သံတွဲမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ စခန်းကိုစွန့်ခွာထွက်ပြေး

0
23
ပုံစာ - သံတွဲမြို့မရဲစခန်း

ရခိုင်ပြည် သံတွဲမြို့ရှိ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သေနတ်များပစ်ဖောက်၍ စခန်းကို စွန့်ခွာ ထွက်ပြေးသွားကြသဖြင့် အာရက္ခတပ်တော် (AA) က လိုက်လံ ဖမ်းဆီးနေသည်ဟု သံတွဲမြို့ခံတို့၏ ပြောဆိုမြှသတင်းရရှိသည်။

သံတွဲမြို့ခံတစ်ဦးက “အလံဖြူထောင်တာလဲ မဟုတ်ဘူး။ ရဲတွေက ကိုယ့်ဟာကိုယ်သေနတ်ဖောက်ပြီး တိုက်ပွဲ ဖြစ်ဟန်ဆောင်တယ်။ ထွက်ပြေးရကောင်းအောင် လုပ်တာ။ မနေ့က ၂၄ ရက်နေ့ မနက်ပိုင်းက သေနတ် စဖောက်တာ။ အရပ်ဝတ်တွေနဲ့ ထွက်ပြေးသွားကြတာ။ ကားပါငှားပြီး ထွက်ပြေးတယ်” ဟု ပြောသည်။

သံတွဲမြို့ ရဲစခန်းလိုင်းခန်းမှ ရဲတပ်ဖွဲ့ဝင်မိသားစုများသည်လည်း ဇွန်လပထမအပတ်ကတည်းက ရဲလိုင်းခန်း များတွင် မနေတော့ဘဲ မြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များကို ငှားရမ်းနေထိုင်လျက် ရှိသည်ဟု ဆိုသည်။

ရဲတပ်ဖွဲ့ဝင်များ စခန့်းစွန့်ခွာထွက်ပြေးမှုအပေါ် အဆိုပါသံတွဲမြို့ခံက “စစ်တပ်ဆီမှာ တိုက်ပွဲဖြစ်တယ်လို့ ပြရကောင်းအောင် လုပ်တာပေါ့။ အခု AA က လိုက်ဖမ်းနေတယ်။ အခု စခန်းမှာ ရဲတစ်ယောက်မှ မရှိတော့ဘူး။ ဒီနေ့မနက်က ကျွန်တော်ကိုယ်တိုင် စခန်းရှေ့က ဖြတ်လာခဲ့တာပါ၊ မြို့ထဲမှာ စစ်တပ်ရော ရဲရော မရှိတော့ဘူး” ဟု ဆက်ပြောဆိုသည်။

ဇွန်လ ၂၅ ရက်နေ့တွင် အာရက္ခတပ်တော်က မြို့အနှံ့ လိုက်လံဖမ်းဆီးနေပြီး တချို့လည်း အဖမ်းခံရသည်ဟု သံတွဲမြို့ခံများထံမှ သိရသည်။

ရဲတချို့သာ ရဲစခန်းတွင် လာရောက်ကြကြောင်း၊ တချို့မှာ ခွင့်မဲ့ပျက်ကွက်နေကြောင်း၊ တချို့မှ ထွက်ပြေး သွားခဲ့ကြောင်း၊ လက်ရှိ ရဲစခန်းအချုပ်တွင်လည်း ချုပ်နှောင်ထားသူ မရှိတော့ကြောင်း ရဲစခန်းနှင့် နီးစပ်သူ တို့ထံမှ သိရသည်။

အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေသည့် သံတွဲမြို့ပေါ်တွင် နံနက် ၁၀ နာရီ ဝန်းကျင်မှ စတင်၍ သေနတ်ပစ်ခတ်သံအချို့ ကြားရပြီးနောက် ရဲများ အရပ်ဝတ်များဖြင့် စခန်းကို စွန့်ခွာထွက်ပြေးသွားခဲ့ကြသည်ဟု ကိုယ်တွေ့ကြုံခဲ့ရသည့် ဒေသခံများထံမှ သတင်းရရှိသည်။

အာရက္ခတပ်တော်နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သံတွဲရဲစခန်းမှ ရဲများ စခန်းစွန့်ခွာထွက်ပြေးခါနီး သေနတ်များ ပစ်ဖောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိသားစုဝင်လည်း ရဲလိုင်းခန်းတွင် မရှိတော့ကြောင်း ရဲစခန်းနှင့် နီးစပ်သူတဦးထံမှ သိရှိရသည်။

ထို့ပြင် သံတွဲမြို့၏ တောင်ဘက်သို့ ထွက်ခွာရာ လမ်းတလျှောက်တွင်လည်း အရပ်ဝတ်နှင့် လက်နက်ကိုင် ထားသည့် ရဲများက ကားများ၊ ဆိုင်ကယ်များဖြင့် သံတွဲမြို့မှ ထွက်ခွာလာကြသည်ကို မြင်တွေ့ရကြောင်း မြို့ခံများကဆိုသည်။

ထိုအပြင် သံတွဲမြို့မှ ရွှေကျောင်းပြင်ရွာအထွက်ရှိ နံတော်တောင်ဘုရားကုန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော် ပိတ်မိနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“မနေ့ (ဇွန်လ ၂၄ရက်)က နံတော်တောင်ပေါ်ပိတ်မိနေတဲ့ စစ်သားတွေ တောင်အောက်ကို ရမ်းသမ်းပစ်နေတယ်။ AA က တောင်ပတ်လည်ကို ဝိုင်းထားပြီ။ စစ်သား ၅၀ ကျော် ပိတ်မိနေတယ်။ မြို့ထဲမှာလည်း ရဲတွေကို AA က လိုက်ဖမ်းနေတယ်” ဟု နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။

သံတွဲမြို့၏ အပြင်ဘက်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ မြို့နှင့် တဖြည်းဖြည်း နီးကပ်လာနေပြီး ဒေသခံများလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်လျှက်ရှိရာ မြို့ပေါ်တွင် လူအနည်းငယ်သာရှိတော့ကြောင်း သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here