ဂေဘားတပ်မတော်သင်တန်းဆင်းများ စစ်တာဝန်ထမ်းဆောင်ရန် ပြန်ခေါ်သော်လည်း သွားရောက်သူမရှိ

0
22
Photo – Social Media

ကရင်ပြည်နယ်၊ လိပ်သိုအရှေ့ခြမ်းရှိ မိမိတို့ရပ်ရွာများတွင် ဂေဘားတပ်မတော်တည်ထောင်ရန်ဟုဆိုကာ စစ်ကောင်စီတပ်က ပို့ချသင်ပေးသည့် စစ်သင်တန်းသို့တက်ရောက်ပြီးနောက် မိမိနေရပ်၌ ပြန်လည်နေထိုင် ကြသည့် ဒေသခံများကို တာဝန်ထမ်းဆောင်ရန် ခေါ်ယူနေသော်လည်း သွားရောက်သူမရှိကြောင်း ဒေသခံများက ပြောသည်။

စစ်သင်တန်း အပတ်စဥ် (၁) ပြီးနောက် မိမိတို့နေအိမ်များတွင် ပြန်လည်နေထိုင်သည့် လိပ်သိုအရှေ့ခြမ်းနေ ဒေသခံ ၅၀ ဦး ခန့်ရှိနေပြီး ၎င်းတို့အား စစ်ကောင်စီလက်အောက်ခံများက တာဝန်ထမ်းဆောင်ရန် ဆက်သွယ်ခေါ်ယူခဲ့သော်လည်း သွားသူမရှိဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ကျနော်တို့ရွာဘေးမှာတင် ပထမအပတ်စဥ် သွားတက်တဲ့သူ အယောက် ၅၀ လောက် ရှိတယ်။ အခုထိလည်း သူတို့အိမ်တွေမှာပဲ သူတို့ခေါင်းဆောင်တွေကခေါ်တယ် မပြန်တော့တာ အိမ်တိုင်ရာရောက်တော့ သူတို့ လာမခေါ်ရဲဘူးလေ။ ပထမအပတ်စဥ်ကတည်းက သူများ (KNU) က သိသွားတော့ နောက်ပိုင်း ကျနော်တို့ဘက်က လူငယ်တွေထဲမှာ သွားတက်သူ မရှိတော့ဘူး” ဟု အဆိုပါဒေသခံအမျိုးသားက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလပိုင်းမှစ၍ စစ်ကောင်စီက ပြည်သူ့စစ်အဖွဲ့ဝင်နှင့် ဒေသခံတချို့၏ ခေါင်းဆောင်မှုဖြင့် ဂေဘားကရင်မျိုးနွယ် အများအပြားရှိသည့် လိပ်သိုဒေသနှင့် ရေတာရှည်မြို့နယ်အတွင်းရှိ ဂေဘားကရင်မျိုးနွယ် များကိူ မက်လုံးပေးစည်းရုံးခဲ့ပြီးနောက် ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် စစ်သင်တန်းပေးနေခြင်းဖြစ်သည်။

စစ်သင်တန်း ပထမအပတ်စဥ်မှာတင် သင်တန်းဆင်းလာသူ ၃၀၀ ဝန်းကျင် ရှိသည့်အနက် တချို့မှာ တောင်ငူ-သံတောင် – လိပ်သို – ယာဒို လမ်းပေါ်ရှိ စစ်ကောင်စီ တပ်ဂိတ်စခန်းများတွင် တာဝန်ချထားပေးခြင်းခံရပြီး ရှေ့တန်းသို့ စေလွှတ်ခံရသူအချို့လည်း ရှိနေသည်ဟု နယ်မြေတွင်းတော်လှန်ရေးသတင်းအရင်းအမြစ်များအရ သိရသည်။

တောင်ငူခရိုင် တပ်မဟာ (၂) ကရင်အမျိုးသားအစည်းအရုံး- KNU ဘက်ကလည်း အဆိုပါလူစုဆောင်းမှုများနှင့် ပတ်သက်၍ ဦးဆောင်ပြုလုပ်သူနှင့် KNU အုပ်ချုပ်ရေးကို နှောင့်ယှက်ဖျက်ဆီးသူများအား အရေးယူသွားမည် ဖြစ်ကြောင်း မတ်လ ၇ ရက် နေ့စွဲဖြင့် သတိပေး ထုတ်ပြန်ထားသည်။

ထို့အပြင် လူစုဆောင်းစည်းရုံးရေး ဦးဆောင်သူများအနေဖြင့် KNU တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံရန် ပြောဆိုမှုရှိထားသလို သင်တန်းသွားတက်ပြီး ပြန်လာသည့် လိပ်သိုဒေသခံများအား ခံဝန်ထိုးစေ၍ သတိပေးခဲ့ကြောင်း KNU တပ်မဟာ (၂) တာဝန်ရှိသူများနှင့် ဒေသခံများက ပြောဆိုသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here