အင်းတော်ကြီးနှင့် ဖားကန့်အစပ်ရှိ စစ်ကောင်စီတပ်စခန်း ၃ နေရာကို KIA သိမ်းပိုက်နိုင်

0
19
ပုံစာ - ရှေ့တန်းတပ်စခန်း တစ်နေရာမှာ မြင်တွေ့ရတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ဝင်များ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ အင်းတော်ကြီးနှင့် ဖားကန့်မြို့ ဝှေခါလမ်းပေါ်က စစ်ကောင်စီတပ်၏ အရေးပါသော ပြည်သူ့စစ်တပ်စခန်းအပါအဝင် ရှေ့တန်းတပ်စခန်း ၃ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဟု ရှေ့တန်းသတင်းရင်းမြစ်များထံက သိရသည်။

အင်တော်ကြီးနှင့် ဖားကန့်မြို့နယ်စပ်ကြားရှိ စစ်ကောင်စီတပ်နှင့် ရှမ်းနီပြည်သူ့စစ်အဖွဲ့တို့ စုပေါင်းနေထိုင်သည့် ဝှေလုံ၊ ညောင်ပင်၊ ချောင်းဝ စသော တပ်စခန်းနေရာများကို သိမ်းပိုက်လိုက်ပြီ ဖြစ်သည်ဟု KIA ရှေ့တန်း သတင်းအရင်းတစ်ဦးက ပြောသည်။

“တပ်စခန်း ၃ ကိုတော့ သိမ်းပိုက်ပြီ။ တိုက်ပွဲစဖြစ်တာက စနေ့ဆိုတော့ ၂ ရက်လောက် ကြာသွားတာပေါ့။ အခုကတော့ သိမ်းထားတဲ့ နေရာတွေမှာ ရှင်းလင်းရေးတွေ လုပ်နေတယ်။ သိမ်းပိုက်ဖို့ ကျန်ရှိနေသေးတဲ့ နေရာတွေမှာ ပြန်ဖြစ်လာမလား။ အဲဒီတဝိုက်မှာက တပ်စခန်းတွေက ကျန်ရှိနေသေးတယ်လေ” ဟု အဆိုပါသတင်းရင်းမြစ်က ပြောပါသည်။

အဆိုပါ တပ်စခန်း ၃ နေရာကို ဇွန်လ ၂၂ ရက်နေ့က စတင်ပြီး KIA ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ဝှေလုံနှင့် ညောင်ပင်တပ်စခန်း နှစ်ခုကို ဇွန်လ ၂၃ ရက်နေ့၌ သိမ်းပိုက်နိုင်ခဲ့ပြီး ချောင်းဝစစ်တပ်စခန်းကို ဇွန်လ ၂၄ ရက်နေ့ မနက်ပိုင်း ၅ နာရီလောက်၌ အပြီးသတ် သိမ်းပိုက်လိုက်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

KIA တပ်များ သိမ်းပိုက်လိုက်သော ထိုတပ်စခန်းများသည် အင်းတော်ကြီးဒေသ အနီးတဝိုက်နှင့် ဖားကန့် ဘက်ကိုသွားသော လမ်းကြော၌ လုံခြုံရေးရယူထားသော ရှေ့တန်းတပ်စခန်းများဖြစ်ပြီး ညောင်ပင်တပ်စခန်းတွင် စစ်အင်အား ၅၀ ဝန်းကျင်ရှိပြီး ချောင်းဝနှင့် ဝှေလုံ တပ်စခန်း ၂ ခု၌ အင်အား ၃၀ ဝန်းကျင်ရှိသော တပ်စခန်းများဖြစ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂ ရက်အတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းနှင့် လာရောက်တိုက်ခိုက်ခဲ့သလို လက်နက်ကြီးနှင့် ပစ်ခတ်တာကြောင့် တိုက်ပွဲဖြစ်ပွားသည့် အနီးတဝိုက်က ဒေသခံပြည်သူများသည်လည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်။

အင်းတော်ကြီးဒေသ ဖားကန့်မြို့နယ်အစပ်တွင်ရှိသည့် စစ်ကောင်စီတပ်စခန်းများကို KIA ပူးပေါင်းတပ်က တိုက်ပွဲထပ်မံ ဖော်ဆောင်လိုက်ခြင်းသည် ဖားကန့်ဒေသ ဝှေခါလမ်း အဝင်အထွက်ကို KIA တပ်က ထိန်းချုပ်လိုက်ခြင်းဖြစ်သည်ဟု ဖားကန့်ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

“အခုဖြစ်တဲ့နေရာတွေက ဖားကန့်ကို ဆက်သွယ်ထားတဲ့ ဝှေခါလမ်းပေါ်မှာ ဖြစ်တယ်။ မိုးညှင်း၊ ဟိုပင်တွေကနေ ဖားကန့်ကိုသွားတဲ့ အဝင်အထွက်လမ်းပေါ့။ ပြီးခဲ့တဲ့လတွေမှာလည်း ဖားကန့် ဝှေခါ – တာမခံလမ်းတွေလည်း KIA က ထိန်းချုပ်လိုက်ပြီဆိုတော့ ဒီလမ်းတွေကို ပြန်ထိန်းချုပ်ဖို့လို့ပဲ ထင်ပါတယ်” ဟု ၎င်းက ပြောသည်။

အင်းတော်ကြီးဒေသတဝိုက် လုံးတုံ၊ နန့်မွန် စသည့် နေရာများ၌ စစ်ကောင်စီတပ်စခန်းများ ကျန်ရှိနေသေးတာကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်သေးသည်ဟု ဒေသခံများက ပြောဆိုကြသည်။

ဖားကန့်ဒေသကိုသွားသော လမ်းကြောင်းများဖြစ်သည့် မြစ်ကြီးနား – ကားမိုင်းလမ်း၊ စစ်ကိုင်းအစပ် ဝှေခါ – တာမခံ လမ်းကြောင်းများကို KIA တပ်က ၂၀၂၄ နှစ်ဆန်းပိုင်းကစပြီး ထိန်းချုပ်လိုက်ခြင်းဖြစ်ပြီး လက်ရှိတွင် မိုးညှင်းမြို့နယ်ထဲက လာသည့်လမ်းကြောင်းကို ထိန်းချုပ်ရန် တိုက်ပွဲပြန်လည် ဖော်ဆောင်လိုက်ခြင်းလည်းဖြစ်သည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here