PDF အဖွဲ့ကို ထောက်ပံ့နေသည်ဟုဆိုပြီး ပေါင်မြို့ဒေသခံသားအဖနှစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးထား

0
21

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အင်းပြောင်ကျေးရွာအုပ်စု ၊တံခွန်တိုင်ကျေးရွာမှ သားအဖနှစ်ဦးကို PDF များထံ ထောက်ပံ့နေသည်ဟုဆိုပြီး စစ်ကောင်စီက ဖမ်းဆီးထားသည်မှာ ၁၂ ရက်ကြာရှိပြီဟု ဒေသခံများထံမှ သိရသည်။

အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးဖြစ်သည့် အသက် ၆၀ နှစ်အရွယ် ဦးကြာညိုကို ပြီးခဲ့သည့် ဇွန် ၁၄ ရက်နေ့က ပေါင်မြို့မရဲစခန်းက ဆင့်ခေါ်ခြင်းကြောင့် သားဖြစ်သူနှင့် သွားရောက်စဉ် နှစ်ဦးစလုံးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ယခုချိန်ထိ ပြန်မလွှတ်သေးကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောဆိုသည်။

“အခုလောလောဆယ်က တရားမစွဲသေးရသေးဘူး စစ်ဆေးနေတုန်းပဲ။ ဖမ်းသွားတာ တစ်ပတ်ကျော်လောက်ရှိပြီ။ PDF ငွေကြေးထောက်ပံ့နေတယ်လို့ သတင်းရတယ်ပေါ့။ သူ့ကို စစ်တပ်ကဖုန်းခေါ်လို့ သူကလာပြီး တခါတည်း ဖမ်းသွားတယ် ပြန်မလွတ်သေးဘူး” ဟု မိသားစုနှင့်နီးစပ်သူက ပြောသည်။

ပေါင်မြို့နယ်တွင် စစ်ကောင်စီ စစ်ကြောရေးက ဖမ်းဆီးထားသည့် ဒေသခံများထံကနေ သတင်းအချက်အလက် ရယူပြီး ပြည်သူကာကွယ်ရေးတပ်ဖွဲ PDF နှင့် ပတ်သတ်ဆက်နွယ်သူများကို ဆက်တိုက် ဖမ်းဆီးမှုများပြုလျှက် ရှိနေသည်ဟု စစ်ကောင်စီနှင့် နီးစပ်သူများက ပြောဆိုသည်။

အဆိုပါသားအဖနှစ်ဦးကို ပေါင်မြို့မရဲစခန်းတွင် ထိန်းသိမ်းထားဆဲ ဖြစ်သည်ဟုလည်း ရဲစခန်းနှင့် နီးစပ်သူတို့၏ ပြောဆိုချက်အရ သိရသည်။

ပြည်သူကာကွယ်ရေးတပ်ဖွဲ့တို့ကို နောက်ကွယ်တွင် ငွေကြေးထောက်ပံ့နေသည့် စွပ်စွဲချက်ဖြင့် ဦးကြာညိုနှင့် သားဖြစ်သူတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ – ၅၀ (ည) နှင့် ၅၂ (က) တို့ဖြင့် တရားစွဲဆိုရ န်ပြင်ဆင်နေသည်ဟု စစ်ကောင်စီနှင့် နီးစပ်သူက ပြောပါသည်။

ဖမ်းဆီးခံထားရသည့် ပေါင်မြို့နယ် ၊တံခွန်တိုင်အုပ်ချုပ်ရေးမှူးဟောင်း ဦးကြာညိုသည် ယခင်အရပ်သားအစိုးရ လက်ထပ်တွင် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့သူတစ်ဦးဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် တာဝန်မှ ရပ်နားကာ တောင်ယာလုပ်ငန်း လုပ်ကိုင်နေသူဖြစ်သည်ဟု သိရသည်။

စစ်အာဏာသိမ်း ၃ နှစ်ခွဲ ကာလတွင် စစ်ကောင်စီက ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ထောက်ပံ့သည်ဟုဆိုပြီး ပေါင်ဒေသခံရာကျော် အထိ ဖမ်းဆီးခံထားရပြီး တချို့မှာ ထောင်ဒဏ်ချမှတ်ခံထားရသည့်အပြင် နေအိမ်ချိတ်ပိတ်ခြင်းလည်း စစ်ကောင်စီက လုပ်ဆောင်လျှက်ရှိသည်ဟု ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here