“အပျက်အစီးတွေ လုံးဝ မရှင်းနိုင်သေးဘူး။ ရွာသားတွေ ကိုယ်လွတ်ပဲ ပြေးနေရတာ။ တည်ငြိမ်သွားမှ ရွာသားတွေ ရှင်းဖို့လာကြမှာ၊ အခုတော့ ဗုံးကြဲထားတဲ့အတိုင်းပဲ ရှိသေးတယ်။ မရှင်းနိုင်သေးဘူး။ လူတွေအများကြီးရှိရင် လာပြီးဗုံးကြဲတယ်” ဆင်ခေါင်းဒေသခံတစ်ဦး

0
59
ပုံစာ - ဆင်ခေါင်းကျေးရွာကို ပင်လယ်ပိုင်းမှ တွေ့မြင်ရပုံ။

စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီးများဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခံခဲ့သည့် သံတွဲမြို့၊ ဆင်ခေါင်းကျေးရွာအခြေအနေနှင့်ပတ်သက်ပြီး ဆင်ခေါင်းဒေသခံတစ်ဦးအား ဆက်သွယ်မေးမြန်းချက်။

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာကို ဇွန်လ ၄ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင် စစ်ကောင်စီတပ်က လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် ရေတပ်သင်္ဘောပေါ်ကနေပါ လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။

ဆင်ခေါင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရုတ်တရက်ဆိုသလို စစ်ကောင်စီက ဘက်ပေါင်းစုံကနေ လက်နက်ကြီးများ၊ လေယာဉ်ဗုံးများနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရွာသားများ အလူးအလဲခံခဲ့ကြရပြီး သေဆုံးဒဏ်ရာရရှိသူများလည်း များပြားခဲ့သည်။ သေဆုံးသူအရေအတွက်ကို အတိအကျ မသိနိုင်သေးသလို ပျောက်ဆုံးနေသူများလည်း ရှိနေသည်ဟု ဒေသခံများက ပြောဆိုသည်။

အာရက္ခတပ်တော် (AA) က ၎င်းတို့စုဆောင်းရရှိထားသော အသေအပျောက်စာရင်းကို ထုတ်ပြန်ခဲ့ရာ၌ သေဆုံးသူ ၁၄ ဦးနှင့် ဒဏ်ရာသူ ၂၄ ဦး၊ ပျက်စီးခဲ့သည့်နေအိမ် ၆၀ လုံးရှိသည်ဟု AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လက်ရှိ၌ ဆင်ခေါင်းရွာ ဒေသခံပြည်သူများအားလုံး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ကြပြီဖြစ်ကြောင်း သိရသည်။ ထွက်ပြေးတိမ်းရှောင် လွတ်မြောက်လာသည့် ဆင်ခေါင်းကျေးရွာခံတစ်ဦးကို ဆင်ခေါင်းကျေးရွာ လက်ရှိအခြေအနေများနှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်း တင်ပြလိုက်ပါသည်။

မေး။ ။ လက်ရှိဆင်ခေါင်းရွာ အခြေအနေက ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ရွာမှာတော့ ဘယ်သူမှ မရှိကြတော့ဘူး။ တစ်ယောက်မှ မရှိတော့ဘူး။ မရှိဆိုရင်တော့လည်း ရှိတော့ရှိမယ်။ မနက်ဖက် စောစောဆိုလာကြတယ်။ စစ်ကောင်စီ ဗုံးကြဲမယ့် အခြေအနေကိုကြည့်ပြီး လာကြတယ်။ ပြန်ကြတယ်။ သူတို့အိမ်တွေရှိတဲ့ နေရာတွေကို ဆိုင်ကယ်တွေနဲ့လာတယ်။ ပြန်သွားကြတယ်။ ရွာမှာနေထိုင်နေတဲ့ နေရာလို့ ရွာမှာမရှိတော့ဘူး။ ကယ်ဆယ်ရေး နေရာလို့လည်း မရှိဘူး။ တခြားရွာတွေက မိသားစုရှိတဲ့ နေရာတွေမှာ သွားနေကြတာ။ ဟိုအထက်ဘက်မှာတော့ ကယ်ဆယ်ရေး နေရာတစ်ခုတော့ ရှိတယ်လို့ သိရတယ်။

