မြို့စွန့်ခွာထွက်ပြေးသည့် တောင်ကုတ်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စည်ပင်အရာရှိတို့ကို စစ်ကောင်စီဖမ်းဆီး

0
17

မြို့ပေါ်ထိ တိုက်ပွဲဖြစ်ပွားလာသော စစ်ရေးအခြေအနေကြောင့် မြို့ကိုစွန့်ခွာထွက်ပြေးသည့် တောင်ကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် စည်ပင်သာယာအဖွဲ့ အရာရှိတို့ကို စစ်ကောင်စီက ဖမ်းဆီးလိုက်သည်ဟု မြို့နယ်အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူတို့ထံမှ သိရသည်။

ဖမ်းဆီးခံလိုက်ရသူများမှာ တောင်ကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးဇာနည်တိုးနှင့် စည်ပင်သာယာ အဖွဲ့ အရာရှိဦးမောင်စိန်တို့ နှစ်ဦးဖြစ်ကြပြီး ၎င်းတို့အား တာဝန်ထမ်းဆောင်နေသည့် တောင်ကုတ်မြို့မှ ရန်ကုန်ဘက်သို့ ထွက်ပြေးစဥ် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု မြို့နယ်အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောပါသည်။

“သူတို့က တောင်ကုတ်ရိုးလမ်းအတိုင်း ရန်ကုန်ဘက်ကို ပြေးကြတာ။ တောင်ကုတ်မြို့အထွက် ကြိုးကြာကွင်း စစ်ဆေးရေးဂိတ်မှာ တစ်ယောက်ဖမ်းခံရတယ်လို့ ကြားတယ်။ နောက်တယောက်က ညောင်ကျိုးဘက် ရောက်မှ ဖမ်းခံရတယ်လို့လည်း သတင်းထွက်နေတယ်။ အဖမ်းခံရတဲ့ နေ့ရက်ကတော့ အတိအကျကိုတော့ မသိနိုင်ဘူး။ ဖမ်းခံရတာ ရက်ပိုင်းလောက်တော့ ရှိနေပြီ” ဟု ၎င်းက ဆိုသည်။

၄င်းတို့နှစ်ဦးသည် ရခိုင်ရိုးမ ပန်းတောင်း-တောင်ကုတ်လမ်းအတိုင်း ရန်ကုန်ဘက်သို့ ထွက်ပြေးစဥ် ဇွန်လ ၁၈ ရက်က စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း တခြားသတင်းရင်းမြစ်တစ်ဦးက အတည်ပြုပြောဆိုသည်။

“သူတို့နှစ်ဦးကို တောင်ကုတ် စကခ (၅) ထဲမှာ ဖမ်းဆီးချုပ်နှောင်ထားပါတယ်။ မိသားစုတွေ သူတို့နဲ့အတူ ဖမ်းဆီးခံရသလား ဆိုတာတော့ သေချာမသိသေးဘူး” ဟု ၎င်းက ပြောသည်။

တောင်ကုတ်မြို့ပေါ်ထိ အာရက္ခတပ်တော်က ထိုးစစ်တိုက်ခိုက်လာသဖြင့် ထိတ်လန့်စိုးရိမ်ပြီး ထွက်ပြေး ကြခြင်းဖြစ်သည်ဟု ၎င်းက ပြောပါသည်။

တောင်ကုတ်မြို့ပေါ်အထိ တိုက်ပွဲများ ဖြစ်ပွားလာသဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး အပါအဝင် စစ်ကောင်စီဌာနဆိုင်ရာ ဝန်ထမ်းများသည်လည်း တောင်ကုတ်တွင် ဆက်မနေရဲတော့ဘဲ ထွက်ပြေး နေကြသည်ဟု တောင်ကုတ်မြို့ခံ လူငယ်တစ်ဦးက ပြောသည်။

“အခုက မြို့ပေါ်အထိ တိုက်ပွဲတွေ ဖြစ်လာတာရှိတယ်။ ဆိုတော့စစ်ကောင်စီရဲ့ ဌာနဆိုင်ရာတွေလည်း ဘယ်နေရဲတော့မလဲ။ အထူးသဖြင့် ထွေအုပ်ဌာနတို့ဆိုရင် စစ်တပ်ခိုင်းစေသမျှ ပြည်သူလူထုအပေါ် မတရား ဖိနှိပ်နေခဲ့တာလေ။ မြို့သိမ်းခံရရင် သူတို့လည်း အဖမ်းခံရမှာဆိုတော့ ကြောက်ပြီး ထွက်ပြေးကြတာပေါ့” ၎င်းက ပြောသည်။

တောင်ကုတ်မြို့မ ရဲစခန်းမှူးအပါအဝင် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဩအကြီးအကဲ အများစုလည်း တောင်ကုတ်ကနေ ထွက်ပြေးတိမ်းရှောင်သွားကြပြီဟု သိရှိရသည်။

နိရဥ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here