စစ်ကောင်စီက VPN ကြောင့် ဖမ်းဆီးခံရလျှင် တိုင်ကြားနိုင်ဟုဆိုသော်လည်း ဖမ်းဆီးငွေညှစ်မှုများ ရှိနေဆဲဖြစ်

0
18

စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက လက်ကိုင်ဖုန်းထဲတွင် VPN ဆော့ဝဲလ် ထည့်သွင်းအသုံးပြုမှုကြောင့် ဖမ်းဆီးခံရလျှင် တိုင်ကြားနိုင်ဟု ပြောဆိုသော်လည်း မြေပြင်အခြေအနေတွင် ဖမ်းဆီးငွေညှစ်မှုများ ရှိနေဆဲဖြစ်သည်ဟု ကိုယ်တိုင်ကြုံတွေ့ရသူများက ပြောသည်။

VPN အသုံးပြုမှုကြောင့် စစ်ဆေးဖမ်းဆီးနေမှုနှင့် ပတ်သက်ပြီး ဇွန်လ ၂၄ ရက်နေ့က BBC သတင်းဌာန၏ မေးမြန်မှုအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုသို့ပြန်လည်ပြောဆိုခဲ့သော်လည်း လက်ရှိအချိန်အထိ မြို့နယ် အများစု၌ အရပ်သားပြည်သူများ အနေဖြင့် ဒဏ်ငွေဆောင်နေရဆဲဖြစ်ကြောင်း သိရသည်။

ဒဏ်ငွေဆောင်ခဲ့ရသည့် မွန်ပြည်နယ်အတွင်းရှိ ဒေသခံတစ်ဦးက “သူတို့က (စစ်ကောင်စီ) က လမ်းမှာလိုက်စစ် နေတယ်လေ။ ဖုန်းအပြင်ဘက်ကို မတွေ့ရင် (setting) အထိကို သွားစစ်တာ၊ သူတို့ရှာတွေ့ရင် ဒဏ်ငွေ ၁ သိန်း ၂ သိန်းနဲ့ ၃ သိန်းအထိကို တောင်းတာ။ အဲ့ဒါကြောင့် အသွားအလာ အရမ်းသတိထားနေရတယ်” ဟု ပြောသည်။

လူမှုကွန်ရက် အသုံးပြုရာတွင် VPN နှင့် ချိတ်ဆက်အသုံးပြုသူများကို စစ်ကောင်စီက ဥပဒေနှင့်တကွ တင်းတင်းကြပ်ကြပ် ပိတ်ပင်သွားမည်ဟု သတင်းများထွက်ပေါ်လျှက်ရှိနေပြီး စစ်ကောင်စီ၏ အောက်ခြေအဆင့် တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့တို့က ပြည်သူလူထုအပေါ် ငွေညှစ်တောင်းခံနေဆဲဖြစ်သည်။

“အခုက VPN နဲ့ပတ်သတ်ပြီး စစ်ဆေးတာက တော်တော်လေးကို များနေတာ။ သူတို့ (စစ်ကောင်စီ) က တိတ်တိတ်လေး စစ်ဆေးနေတာ မြို့နယ်တိုင်းလိုလိုပဲ။ ရေးမှာရော သံဖြူဇရပ်မှာရော မော်လမြိုင်မှာရောပဲ၊ ဒါပေမဲ့ ထူးခြားတာက လမ်းမတန်းတွေလို ပေါ်ပေါ်ထင်ထင်နေရာမှာ စစ်တာမဟုတ်၊ လမ်းလွှဲလိုနေရာမျိုးတွေမှာ စစ်တာ။ အသွားအလာများတဲ့နေရာတွေမှာ စစ်ဆေးပြီးတော့ ပစ်ဒဏ်တွေကို စွပ်စွဲတာလည်းမဟုတ်ဘူး သူတို့က လူအခြေအနေကိုကြည့်ပြီး တောင်းတယ်ဆိုတော့ ပေးနေရတာပေါ့"ဟု သံဖြူဇရပ်ဒေသခံတစ်ဦးက ဆိုသည်။

မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်မြို့နယ်၊ မုဒုံမြို့နယ်၊ ရေးမြို့နယ် အပါအဝင် အခြားမြို့နယ် အသီးသီးတွင်လည်း VPN ချိတ်ဆက် အသုံးပြုခြင်းကြောင့် ဖမ်ဆီးဒဏ်ငွေဆောင်နေကြရသည်ဟု ဒေသခံတို့ထံမှ သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here