နေရပ်သို့ပြန်ဝင်လာကြသည့် ဂျိုင်းမြစ်ဝှမ်းဒေသခံအမျိုးသမီးများ လိင်ပိုင်းဆိုင်ရာစော်ကားနှောက်ယှက်ခံနေကြရ

0
22
ပုံစာ - နေရပ်သို့ပြန်လာကြသည့် ဒေသခံတချို့။ (Photo – CJ)

မွန်-ကရင် ဂျိုင်းမြစ်ဝှမ်းဒေသတလျှောက်တွင် တိုက်ပွဲအခြေအနေ ပြန်လည်ငြိမ်သက်ပြီးနောက် နေရပ်ကို ပြန်ဝင်လာသည့် ဒေသခံအမျိုးသမီးများ စစ်ကောင်စီတပ်သားများ၏ လိင်ပိုင်းဆိုင်ရာစော်ကားနှောက်ယှက်မှု ခံနေကြရသည်ဟု သိရသည်။

ဓမ္မသ၊ ကျွန်းကုန်းပိုင်းနှင့် တရနာရွာအတွင်း တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်သားများက လူငယ် အမျိုးသမီးများကို လမ်းသွားလမ်းလာဆုံတွေ့ရာတွင် နှုတ်ဖြင့်စစ်ဆေးမေးမြန်းနှောင့်ယှက်ခြင်း၊ လူလတ်ပိုင်း အမျိုးသမီးတို့ကို ထမင်းဟင်းချက်ပြုတ်စေခိုင်းသည့်အပြင် ညအချိန်မတော် နေအိမ်တံခါးခေါက် နှောက်ယှက်နေခြင်းကြောင့် လုံခြုံမှုမရှိကြကြောင်း ဂျိုင်းမြစ်ဒေသခံများက ပြောသည်။

ဒေသခံအမျိုးသမီးတစ်ဦးက “သူတို့မူးပြီးဆို သွားလာတဲ့ မိန်းကလေးငယ်တွေက အရစ်ခံရတာ များတယ်။ ဟင်းရွက်ဝယ်ခိုင်းတာတို့ ချက်ခိုင်းတာတို့၊ ဓမ္မသဘက်က စစ်သားဂိတ်တွေက တစ်ယောက်တည်း ဆိုင်ကယ်နဲ့ သွားဖို့က လုံးဝမလုံခြုံဘူးလေ။ ကျွန်းကုန်းပိုင်းရွာကဆိုရင် မိန်းကလေးတွေက အိမ်မှာတောင် မအိပ်ရဲဘူး။ ညဘက်တွေမှာ တံခါးလာခေါက်လို့” ဟု ပြောသည်။

ယင်းအပြင် ဒေသခံအမျိုးသမီးတချို့သည် စစ်ကောင်စီတပ်ဖွဲ့၏ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံရမှု ရှိနေသော်လည်း ခြိမ်းခြောက်ခံရတာကြောင့် ထုတ်ဖော်မပြောဆိုရဲသည့် အခြေအနေတွင်ရှိနေကြောင်း သိရသည်။

ထိုကဲ့သို့ လုံခြုံမှုမရှိခြင်းကြောင့် နေရပ်ပြန်ဝင်လာသည့် ဒေသခံအမျိုးသမီးအများစုသည် တဖက်ထိုင်းနိုင်ငံသို့ ထွက်ခွာသူ များပြားနေသည်ဟု ဂျိုင်းမြစ်ဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။

“လူပြတ်တဲ့လမ်းဘက်ဆို သူတို့စောင့်နေရင် မေးမြန်းတာခံရတယ်။ သူတို့ ပိုက်ဆံတောင်းတာရှိတယ်။ ရွာထဲဆို သိပ်မလုပ်ရဲဘူးပေါ့။ တက္ကသိုလ်ဝင်တန်း အောင်ကြတဲ့သူတွေရော အထက်တန်းကျောင်းသားကျောင်းသူတွေရော ထိုင်းဘက်သွားကုန်တာ၊ ရွာမှာ အသက်ကြီးပိုင်းတွေပဲ နေရဲတာ” ဟု ၎င်းက ပြောပါသည်။

ဒေသခံအမျိုးသမီးအများစုသည် စစ်ကောင်စီတပ်သားတို့၏ နှုတ်ဖြင့်လိင်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်မှု ခံနေရပြီး လူ့အခွင့်အရေးပြဌာန်းချက်ပါ အချက်များ ချိုးဖောက်ခံနေရသည်ဟု မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်မှ ဒါရိုက်တာနိုင်အဲမွန်က ပြောဆိုသည်။

“စကားနဲ့ နှုတ်နဲ့ လိင်ပိုင်ဆိုင်ရာ နှောင့်ယှက်တာ အဖြစ်များနေတယ်။ ဒီလူအခွင့်အရေးပိုင်းမှာကြည့်ရင် စစ်သားတွေက မိန်းကလေးတွေရဲ့အိတ်ကစစ်တာ ဖုန်းစစ်တာဆိုကတည်းက ချိုးဖောက်ခံရတယ်လို့ပဲ၊ ညနေဘက်တွေမှာ သူတို့ရှောင်တခင် စစ်ဆေးတာလုပ်ရင် အဲ့လိုထိတာများတယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည် ဧပြီလကုန်ပိုင်းက မွန် – ကရင်အစပ် ဂျိူင်းမြစ်ဒေသတွင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့တို့က ဒေသခံအမျိုးသမီးတချို့ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှု ရှိခဲ့သည်ဟု အမျိုးသမီးအရေး လှုပ်ရှားနေသူနှင့် မွန်လူ့အခွင့်အရေးအဖွဲ့တို့ ပြောဆိုမှုအရ သိရသည်။

ဂျိုင်းမြစ်ဒေသတလျှောက်ရှိ ရွာများတွင် တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်တို့က စစ်ဘေးရှောင်ဒေသခံတို့ နေရပ်ပြန်ဝင်လာသည့်အချိန်တွင် ပြန်လည်ထွက်ခွာမည်ဟု ပြောဆိုထားသော်လည်း လက်ရှိအချိန်အထိ နေအိမ်နှင့် ဘုန်းကြီးကျောင်းတို့တွင် ဝင်ရောက်နေထိုင်နေဆဲ ဖြစ်သည်ဟု ဒေသခံတို့က ပြောဆိုသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here