ကရင်နီပြည်တွင် ငှက်ဖျားရောဂါ အဖြစ်များနေပြီး ဆေးဝါးနှင့် ခြင်ထောင်လိုအပ်နေ

0
23

ကရင်နီ (ကယား) ပြည်ရှိ ကျေးရွာများ၊ စစ်ရှောင်စခန်းများတွင် ငှက်ဖျားရောဂါ အဖြစ်များနေပြီး ဆေးဝါးလိုအပ်ချက်ရှိနေသလို ခြင်ကိုက်ခံရမှုမှ ကာကွယ်နိုင်မည့် ခြင်ထောင်များ လိုအပ်နေသည်ဟု စစ်ရှောင်အရေး ကူညီဆောင်ရွက်သူများက ပြောသည်။

ပြီးခဲ့သည့် မေလကစပြီး ကရင်နီပြည်ရှိ မြို့နယ်အများစု၌ ငှက်ဖျားရောဂါ ဖြစ်ပွားနေပြီး တောတောင်ထဲတွင် နေထိုင်ကြရသည့် စစ်ဘေးရှောင်များနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များတွင် အဖြစ်များနေသည်ဟု ဆိုသည်။

မိုးရာသီကာလတွင် ငှက်ဖျားရောဂါ အဖြစ်များလာပြီး မယ်စဲ့ ၊ ဖားဆောင်း၊ ဒီးမော့ဆို ၊ ဖရူဆို ၊ လွိုင်ကော် မြို့နယ်အတွင်း ဖြစ်ပွားနေသည်ဟု ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါသည်။

“ဖျားတဲ့သူတိုင်းကတော့ ငှက်ဖျားနဲ့ ဖျားတာများတယ်။ Positive အများစု ထွက်တယ်လေ ။ စစ်ရှောင်မှ မဟုတ်ဘူး။ ရွာတွေက အစပေါ့နော၊ ငှက်ဖျားတွေ တော်တော်ဖြစ်ကြတယ်။ ၁၀ ယောက်မှာ ၆ ယောက် ၊ ၇ ယောက်လောက်ကတော့ သေချာတယ် ငှက်ဖျားပဲ။ ငှက်ဖျားပိုးထွက်တာပေါ့ Positive ပေါ့” ဟု ဖရူဆိုမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

ကျန်းမာရေးပိုင်း ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများ အနေနှင့်လည်း ငှက်ဖျားဆေးကို မျှဝေ အသုံးပြုနေကြရသည်ဟု ဆိုသည်။

ငှက်ဖျားရောဂါသည် ခြင်မှတဆင့် ကူးစက်သောရောဂါဖြစ်တာကြောင့် ခြင်ကိုက်ခံခြင်းမှ ကင်းဝေးအောင် ခြင်ထောင်အသုံးပြု အိပ်စက်ရန်နှင့် ကိုယ်ခံအားကောင်းမွန်အောင် နေထိုင်ကြရန် ကျန်းမာရေးဝန်ထမ်းတစ်ဦးက တိုက်တွန်းထားသည်။

သို့သော် လူဦးရေများသည့် စစ်ရှောင်မိသားစုတွင် ခြင်ထောင်လုံလောက်မှု မရှိသောကြောင့် အရေးပေါ် လိုအပ်နေကြောင်း ဒေသခံကျန်းမာရေးဝန်ထမ်းများက ပြောသည်။

“ဒီအချိန်မှာ ငှက်ဖျားမဖြစ်အောင် နေကြရမှာပေါ့။ အထူးသဖြင့် ခြင်ကိုက်မခံရအောင် ၊ ခြင်ထောင်နဲ့အိပ်ဖို့၊ ခြင်ထောင်လည်း မိသားစုတိုင်း မရှိကြဘူး။ အထူးသဖြင့် လူဦးရေများတဲ့ မိသားစုမှာပေါ့” လို့ ဒေသခံ ကျန်းမာရေးလုပ်သားတစ်ဦးက ပြောပါတယ်။

ရှေ့တန်းရောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များလည်း ငှက်ဖျားရောဂါခံစားနေရပြီး ကာကွယ်နိုင်ရန်အတွက် ဆေးဝါး၊ ခြင်ဆေးခွေ၊ ခြင်လိမ်းဆေးနှင့် ခြင်ထောင်များ လိုအပ်နေကြောင်း သိရသည်။

ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “ဖားဆောင်းနဲ့ မော်ချီးကနေ ပြန်လာတဲ့ ရဲဘော်တွေတော့ ဖြစ်တာများတယ် ပေါ့နော။ နေမကောင်းဘူးဆို စစ်လိုက်ရင် အဲ့ငှက်ဖျားပိုးက ရှိနေတယ်။ ပိုးရောပေါ့နော ပိုးကတော့ ရှိနေတယ်။ ကာကွယ်ဖို့အတွက်ကတော့ လောလောဆယ် ခြင်ဆေးခွေလောက်ပဲ ပေးသွားနိုင်သေးတယ်။ ခွဲရိက္ခာပိုင်းလည်း မရှိတော့ ခြင်လိမ်းဆေး ဝယ်ဖို့အတွက်လည်း မတတ်နိုင်သေးဘူးပေါ့နော။ ခြင်လိမ်းဆေးလည်း မထည့်ပေး နိုင်ဘူး။ ခြင်လိမ်းဆေးထည့်ပေးနိုင်ရင် အကောင်းဆုံးပေါ့နော” ဟု ပြောသည်။

ကာကွယ်ရေးတပ်များအနေဖြင့် ဆေးဝါးရရှိမှု အခက်အခဲကြောင့် ရှေ့တန်းသွားရဲဘော်တွေအတွက် ခြင်ဆေးခွေမှ အပ တခြားအကာအကွယ်ပေးနိုင်တာ မရှိသေးဘူးဟုလည်း ၎င်းက ဆက်ပြောသည်။

ကရင်နီပြည်တွင် ငှက်ဖျားရောဂါအမျိုးအစားများထဲ Plasmodium Vivax (P.V) နဲ့ Plasmodium Falciparum (P.F) ဖြစ်ပွားနေခြင်းဖြစ်ပြီး PV အမျိုးအစား အဖြစ်များနေသည်ဟု သိရသည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here