“အခုတော့ အားလုံးက အဆင်ပြေနေပါတယ်။ နောက်တော့ အခြေအနေတော့ မသိဘူး။ နောက်ဘယ်လို ဖြစ်လာမှာလည်း ကျွန်မတို့ မပြောနိုင်ဘူးလေ။ အခုအချိန် ထိတော့ ကျွန်မတို့မွတ်ဆလင်တွေ သွားချင်သလို သွားလာလို့ရတယ်။ နေချင်သလို နေထိုင်လို့ရပါတယ်” ဒေါ်အင်ဘီယာခါတူ (ခေါ်) ဒေါ်မစောမြိုင်

0
30
ပုံစာ - ဒေါ်အင်ဘီယာခါတူ (ခေါ်) ဒေါ်မစောမြိုင်

အာရက္ခတပ်တော် (AA) အုပ်ချုပ်ထိန်းချုပ်မှု နယ်မြေတွင်နေထိုင်ကြရသည့် မွတ်ဆလင်များ ကြုံတွေ့ရသည့် အခြေအနေများနှင့်ပတ်သက်ပြီး ကျောက်တော်မြို့တွင်နေထိုင်သူ မွတ်ဆလင်အမျိုးသမီး ဒေါ်အင်ဘီယာခါတူ (ခေါ်) ဒေါ်မစောမြိုင်နှင့် တွေ့ဆုံမေးမြန်းချက်။

အာရက္ခတပ်တော် (AA) သိမ်းပိုက်အုပ်ချုပ်ထားသည့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော စသည့် မြို့နယ်များတွင် ဒေသခံများနှင့်အတူ မွတ်ဆလင်များလည်း အတူယှဉ်တွဲနေထိုင်နေကြပါသည်။

ခေတ်အဆက်ဆက် မြန်မာအစိုးရလက်အောက်တွင် မသွားရ၊ မလာရ ကန့်သတ်ချက်များဖြင့် နေထိုင် ကြရသော မွတ်ဆလင်များအနေဖြင့် လက်ရှိ အာရက္ခတပ်တော် (AA) အုပ်ချုပ်ထိန်းချုပ်မှုနယ်မြေတွင် နေထိုင်ကြချိန်၌ ၎င်းတို့အတွက် ပြောင်းလဲတိုးတက်မှုများ ရှိလာပါလား။

ထိုအခြေအနေများနှင့် ပတ်သက်ပြီး ကျောက်တော်မြို့နယ်တွင် နေထိုင်နေသည့် အသက် (၅၀) ကျော်အရွယ် ဒေါ်အင်ဘီယာခါတူ (ခေါ်) ဒေါ်မစောမြိုင်အား တွေ့ဆုံမေးမြန်းခဲ့သည်များကို တင်ပြလိုက်ပါသည်။

မေး။ ။ အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေတွေမှာ မွတ်ဆလင်အသိုင်းအဝိုင်းတွေရဲ့ လက်ရှိ စားသောက်နေထိုင်ရေးက ဘယ်လိုအခြေအနေ ရှိနေပါလဲ။

ဖြေ။ ။ စားရေးနေရေးက အခုတော့ နည်းနည်းအဆင်ပြေပါတယ်။ အရင်ကတော့ အဆင်မပြေဘူး။ အခု အဆင်ပြေပါတယ်။ သွားရေးလာရေးမှာလည်း အရင်က အခက်အခဲတွေရှိတယ်။ အခုတော့ အခက်အခဲ မရှိတော့ဘူး။ ကျွန်မတို့ ၂၀၁၂ ခုနှစ် ပဋိပက္ခတွေကြောင့် ကျောက်တော်မြို့ထဲကို မသွားရဘူး။ ခရီးတစ်ခု သွားချင်ရင်လည်း မသွားရဘူး။ အဲလိုအခြေအနေမျိုး ရှိခဲ့ပါတယ်။ အခုတော့ AA အုပ်ချုပ်မှုအောက်မှာတော့ သွားရေးလာရေးတွေ သွားလို့ရပါတယ်။

မေး။ ။ အရင်စစ်ကောင်စီအုပ်ချုပ်မှုနဲ့ အခု AA အုပ်ချုပ်မှုအောက်မှာနေရတာက ဘယ်လိုကွာခြားမှုတွေ ရှိပါလဲ။

ဖြေ။ ။ ကွာခြားသွားတာတွေ ရှိပါတယ်။ အခုတော့ အားလုံးက အဆင်ပြေနေပါတယ်။ နောက်တော့ အခြေအနေတော့ မသိဘူး။ နောက်ဘယ်လို ဖြစ်လာမှာလည်း ကျွန်မတို့ မပြောနိုင်ဘူးလေ။ အခုအချိန် ထိတော့ ကျွန်မတို့မွတ်ဆလင်တွေ သွားချင်သလို သွားလာလို့ရတယ်။ နေချင်သလို နေထိုင်လို့ရပါတယ်။ အဲလိုပေါ့။

