စစ်ကောင်စီက သွားလာခွင့်ပိတ်ပင်ထားခြင်းကြောင့် ရေဖြူဒေသခံတချို့ စားနပ်ရိက္ခာ ခက်ခဲလာနေ

0
12

စစ်ကောင်စီတပ်မှ သွားလာခွင့်ကန့်သတ်ပိတ်ပင်ထားခြင်းကြောင့် ရေဖြူမြို့နယ်ရှိ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ဒေသခံများ စားနပ်ရိက္ခာ စတင်ခက်ခဲနေသည်ဟု ဒေသခံတို့၏ သတင်းပေးချက်အရ သိရသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ မျောက်ချောရွာတစ်နေရာတွင် တိုက်ပွဲဖြစ်ပွားချိန်မှစ၍ စစ်ကောင်စီတပ်က ကျေးရွာအတွင်း ဝင်ရောက်နေထိုင်လျှက်ရှိပြီး ဒေသခံတို့ကို ဝင်ထွက်သွားလာခွင့် ကတ်သန့်ထားသည်မှာ ၅ ရက်မြောက်အထိ ရှိပြီဟု ဒေသခံတို့ထံမှ သိရသည်။

“ရာဖူး၊ အလယ်စခန်း ကားလမ်းမဘက် ထွက်ဖို့က မလွယ်ဘူး၊ သူတို့ (စစ်ကောင်စီ) ပေးထွက်မှ ထွက်လို့ရမှာ၊ သွားလာဖို့က တော်တော်လေးကို ခက်နေတာ။ အဲလိုဖြစ်နေတော့ အခုဆို ငတ်တဲ့လူက ငတ်နေပြီ။ အဓိကက ဆန်နဲ့ စားစရာတွေက ကုန်နေကြပြီလေ” ဟု ဒေသခံတစ်ဦးက ပြောဆိုပါသည်။

ရေဖြူဒေသရှိ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်တွင် မျောက်ချော၊ နဂါးအိုင်၊ မိတ်ဇိတ်၊ ရုံးပိုင်၊ ကျောင်းဒုံး၊ မရော့ချိုင်း၊ လှည်းဆိပ်၊ ပနန်းပုံ၊ သာယာဝတီ (သဲချောင်း) စသည့် ကျေးရွာပေါင်း ၉ ရွာ ခန့်ရှိပြီး စစ်ကောင်စီအဖွဲ့မှ တစ်ရွာနှင့်တစ်ရွာ သွားလာခွင့် ကန့်သတ်ထားခြင်းကြောင့် ဒေသခံတို့ စားနပ်ရိက္ခာအခက်အခဲ စတင်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါကျေးရွာပေါင်း ၉ ရွာတွင် လူဦးရေ ၃၀၀၀ နီးပါး ရှိသည့်အနက် မျောက်ချော၊ မိတ်ဆိတ်၊ ရုံးပိုင်၊ ကျောင်းဒုံး၊ မရော့ချိုင်း၊ နဂါးအိုင် စသည့် ကျေးရွာမှ လူဦးရေ ၁၅၀၀ ကျော်သည် စစ်မျက်နှာပြင်ကြားတွင် ရှိနေသည်ဟု သိရသည်။

စစ်ကောင်စီတပ်မှ ရွာအပြင်သို့ သွားလာခွင့် ကန့်သတ်ထားသည်နှင့် ပတ်သတ်၍ “ဒီဒေသတလျှောက်က ရွာတွေကို သူတို့ (စစ်ကောင်စီတပ်) တွေက PDF ရွာလို့ သတ်မှတ်ထားကြတာ၊ PDF တွေကို ထောက်ပံ့ နေတယ်လို့ အဲလိုကြားတယ်” ရေဖြူဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောဆိုသည်။

“မျောက်ချောရွာဘက်မှဆိုရင် သူတို့အင်အားက ၁၅၀ လောက် ရှိနေတယ်။ ကျန်တာတွေက မသိသေးဘူး။ ဒီအတိုင်းသာဆိုရင် ဒီပွဲက လွယ်လွယ်နဲ့ ပြီးမှာမဟုတ်ဘူး” ဟု ၎င်းက ဆက်ပြောသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည့် ဇွန်လ ၁၉ ရက်နေ့မှ စ၍ စစ်ကောင်စီတပ်က ထားဝယ်ခရိုင် ထိန်းချုပ်နယ်မြေများဖြစ်သည့် မျောက်ချောရွာဝန်းကျင်၊ နဂါးအိုင်နှင့် ကြောင်လျှာကွင်းဒေသသို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ဇွန်လ ၂၃ တွင် စစ်ကား ၃ စီးဖြင့် အင်အားထပ်မံ ဖြည့်တင်းလျှက်ရှိသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တွင် စစ်ကောင်စီတပ်မှ စစ်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်သာမက ဒေသခံတို့တို့ စစ်ဆေးတင်းကြပ်ခြင်းနှင့် မျောက်ချောရွာအတွင်းရှိ နေအိမ် ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဇွန်လ ၂၂ ရက်နေ့တွင်လည်း နဂါးအိုင်ရွာအတွင်းရှိ ဒေသခံတို့၏ နေအိမ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ဇွန်လ ၂၃ ရက်နေ့ မနက် ၉ နာရီတွင်လည်း စစ်ကောင်စီတပ်က မျောက်ချော၊ ရုံးပိုင်နှင့် ကျောင်းဒုံးရွာတို့တွင် လက်နက်ကြီးဖြင့် လှမ်းပစ်ခတ်ခဲ့သေးသည်ဟု ဒေသခံများ ပြောဆိုမှုအရ သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here