မေး။ ။ ကယ်ဆယ်ရေးတွေကို ဘယ်သူတွေ လုပ်နေတာပါလဲ။

ဖြေ။ ။ ကယ်ဆယ်ရေးတွေကို ရွာသားတွေက ဦးဆောင်ပြီးမလုပ်၊ ဒီမှာ ဦးဆောင်ပြီး လုပ်မယ့်သူမရှိ လန့်ပြီးထွက်ပြေးကြတာပဲ ရှိတယ်။

မေး။ ။ စစ်ကောင်စီက ဆင်ခေါင်းကိုဗုံးကြဲခဲ့ပြီးတော့ အသေအပျောက်အခြေအနေလည်း သိပါရစေ။

ဖြေ။ ။ ဇွန်လ ၄ ရက်ပေါ့။ ပထမဦးဆုံး ၁၁ နာရီမှာ ဗုံးကြဲတယ်။ တစ်ယောက် ထိခိုက်ဒဏ်ရာနဲ့သေတယ်။ တစ်ယောက်က ပွဲခြင်းပြီးသေတယ်။ မွန်းလွဲ ၂ နာရီလောက်မှာ တစ်ကြိမ်လာကြဲတယ်။ တစ်လုံးက တစ်ယောက်သေတယ်။ နောက်တစ်လုံးက ၃ ယောက်သေတယ်။ မော်ဖျားမှာ ၁၆ ယောက်လောက် အလောင်းရတယ်။ စုစုပေါင်း ၁၈ ယောက်သေတယ်။ အလောင်းမကောက်ဘဲ ၄ ယောက်လောက် ရှိတယ်။ ဂျက်ဖိုက်တာနဲ့ ၄ ကြိမ်ပစ်တယ်။ နောက်ဆေးခန်းသွားပြီးမှ သေတာတွေ ရှိတယ်။ အလောင်း မကောက်နိုင် တာတွေရှိတယ်။ အလောင်းမရဘဲ မြုပ်နေတာတွေ ရှိဦးမယ် ပြောလို့မရဘူး။ ဆင်ခေါင်းရွာမှာ စစ်ကောင်စီ ဗုံးကြဲလို့သေတာ များပါတယ်။ နောက် အလောင်းကောက်လို့ မရနိုင်သေး။ အလောင်းတွေ့တဲ့ဟာတွေ ရှိတယ်။ ပုတ်ပွနေတာ မတွေ့တာလည်း ရှိသေးတယ်။

မေး။ ။ ရွာက အိမ်တွေအခြေအနေကရော ဘယ်လိုရှိနေလဲ။

ဖြေ။ ။ အိမ်တွေအခြေအနေကတော့ ဓနိကာတွေလည်းပါတော့ အကုန်ပျက်စီးသွားတယ်။ မော်ဖျားမှာ အဲ့ဒါတွေက အကုန်လုံးအပျက်အစီးတွေ ဖုံးနေတာဆိုတော့ အလောင်းတွေကို ဘယ်သူမှမရှာနိုင်သေးဘူး။ လူငယ်အဖွဲ့အစည်းတွေကလည်း ပြေးနေရတော့ မရှာနိုင်သေးဘူး။ ပတ်ဝန်းကျင်ကိုကြည့်ပြီး ပြောနေကြ ရတာ။ သေတဲ့အလောင်းတချို့ကို သူတို့ (အာရက္ခတပ်တော်) က မြုပ်နှံသွားတာပေါ့။ သူတို့က ကျေးရွာက အကောင်လေးတွေကို အကူအညီတောင်းထားတာရှိတယ်။ ရွာအစက ဘုန်းကြီးကျောင်းမှာ ဆွမ်းချက်ရုံတစ်ခု ပျက်စီးသွားတယ်။ ရေစင်တစ်ခု ပါသွားတယ်။ ရတနာအောင်မြေကျောင်းမှာပေါ့။