မေး။ ။ ဆေးဝါးကုသမှုအပိုင်းတွေမှာရော ဘယ်လိုအခြေအနေရှိပါလဲ။

ဖြေ။ ။ အရင်တုန်းကဆိုရင် ဆေးကုဖို့သွားမယ်ဆိုရင် တင်ပြရတယ်။ ကျွန်မတို့မှာ ရောဂါတစ်ခုခု ဖြစ်နေတယ်၊ ဆေးကုဖို့ သွားမယ်၊ အဲလို တင်ပြရတယ်။ စစ်တွေ သွားရမှာလား။ စစ်တွေ သွားရမယ်ဆိုရင် ကျောက်တော်ဆေးရုံက ကားနဲ့လိုက်ပို့တယ်။ ပိုက်ဆံက နှစ်ခါကုန်တာပေါ့။ ဆေးကုစရိတ်ရော၊ သူတို့ကို လည်း ထောက်ခံစာတွေအတွက် ပိုက်ဆံပေးရတယ်။ အခု သွားလို့မရတော့ဘူး။ ကျောက်တော်မှာပဲ ဆေးထိုးလို့ရတယ်။

အာရက္ခတပ်တော်က ဖွင့်ထားတဲ့ဆေးခန်းတွေမှာ ဆေးကုသခွင့်ရတယ်။ လွတ်လွတ်လပ်လပ်သွားလို့ ရပါတယ်။ သူတို့က ဆေးကုသခွင့် မပေးတာမဟုတ်ဘူး၊ ပေးတယ်။ ဒါပေမဲ့ ဒီက အရေးပေါ် ကလေးတွေနဲ့ သွားပြတယ်။ အဲဒီမှာက လူတွေတအားများတယ်။ ဆေးလက်မှတ်နဲ့ ဝင်ရတယ်။ ပြီးတော့ လူတွေတအားများ တော့ ဆေးကုသဖို့ ဆရာဝန်တွေနည်းသလို ဆေးဝါးတွေကလည်း မလောက်မငှဘူးလေ။ ဒီက အရေးကြီးလူနာနဲ့ သွားတာ။ အချိန်မမီ အဲဒီတော့ ဆုံးသွားတာတွေလည်း ရှိတာပေါ့။ ဒါတစ်ခုပဲ။

မေး။ ။ နောက်ထပ် ဘာများဖြည့်စွက်ပြောချင်တာရှိပါလဲ။

ဖြေ။ ။ ကျွန်မပြောချင်တာက နောက်တစ်ခုရှိတယ်။ ဘာလဲဆိုတော့ AA အုပ်ချုပ်မှာအောက်မှာ ကျွန်မတို့ မွတ်ဆလင်တွေက သူတို့သွားသလို ကျွန်မတို့သွားရမယ်။ သူတို့နေရသလို ကျွန်မတို့လည်း နေရမယ်။ အခုတော့ အဆင်ပြေနေတယ်။ နောက်တော့ အရင်ကလိုမျိုး ကျွန်မတို့ကို နှိပ်စက်ရင်တော့ ရမှာမဟုတ်ဘူး။ ကျွန်မတို့နဲ့သူတို့နဲ့ တန်းတူအခွင့်အရေးပဲ လိုချင်တယ်။ ဟိုဟာဒီဟာတော့ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ကို တန်းတူအခွင့်အရေး ပေးရမယ်။

ဘာအလုပ်ပဲ ဖြစ်ဖြစ်၊ ကျွန်မတို့မှာလည်း ကျောင်းသားတွေရှိတယ်။ ကျွန်မတို့ကျောင်းသားတွေကလည်း သူတို့နဲ့ ပူပေါင်းပြီးတော့ လုပ်ရမယ်။ နေရမယ်။ အဲလိုတစ်ခုတော့ လိုတယ်။ နောက်ဘာပြောစရာမှ မရှိဘူး။ တန်းတူအခွင့်အရေးပဲ တစ်ခုလိုချင်တယ်။ ကျွန်မတို့ အရင်တုန်းက နှိပ်စက်ခံဘဝနဲ့ နေလာခဲ့တာ။ ဒီအချိန်မှာလည်း နှိပ်စက်ခံဘဝနဲ့ နေရရင်တော့ ကောင်းမှာမဟုတ်ဘူး။ အဲဒါတစ်ခု ပြောစရာရှိတယ်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here