TNLA က ကွတ်ခိုင်ရှိ ဂါလိုင်ရွာစာသင်ကျောင်းကို ချိတ်ပိတ်ပြီး ဆရာ/ဆရာမများကိုမောင်းထုတ်

0
29
ပုံစာ - ဂါလိုင်ကျေးရွာ၌ ဖွင့်လှစ်ထားသည့် စာသင်ကျောင်းကို TNLA တပ်က ပိတ်လိုက်သည့်မြင်ကွင်း။

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် ဂါလိုင်ကျေးရွာ (Galeng Mare) တွင် ဖွင့်လှစ်ထားသော စာသင်ကျောင်းကို TNLA လက်နက်ကိုင်တပ်ဖွဲ့က ပိတ်ခိုင်းလိုက်ပြီး ကျောင်း၌ရှိနေသည့် ဆရာ၊ဆရာမများကို မောင်းထုတ်လိုက်ကြောင်း အဆိုပါ ကျောင်းတာဝန်ရှိသူများထံက သိရှိရသည်။

ဇွန်လ ၂၃ ရက်နေ့ ညပိုင်းက တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့သည် အင်အားအလုံးအရင်းနှင့် ဂါလိုင်ကျေးရွာ စာသင်ကျောင်းကို ရောက်ရှိလာပြီး ကျောင်းဝင်းထဲရှိနေသည့် ဆရာ၊ ဆရာမများကို မောင်းထုတ်ခဲ့ပြီးနောက် စာသင်ခန်းအားလုံးကို သစ်သားပြားများနှင့်ရိုက်ကာ ချိတ်ပိတ်လိုက်ကြောင်း အဆိုပါကျောင်း တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“မနေ့ညက သူတို့က အင်အားနဲ့လာပြီး ကျောင်းထဲနေတဲ့ ဆရာ၊ ဆရာမတွေကို မောင်းထုတ်လိုက်တယ်။ သူတို့က ဆရာ၊ ဆရာမတွေကို ဖမ်းခေါ်သွားဖို့တောင်လုပ်တယ်။ ဒါပေမဲ့ ဆရာမတွေက ကလေးအငယ်တွေနဲ့ ဘာနဲ့ ဆိုတော့ အပြင်ကိုပဲ မောင်းထုတ်ထားလိုက်တာ။ ပြီးတော့ ကျောင်းစာသင်ခန်းအားလုံး သစ်ပြားတွေနဲ့ ရိုက်ပြီး ပိတ်လိုက်တယ်။ ကျောင်းရှေ့က အလံကိုလည်း ဖြုတ်သိမ်းသွားတယ်” ဟု ဂါလိုင်ကျေးရွာ အလယ်တန်းကျောင်း တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့သည် ကား ၃ စီး၊ အင်အား ၄၀ ခန့်နှင့် စာသင်ကျောင်းထဲ ဝင်ရောက်လာကာ ကျောင်းဝင်းထဲနေထိုင်သည့် ဆရာ၊ဆရာမ မိသားစု ၃ စု လုံးကို ကျောင်းထဲကနေ မောင်းထုတ် ခဲ့ပြီး ကျောင်းတံခါးများအားလုံးပိတ်ထားပြီးနောက် ကျောင်းရှေ့၌ လွှင့်ထူထားသော ကချင်အမျိုးသားအလံကိုပါ ဖြုတ်သိမ်းသွားပြီးနောက် ပြန်လည်ထွက်ခွာသွားသည်ဟု ဆိုသည်။

ဇွန်လ ၂၄ ရက်နေ့ မနက်ပိုင်းတွင် ကျောင်းသား၊ကျောင်းသူများအားလုံး ကျောင်းခန်းများထဲ မဝင်နိုင်ကြဘဲ ကျောင်းဘောလုံးကွင်း၌ စုနေကြရပြီး ကျောင်းတာဝန်ရှိသူများနှင့် TNLA တပ်ဖွဲ့တို့ ကျောင်းနှင့်ပတ်သက်ပြီး ညှိနှိုင်းတွေ့ဆုံမှု လုပ်ဆောင်ရန် ပြင်ဆင်နေသည်ဟု ကျောင်းတာဝန်ခံများထံက သိရသည်။

ကျောင်းတာဝန်ခံတစ်ဦးက “ကျနော်တို့က ဒီကျောင်းကို အရင်ကတည်းက ဖွင့်နေပြီးသားဖြစ်တယ်။ ဒါပေမဲ့ သူတို့ပြောတာက အရင်က ဖွင့်တာ သူတို့နဲ့မဆိုင်ဘူးတဲ့။ အခု ကွတ်ခိုင်ကို သူတို့သိမ်းထားတာဖြစ်တာကြောင့် သူတို့အောက်မှာ ရှိရမယ်တဲ့။ ဘာပဲလုပ်လုပ် သူတို့ထံ ညှိနှိုင်းတိုင်ပင်ရမယ်တဲ့” ဟု ပြောသည်။

ဆက်လက်ပြီး ၎င်းက “ကျနော်တို့ ပြောချင်တာက ဒီကျောင်းက အရင်ကတည်းက KIO အစိုးရအောက် ဖွင့်လှစ် နေပြီးသားကျောင်း ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ ကျောင်းတာဝန်ရှိသူတွေ ဘာမှဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ KIO အစိုးရနဲ့ပဲ ဆိုင်တယ်” ဆက်ပြောဆိုသည်။