မေး။ ။ နှစ်ဖက်တပ်အခြေအနေတွေကရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ဆင်ခေါင်းရွာမှာ အာရက္ခတပ်တော် တပ်စွဲလို့တော့ မရှိဘူး။ လာတဲ့အခါလည်း လာတယ်။ အသွားအလာ ရှိတယ်။ စစ်တပ်ကတော့ ဝင်လို့မရဘူး။ မဝင်ဘူး။ လာလည်း မလာဘူး။ ဇွန် ၄ ရက်နေ့က တစ်ရက်လုံး ပစ်တယ်။ ဗုံးကြဲတယ်။ ဇွန်လ ၅ ရက်နေ့ တစ်ရက်လုံး ဗုံးကြဲတယ်။ ပစ်တယ်။ ၅ရက်နေ့မှာ Y12 ဆိုတဲ့ လေယာဉ်တွေနဲ့ပါ ပစ်တာ။ တခါပစ်ရင် ၅ လုံးလောက် ပစ်တာ။ မနက် ၈ နာရီလောက်ကတည်းက ပစ်တာ ၅ နာရီလောက်မှ ပြန်သွားတယ်။ ၄ ရက်နဲ့ ၅ ရက် နှစ်ရက်အသည်းအသန်ပစ်ခဲ့တာ။ နောက်ရက်တွေ ကတော့ နေဗီကနေ ပစ်နေတယ်။ နေတိုင်း ပစ်နေတယ်။ အနည်းနဲ့ အများပဲ ပြောရမယ်။ Y12 ဆိုတဲ့ လေယာဉ်နဲ့ ပစ်တာလည်းရှိတယ်။ ဒီနေ့လည်းပစ်တယ်။

မေး။ ။ ဘယ်ရပ်ကွက်တွေက အများကြီးပျက်စီးသွားခဲ့ပါလဲ။

ဖြေ။ ။ ရွာထဲက ရခိုင်စု၊ မော်ဖျား၊ တောင်ကုန်းပိုင်း၊ ကျောင်းနားပိုင်းတွေ ပျက်စီးသွားတယ်။ အပျက်အစီး တွေ လုံးဝ မရှင်းနိုင်သေးဘူး။ ရွာသားတွေ ကိုယ်လွတ်ပဲ ပြေးနေရတာ။ တည်ငြိမ်သွားမှ ရွာသားတွေ ရှင်းဖို့လာကြမှာ အခုတော့ ဗုံးကြဲထားတဲ့အတိုင်းပဲ ရှိသေးတယ်။ မရှင်းနိုင်သေးဘူး။ လူတွေ အများကြီးရှိရင် လာပြီး ဗုံးကြဲတယ်။ လူစုမခံတဲ့ သဘောပေါ့။

မေး။ ။ တချို့လူတွေက သတင်းပေးလို့ စစ်ကောင်စီတပ်က ဗုံးကြဲတာလို့ ကြားနေရတဲ့အပေါ်ရော။

ဖြေ။ ။ အဲ့ဒါကတော့ ကြားတယ်။ လူတွေက ပြောနေကြတယ်။ ဒလန်တွေရှိနေတယ်လို့ တစ်ခုကတော့ အသေအချာပြောဖို့တော့ခက်တယ်။ AA ကတော့ သိလို့တွေ့လို့ ထိန်းသိမ်းထားတာတွေ ရှိတယ်။

မေး။ ။ ဆင်ခေါင်းရွာမှာ လူဦးရေဘယ်လောက်ရှိပြီး ထွက်ပြေးနေကြတာက ဘယ်လောက်ရှိပါလဲ။

ဖြေ။ ။ ၂၀၂၀ တုန်းက ဒီရွာမှာ မဲထည့်နိုင်တဲ့လူပေါ့ ၄၇၀၀ ရှိတယ်။ အောက်က ကလေးတွေနဲ့ ဘာနဲ့ ဆိုတော့ လူပေါင်းတစ်သောင်းလောက်တော့ ရှိဖို့ပေါ့။ တစ်သောင်းကျော်လောက် ရှိမယ်။ အဲ့ဒါ ၂၀၂၀ နော်။ အခု များလာတာပေါ့။ အခု အကုန်လုံး တိမ်းရှောင်နေရတယ်။ စီးပွားရေးရှိတဲ့ ပုဂ္ဂိုလ်တော့ တစ်ယောက်စ နှစ်ယောက်စ ကျန်တယ်။ မိန်းမတွေဆို တစ်ယောက်မှ မရှိဘူး။ နွားတွေကျွဲတွေကိုတော့ အနီအနားရွာတွေကို ပေးထားခဲ့ပြီး ငါးဖမ်းလှေတွေကိုတော့ ချောင်းတွေထဲ သွင်းထားခဲ့ကြတယ်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here