စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ယမ်းငွေ့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များ မူးဝေအော့အန်မှုဖြစ်ပွားခဲ့

0
24

ကရင်နီ (ကယား) ပြည်၊ ဖားဆောင်းမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီး၊ လက်နက်ငယ် ယမ်းငွေ့များကို ရှုရှိုက်မိသည့် တော်လှန်ရေးတပ်ဖွဲ့များ မူးဝေအော့အန်မှု ဖြစ်ပွားခဲ့ကြကြောင်း ကရင်နီပြည်တပ်မတော် (KA) ထံမှ သိရသည်။

ဖားဆောင်းမြို့က စစ်ကောင်စီတပ်၏ တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ချိန် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်ခဲ့ရာ ထိုယမ်းငွေ့များကို ရှုရှိုက်မိသည့် တပ်ဖွဲ့ဝင်များမှာ ခေါင်းမူးဝေပြီး အော့အန်သည့်အထိ ဖြစ်ပွားခဲ့ကြသည်ဟု ကရင်နီပြည်တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောသည်။

“မိမိပူးပေါင်းတပ်မှ ဖားဆောင်း စကစ (စစ်ကောင်စီ) တပ်စခန်းကို ဝင်ပစ်တိုက်လိုက်တဲ့အချိန်မှာ စကစမှ ပစ်ခတ်လာသော လက်နက်ကြီး၊ လက်နက်ငယ်တွေကြောင့် အသက်ရှုရင် ခေါင်းမူးဝေ၊ အော့အန်တာ ဖြစ်ကုန်တယ်။ အဆိပ်က ယမ်းငွေ့ဖြစ်တယ် အမျိုးအစားတော့ မသိရဘူး” ဟု ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။

စစ်ကောင်စီတပ်က ထိခိုက်မှု များပြားလာချိန် တနည်းမဟုတ်တနည်း အသုံးပြုပြီး တိုက်ခိုက်လေ့ရှိသည်ဟု ဗိုလ်မှုးကြီးဘုန်းနိုင်က ပြောဆိုသည်။ ပြင်းထန်သည့် အဆိပ်ငွေ့မဟုတ်တာကြောင့် လက်ရှိ၌ တပ်ဖွဲ့ဝင်များ ပြန်လည် ကောင်းမွန်လာကြပြီဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“တယောက်ရန်သူက တယောက်သတ်ကြတယ်ဆိုမှတော့ သုံးမှာပဲ။ ရှုံးပွဲများလာရင် သူတို့ (စစ်ကောင်စီတပ်) က သုံးတယ်။ အပြင်းတော့ မသုံးရဲဘူး။ ပြန်ကောင်းလာကြပါပြီ။ အချဉ်နဲ့ ရေပဲ ပြန်သုံးတယ်။ ကြီးကျယ်တဲ့ အဆိပ်တော့ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်” ဟု စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။

ဖားဆောင်းမြို့တွင်းတိုက်ပွဲများသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲများ ဆက်ဖြစ်ပွားနေဆဲဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့များဆီက သိရှိရသည်။

စစ်ကောင်စီ၏ မြို့တွင်း ခံတပ်စခန်း ၂ ခု ဖြစ်သည့် ခလရ ၁၃၄ ၊ ၁၃၅ နှစ်ခု ကျန်ရှိနေပြီး ခမရ ၅၃၁ ဖရူဆို၊ တမခ (၆၆) လက်အောက် ခလရ (၁) နှင့် ခလရ (၁၄) တို့ စစ်ကူအဖြစ် ရှိနေသေးသည်ဟု တော်လှန်ရေးတပ်ဖွဲ့ထံက သိရသည်။

ဖားဆောင်းမြို့နယ်၌ တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့သော စစ်ကောင်စီတပ်စခန်း (၉) ခုရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ မတ်လ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here