ပဋိပက္ခကာလအတွင်း အမျိုးသမီးများ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု နှစ်ဆတိုးလာကြောင်း KNWO ပြောဆို

0
17

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခကာလအတွင်း အမျိုးသမီးများ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုသည် ယခင်အာဏာမသိမ်းခင်ကာလထက် နှစ်ဆတိုးလာကြောင်း ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ဥက္ကဌ မော်ဖရေမြာက ပြောဆိုသည်။

“စစ်ပဋိပက္ခဖြစ်ပြီးတော့မှ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေက တိုးမြင့်လာတယ်ပေါ့နော်။ ဆိုတော့ အရင်တုန်းက ဆိုလို့ရှိရင် တစ်နှစ်မှာက ၂၀ ၊ ၃၀ ရောက်တယ်။ ဒါပေမယ့် အခုကာလမှာက အဲဒီထက် ၂ ဆပေါ့နော်၊ တိုးလာပြီး တော့မှ ဝန်ဆောင်မှုလာယူတာရှိသလို တချို့ဟာကြတော့လည်း ကျမတို့နားကို တိုက်ရိုက်မလာဘဲနဲ့ ရှိတဲ့နေရာ ကနေပဲ ကျမတို့ ဝန်ဆောင်မှုယူပေးတာမျိုးလည်း ရှိတာပေါ့နော်” လို့ မော်ဖရေမြာက ပြောသည်။

ယခုလို မြှင့်တက်လာခြင်းသည် လက်ရှိအချိန်အထိ တရားရေးအရ ရာနှုန်းပြည့် မဆောက်ရွက်နိုင်သည့်အတွက်ကြောင့် ဖြစ်ကြောင်းနှင့် မြင့်မားလာသည့် အမှုများထဲမှာ အိမ်တွင်းအကြမ်းဖက်ခံရမှုက အများဆုံးဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“အများဆုံးကတော့ အိမ်တွင်းအကြမ်းဖက်မှုကနေ ဒီရုပ်ပိုင်းဆိုင်ရာပေါ့နော်၊ တချို့ဆိုရင် ရိုက်နှက်ပြီးတော့မှ မျက်လုံးတဖက်လုံး သိပ်မမြင်ရတော့တဲ့အထိ တချို့ဆိုလို့ရှိရင် လက်တွေကျိုးတဲ့အထိပေါ့နော်။ တချို့ဆိုလို့ရှိရင် နောက်ဆက်တွဲ ပကတိအတိုင်း ခန္ဓာကိုယ် ပြန်မဖြစ်တော့တဲ့ အနေအထားမျိုးလဲရှိတယ်” ဟု မော်ဖရေမြာက ပြောသည်။

အကြမ်းဖက်ခံရသူများကို စိတ်ပိုင်းဆိုင်ရာကုစားမှုကိုလည်း KNWO အနေနှင့် ဆောင်ရွက်ပေးတာရှိသည်ဟု မော်ဖရေမြာက ဆက်ပြောသည်။

“ရောက်လာရှိရင်တော့ အတတ်နိုင်ဆုံး သူတို့ရဲ့ဖြစ်နေတဲ့ ခံစားချက်တွေကို ကျမတို့ဖော်ထုတ်တယ်ပေါ့နော်။ သူ့ရဲ့အခက်အခဲက ဘယ်လိုဖြစ်နေလဲ။ သူက ဘာဖြစ်ချင်တာလဲ၊ ဆိုတဲ့ဟာမျိုးကို စနစ်တကျ သူ့နဲ့တွေ့ပြီးတော့ plan တွေ ချတယ်။ ချပြီးတော့မှ နေ့စဉ်နဲ့အမျှ သူ့နဲ့နေပြီးတော့မှ အဖော်ပြုပြီးတော့မှာ counselling တွေကျမတို့ ပေးတယ်” ဟု မော်ဖရေမြာက ဆိုသည်။

ကြားကာလအတွင်း အကြမ်းဖက်ခံရမှု လျော့နည်းလာရန်အတွက် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာနဖွဲ့စည်းပြီး အမှုများ တရားရုံးရောက်နိုင်ရန် ဆောင်ရွက်ပေးမှု ရှိနေသည်ဟု IEC အတွင်းရေးမှူး (၁) ဦးဗညားက ယခုလို ပြောသည်။

“လက်ရှိအခြေအနေမှာတော့ ကျနော်တို့ဘက် တရားရေးဌာနက ဥပဒေအကြံပေးရုံးကလည်း အခုမှ စပြီးတော့မှ အားကောင်းအောင် ဆောင်ရွက်နေတဲ့အပိုင်းမှာ ရှိနေသေးတဲ့အတွက် အားနည်းချက်တော့ ရှိနေပါသေးတယ်။ ဒါပေမယ့် ဒီလုပ်ငန်းစဥ်ပေါ့နော၊ အမျိုးသမီးနဲ့ ကလေးရေးရာဌာနကနေပြီးတော့ သွားနေတဲ့ frame တစ်ခုတော့ ရှိတယ်။ နောက်ပြီးတော့ ဒီဘက်ခြမ်း KSP ကနေ ကူညီပံ့ပိုးမှုတွေရှိတယ်။ နောက်ပြီးတော့ တရားရေးဌာနက နေလည်း လိုအပ်တဲ့ ဥပဒေကြောင်းအရ အကြံပေးမှုတွေ လုပ်နေတာရှိပါတယ်။ ဒါကတော့ IEC တစ်စုံလုံးအနေနဲ့ သွားနေတဲ့ process တွေပဲ ဖြစ်ပါတယ်” ဟု ဦးဗညားက ဆိုသည်။

KNWO ထံတွင် ၂၀၁၉ ကနေ ၂၀၂၄ ခုနှစ် ဇွန်လအထိ လာတိုင်ကြားသည့် အမှုပေါင်း ၃၀၀ ကျော်အထိရှိကြောင်း သိရသည်။ လက်ရှိကြားကာလတွင်လည်း အောက်ခြေအပိုင်း၌ အမျိုးသမီးပါဝင်မှု အားကောင်းလာသော်လည်း ဆုံးဖြတ်ချက်ချနိုင်သည့် အခန်းကဏ္ဍများ၌ အမျိုးသမီးပါဝင်မှုသည် ၃၀ ရာခိုင်နှုန်းထိ မရှိသေးဘူးဟု ဆိုသည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here