ပခုက္ကူမြို့ ရှင်မကန်ပျူစောထီးရွာကို ပြည်သူ့ကာကွယ်ရေးအဖွဲ့သိမ်းပိုက်

0
17
Photo - ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ (PDO/PDA)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဖလံအိုအုပ်စုမှ ရှင်မကန် ပျူစောထီးကျေးရွာကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဇွန် ၂၅ ရက်တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

ရှင်မကန် ကျေးရွာအခြေစိုက် အဆိုပါပျူစောထီးစခန်းကို ဇွန် ၂၅ ရက် နံနက် ၅ နာရီ ၂၀ မိနစ်အချိန်တွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲကြာမြင့်ချိန် မိနစ် ၅၀ နီးပါးရှိကြောင်း သိရသည်။

“သွေးကြွေးတောင်းဖို့ ပြင်ဆင်တဲ့ပွဲပဲ ရှိပါသေးတယ်။ ဒါသွေးကြွေး မဟုတ်သေးဘူး။ ဒီထက်ကြီးမားတဲ့သွေးကြွေး တောင်းဖို့ ရှိလာပါဦးမယ်” ဟု ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ (PDO/PDA) မှ နိုင်ငံရေးတာဝန်ခံ ရဲဘော်လပြည့်က ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၁၀ ဦး သေဆုံးပြီး ၁ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ဧရာဒေါင်းတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦး အသက်ပေးလှူခဲ့ကြောင်း သိရသည်။

ရှင်မကန် ပျူစောထီးစခန်းမှ ကာဘိုင်အမျိုးအစား သေနတ် ၄ လက်၊ ဘီအေ ၆၃ အမျိုးအစား သေနတ် ၁ လက်၊ လက်လုပ်သေနတ် ၁ လက်၊ ကာဘိုင်သေနတ်ပြောင်း ၂ ပြောင်း၊ လက်ပစ်ဗုံး ၂ လုံး၊ လမ်းလျှောက်စကားပြောစက် ၁ လုံး၊ ကျည်မျိုးစုံ ၅၀၀ ဝန်းကျင်နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ရှင်မကန် ပျူစောထီးစခန်းကို ဒီမိုကရက်တစ်တပ်တော် (PDA)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၊ ABSDF အမှတ် ၃ စစ်ကြောင်း၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF)၊ ဒေသခံ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိုင် ပကဖ၊ ဓါးမင်းကြီး တပ်ဖွဲ့၊ MCKC PDF၊King Fighter (SGF)၊ BLY ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပေါက်)၊ PDF Kanma တပ်ပေါင်းစု၊ Pauk Basic on Revolution Force (ဗိုလ်တစ္ဆအဖွဲ့)၊ Pauk ပကဖ Drone Team၊7 star (မြိုင် ပကဖ)၊ ဗိုလ်စနေ အဖွဲ့၊ Red Giant နဂါးနီ ၊ ကမ္မတော်လှန်ရေးတပ်ဦး KMRF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလအတွင်း ဖလံအိုကျေးရွာကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်သား ၂ ဦးနှင့် ပျူစောထီး ၄ ဦး သေဆုံးခဲ့သည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here