ဂါလိုင်ရွာက စာသင်ကျောင်းကို TNLA တပ်ဖွဲ့၏ ခွင့်ပြုချက်နှင့်အတူ ၎င်းတို့ချပေးသည့် စည်းမျဉ်းစည်းကမ်းများ ကို လိုက်နာနိုင်မှသာ ကျောင်းဖွင့်ခွင့်ပေးမည်ဆိုသည့်အကြောင်းနှင့် TNLA ထံ ခွင့်တောင်း၊ ညှိနှိုင်းခြင်းမရှိပါက ဂါလိုင်ကျောင်းကို ဇွန်လ ၁၀ ရက်နေ့ နောက်ဆုံးထားကျောင်းပိတ်လိုက်ရန် ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့က TNLA တပ်က ကျောင်းသက်ဆိုင်သူများထံ စာပို့ထားသည်ဟု ၎င်းက ဆိုသည်။

စာပို့ခဲ့ပြီးနောက် ဇွန်လ ၁၂ ရက်နေ့တွင် TNLA တပ်ဖွဲ့က ကျောင်းဝင်းထဲရောက်လာပြီး ကျောင်းသားစာရင်း ကျောင်းဆရာ၊ ဆရာမ စာရင်းနှင့် ကျောင်းကော်မတီဝင်များ၏ နာမည်စာရင်းများနှင့် နေရပ်လိပ်စာ၊ ဓါတ်ပုံများပေးရန် လာရောက်တောင်းဆိုမှုရှိခဲ့ပေမယ့် ကျောင်းဆရာ၊ဆရာမများက မပေးခဲ့ကြဟု ပြောဆိုသည်။

တအာင်းလွတ်မြောက်တပ်မတော် TNLA က နမ့်ဖတ်ကာကျေးရွာ၌ TNLA ကျောင်းဖွင့်ရန် KIA ကို ခွင့်တောင်း ခဲ့ရပြီး ကွတ်ခိုင်ကို TNLA က သိမ်းထားတာကြောင့် TNLA ဆီ ခွင့်တောင်းရမယ်ဆိုပြီး အကြပ်ကိုင်နေခြင်း ဖြစ်နိုင်သည်ဟု ကျောင်းတာဝန်ရှိသူများက သုံးသပ်ပြောဆိုသည်။

နမ့်ဖတ်ကာကျေးရွာတွင် TNLA လက်အောက် TLEC ကျောင်း ၃ ကျောင်း စတင်ဖွင့်လှစ်ရန်အတွက် TNLA က KIA ထံ ခွင့်တောင်းခဲ့ရပြီး KIA ၏ ခွင့်ပြုချက်နှင့် ကျောင်း ၂ ကျောင်း ဖွင့်လှစ်နေပြီဖြစ်သည်ဟု ကျောင်းတာဝန်ခံများက ပြောသည်။

ဂါလိုင်ကျေးရွာသည် ယခင်ကတည်းက အစိုရ လက်လှမ်းမမှီသည့် နေရာတစ်ခုဖြစ်သလို KIO တပ်မဟာ ၄ နယ်မြေ ဖြစ်တာကြောင့် KIO အစိုးရလက်အောက် စာသင်ကျောင်းအဖြစ် ဖွင့်လှစ်ခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။

လက်ရှိတွင် ကွတ်ခိုင်မြို့ပြင် ဂါလိုင်ကျေးရွာ အလယ်တန်းကျောင်း၌ ကျောင်းသားပေါင်း ၂၀၀ ကျော်၊ ဆရာ၊ ဆရာမ ၂၀ ခန့်နဲ့ ပညာသင်ကြားနေသည်ဟု ဆိုသည်။

ဂါလိုင်ကျေးရွာ ကျောင်းတာဝန်ရှိသူတစ်ဦးက “ဒီနယ်မြေဟာ ဘယ်သူယူထားတာပဲ ဆိုပါစေ၊ ပညာရေးဟာ စစ်ရေး၊ နိုင်ငံရေး လုပ်နေတာ မဟုတ်ဘူး။ ကလေးတွေရဲ့ ရှေ့ရေးအတွက်ပဲ ကြိုးပမ်းနေကြတာဖြစ်တာကြောင့် ဘယ်သူပဲ အုပ်စိုးပါစေ ကျောင်းဖွင့်နေတာကိုတော့ အနှောက်အယှက်မပေးဘဲ ကျောင်းဖွင့်ခွင့်ပေးထားပြီး လိုအပ်တာတွေကို အချင်းချင်း ညှိနှိုင်းဆွေးနွေးရင်းနဲ့ပဲ ကျောင်းဆက်လက်ဖွင့်လှစ်နိုင်ရေးအတွက် ဝိုင်းဝန်း ကြိုးစားပေးစေချင်တယ်။Ó ဟု ပြောသည်။

ဂါလိုင်ကျေးရွာ၌ TNLA က ကျောင်းပိတ်ပင်တားဆီးနေတာနှင့်နဲ့ ပတ်သက်ပြီး PSLF/TNLA ပြောရေးဆိုခွင့်ရှိသူ လွေးရယ်ဦးကို ဇွန်လ ၂၀ ရက်နေ့က ဆက်သွယ်မေးမြန်းရာ ဆွေးနွေးညှိနှိုင်းနေဆဲ အခြေအနေမှာ ရှိနေသည်ဟု ပြန်လည်ဖြေကြားသည်။

ရှမ်းမြောက်တွင် TNLA နှင့် ကိုးကန့် MNDAA သိမ်းပိုက်ထိန်းချူပ်ထားသော နယ်မြေများတွင် စာသင်ကျောင်းများကို လိုက်လံတားဆီး ပိတ်ပင်မှုပြုလုပ်နေတာကြောင့် ဒေသခံလူထုက ဝေဖန်ပြောဆိုမှုများစွာလည်း ရှိနေသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here