ပွင့်ဖြူတွင် စစ်မှုထမ်းလူငယ်များအတွက် ကောက်ယူထားသောငွေကြေးကို မိသားစုဝင်များအား ထောက်ပံ့ပေးခြင်းမရှိ

0
17
Photo - MOI

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသည့် လူငယ်များအတွက် ရပ်ကွက်နှင့် ကျေးရွာအလိုက်၊ အိမ်ထောင်စုအလိုက် ငွေကြေးထည့်ဝင်ထားရသော်လည်း အဆိုပါငွေကြေးများကို ၎င်းတို့၏ မိသားစုဝင်များအတွက် အမှန်တကယ်ထောက်ပံ့ပေးခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။

ထိုလူငယ်များ စစ်မှုထမ်းရန် အိမ်ထောင်စုအလိုက် အချိုးကျငွေကြေး ကောက်ခံခဲ့သော်လည်း အခြေခံ စစ်သင်တန်း တက်ရောက်ရသူများ၏ မိသားစုများက ယင်းထောက်ပံ့ငွေကြေးကို မရရှိကြကြောင်း ပြောဆို ကြသည်။

“စစ်မှုထမ်းဖို့အတွက်ဆိုပြီး တစ်အိမ်ကိုဘယ်လောက် ကောက်တာရှိတယ်။ ရွာကလည်း သူတို့မထမ်းရတော့ ဝိုင်းပြီး ထည့်တာပေါ့။ အဲဒီကောက်ရတဲ့ပိုက်ဆံတွေက စစ်မှုထမ်းတဲ့ကလေးမိဘတွေဆီကို မရကြဘူး။ ကျွန်တော့် တူဆိုလည်း အခုထိအဆက်သွယ်မရသလို သူ့အတွက်လည်း ဘာမှမရဘူး” ဟု စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာများတွင် စစ်မှုထမ်းရသည့်လူငယ်များအတွက် ထောက်ပံပေးနိုင်ရန် နှစ်ထောင်ကျပ်မှ စတင်ပြီး ငါးထောင်ကျပ်အထိ ကျေးရွာအလိုက်၊ အိမ်ထောင်စုအလိုက် လစဉ် ကောက်ခံနေခြင်းဖြစ်သည်။

ကောက်ခံရရှိခဲ့သည့် ငွေကြေးများကို ကျေးရွာအုပ်ချုပ်ရေးမှူးများက တဆင့် ပျူစောထီးများထံပေးရပြီး ပျူစောထီးများလက်ထဲတွင် စာရင်းပျောက်သွားခြင်းဖြစ်ကြောင်း ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။

ထို့အပြင် စစ်မှုထမ်းရန် ရှောင်ရှားသူများက တစ်ယောက်လျှင် သိန်း ၅၀ ဝန်းကျင် ပေးခဲ့ရသော်လည်း အစားထိုးစစ်မှုထမ်းသူက ယင်းငွေကြေးကို အပြည့်အဝမရရှိကြကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီလက်အောက်ခံများက စစ်မှုထမ်းအပတ်စဉ်သစ်အတွက် တပ်သားသစ်ခေါ်ယူရန် ပြင်ဆင်နေပြီး ပွင့်ဖြူနှင့် စလင်းမြို့နယ်များတွင် လူငယ်များကို ဆက်တိုက်ဖမ်းဆီးခြင်းတို့ကို လုပ်ဆောင်လျက်ရှိနေသည်။

စစ်မှုထမ်းရန် မူလမဲပေါက်သူများသည်လည်း ငွေကြေးနှင့် ပထမအကြိမ် ရှောင်နိုင်ခဲ့သော်လည်း နောက်အကြိမ်များအတွက် အာမခံချက်မရှိသောကြောင့် စိုးရိမ်မှုများရှိနေကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here