးကို သိမ်းပိုက်ထိန်းချူပ်လိုက်ပြီး နောင်ချိုအခြေစိုက်တပ်ရင်းကြီးများကို ဆက်လက် ထိုးစစ်ဆင်နေဆဲဖြစ်သည်ဟု နောင်ချိုဒေသခံတစ်ဦးက ပြောဆိုသည်။

“စစ်ကောင်စီတပ်စခန်းကြီးတွေ ရှိနေသေးတာကြောင့် သိမ်းပြီလို့ ပြောပေမဲ့ အားလုံး မဟုတ်သေးဘူး။ မြို့တွင်းက ဌာနဆိုင်ရာတွေမှာ နေရာယူထားတာလောက်ပဲ ရှိသေးတယ်။ TNLA နဲ့ PDF တွေ မြို့တွင်းဝင်လာတာနဲ့ ဌာနဆိုင်ရာ အသီးသီးကသူတွေ တချို့ထွက်ပြေးသူက ထွက်ပြေးနဲ့ အားလုံးရှောင်သွားတာကြောင့် အခုမြို့ထဲ ကိုတော့ ဝင်ရောက်နေရာယူထားနိုင်ပြီ” ဟု အဆိုပါနောင်ချိုဒေသခံက ပြောသည်။

နောင်ချို့မြို့ထဲရှိ မြို့နယ်ရုံး၊ ရဲစခန်း၊ စည်ပင်၊ မိုးဇလရုံး ၊ စစ်မှုထမ်းဟောင်းရုံး၊ မီးသတ်ရုံးနှင့် ပြည်သူ့ဆေးရုံ စသည့် ဌာနဆိုင်ရာ အစိုးရရုံးအားလုံးတွင် TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နေရာယူထားလိုက်ပြီ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် နောင်ချိုမြို့ထဲက စစ်ကောင်စီတပ်စခန်း ခမရ ၁၁၄၊ ခမရ ၁၁၅ နှင့် ခမရ ၁၁၇ စသည့် စစ်ကောင်စီ တပ်ရင်းကြီးများကို TNLA က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်သည်။

ဇွန်လ ၂၅ ရက်နေ့ မနက်အစောပိုင်းကစပြီး ရှမ်းမြောက်ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် မန္တလေးတိုင်းထဲက မိုးကုတ် မြို့တို့တွင် စစ်ကောင်စီနှင့် တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲပြန်လည် ဖြစ်ပွားလာခြင်းဖြစ်သည်။

ကျောက်မဲမြို့တွင်လည်း စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ကြား ဇွန်လ ၂၅ ရက်နေ့ နံနက် ၆ နာရီမှ စတင်ပြီး တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မိုးကုတ်မြို့ပြင် အနောက်ဘက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်နှင့် တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့ကြား တိုက်ပွဲ ပြင်းထန်နေသည်ဟု ဆိုသည်။

နောင်ချို၊ ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကောင်စီတပ်နှင့် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား တိုက်ပွဲကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများလည်း ရှိနေကြောင်း သိရသည်။

ဇွန်လ ၂၆ ရက် နံနက်ထိ မြို့ကြီးများနှင့် စစ်ကောင်စီတပ်စခန်း သိမ်းပိုက်နိုင်သည့် သတင်းမရရှိသေးဘူးဟု PSLF/TNLA ပြန်ကြားရေးတာဝန်ခံ မလွေးရယ်ဦးက ယခုလို ပြောဆိုသည်။

“တိုက်ပွဲကတော့ ကျမတို့ ထုတ်ပြန်ထားတဲ့အတိုင်း တိုက်ပွဲပြင်းထန်နေတယ်။ အဲလိုမျိုး စခန်းသိမ်းတာတော့ ကျမတို့ဆီမှာ သတင်းမရသေးဘူး။ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်တယ်လို့ ကြားသိရတယ်” ဟု မလွေးရယ်ဦးက ပြောပါသည်။

နောင်ချိုမြို့တွင် လက်ရှိ၌ စစ်ကောင်စီဘက်က ဖုန်းလိုင်းများ ဖြတ်တောက်ထားတာကြောင့် မြို့တွင်း အိမ်အစောင့်အဖြစ် ကျန်နေသည့် ဒေသခံများနှင့် ဆက်သွယ်ချိတ်ဆက်နိုင်ရန် ခက်ခဲနေဆဲဖြစ်ပြီး နောက်ဆုံး ရရှိထားသောသတင်းအရ ဒေသခံအားလုံးနီးပါး လားရှိုး – ကျောက်ဂူ လမ်းဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု သိရသည်။

ပြင်ဦးလွင် – နောင်ချို- လားရှိုး ကားလမ်းပိုင်းသည်လည်း ဖြတ်သန်းသွားလာလို့မရဘဲ လားရှိုး – တောင်ကြီးဘက် လမ်းကနေ အသွားအလာလုပ်နေရသည်ဟု ယာဉ်မောင်းနှင်သူများဆီက သိရသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက် ကျဆုံးမှုများ ရှိသည်ဟုလည်း ကြားသိရသည်။

ရှမ်းမြောက်တွင် ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ကြား “၁၀၂၇ စစ်ဆင်ရေး” သည် တရုတ်ကြားဝင်မှုနှင့် ဟိုင်ဂင်သဘောတူစာချုပ်အရ အပစ်ခတ်ရပ်စဲရေး ချုပ်ဆိုထားသော်လည်း စစ်ကောင်စီ ဘက်က တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ရှိရာ တပ်စခန်းများနှင့် မြို့များကိုပါ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ပြန်လည်ခုခံခြင်းအားဖြင့် ယခုလို တိုက်ပွဲပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်ဟု TNLA ဘက်က ပြောဆိုသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here