ထန်းတပင် – တောင်ငူလမ်း စစ်တပ်ဂိတ်တချို့တွင် လူငယ်များကို စစ်ဆေးမှုပိုလုပ်လာနေ

0
43
Photo - CJ

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်မှ တောင်ငူမြို့နယ်သို့ ဆက်သွယ်ထားသည့် ထန်းတပင် – တောင်ငူလမ်းရှိ စစ်တပ်  စစ်ဆေးရေးဂိတ်တချို့တွင် လူငယ်များကို အဓိကထား စစ်ဆေးမှု ပိုလုပ်ဆောင်လာသဖြင့် တောင်ငူမြို့သို့ စစ်ရှောင်ကူမည့် ပရဟိတအမျိုးသားလူငယ်များ အသွားအလာနည်းပါးသွားကြောင်း သိရသည်။

အထူးသဖြင့် ထန်းတပင် တပြေးဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖြတ်သန်းသွားလာသူ အမျိုးသားလူငယ်များ ကို အစစ်အဆေးပိုကြပ်ခြင်း၊ မသင်္ကာသည်နှင့် ဖမ်းဆီးထိန်းသိမ်းခြင်းတို့ ရှိလာသည့်အပြင် ဖုန်းအတွင်း VPN ရှာဖွေစစ်ဆေးခြင်းပါ လုပ်ဆောင်နေသဖြင့် စစ်ရှောင်ကူနှင့် လူမှုကူညီရေးကိစ္စအတွက်ပါ အသွားအလာ မလုပ်ဝံ့တော့ကြောင်း ပရဟိတလုပ်နေသူ ထန်းတပင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဘယ်မှမသွားရဲကြတော့ဘူး  လမ်းမှာစစ်လို့ အခန့်မသင့်ရင် ဖမ်းခံရသေးတယ်။ တပြေး ထန်းတပင်ဂိတ်ဆို ယောင်္ကျားလေး အတော်များများ မသွားရဲကြဘူး။ ဟိုရွာမှာ အဖမ်းခံရတယ် ဒီရွာမှာ အဖမ်းခံရတယ်နဲ့ ခြောက်တဲ့ သူလည်း ရှိသေးတယ်။ တောင်ငူကို ကားနဲ့သွားမှ အဆင်ပြေမယ်။ VPN တခါတလေ စစ်တယ်။ လူငယ်တွေ ဆိုင်ကယ်နဲ့ မသွားရဲဘူး၊ ဆိုင်ကယ်က ဆင်းတွန်းရတော့ စစ်မလား၊ဖမ်းမလား ကြောက်ရတယ်”ဟု အဆိုပါလူငယ်က ပြောသည်။

အာဏာသိမ်းပြီးနောက် နယ်မြေအတွင်းပဋိပက္ခများကြောင့် သံတောင်၊ လိပ်သို၊ ကျောက်ကြီးနှင့် မုန်း၊ အပြင် ထန်းတပင်၊ ဇရပ်ကြီးဒေသက စစ်ရှောင်များပါ တောင်ငူမြို့သို့ ရောက်ရှိလာကြခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ဘာသာရေး အဆောက်အဦးများအတွင်း မှီတင်းနေထိုင်သူ စစ်ရှောင် ၅,၀၀၀ ထက်မနည်း ရှိနေကြောင်း လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။

ယင်းစစ်ရှောင်များ၏ စားနပ်ရိက္ခာနှင့် ဆေးဝါးလိုအပ်ချက်အတွက် ပရဟိတ အဖွဲ့ကြီး၊ငယ်နှင့် အလှူရှင်များက တတ်နိုင်သ၍ ပံ့ပိုးပေးနေသော်လည်း တောင်ငူမြို့နေသူမဟုတ်သည့် အဖွဲ့ငယ်များ၊ ပရဟိတလူငယ်များမှာ လူမှုကူညီရေး လုပ်ဆောင်ရန် အထက်ပါဖြစ်ရပ်များကြောင့် စိန်ခေါ်မှုများ ရှိနေသည်ဟု ဆိုသည်။

မြို့နေ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက “မြို့ထဲဆို ပြဿနာမရှိဘူး၊ မြို့ထဲကနေ အပြင်ကိုသွားတာ ဝင်တာဆိုရင်တော့ စစ်တာမေးတာရှိတယ်။ အဓိကက သူတို့မသင်္ကာတဲ့သူမျိုးပေါ့ သူတို့သိတဲ့အဖွဲ့၊ တရားဝင် စာတင်တဲ့ အဖွဲ့ဆိုရင်တော့ အဆင်ပြေတယ်။ တချို့က နယ်မြေအခြေအနေ နားမလည်ဘဲလာတယ်၊ အကြောင်းပြချက် သေချာမပြနိုင်ရင်တော့ ဖမ်းခံရတာမျိုး ဖြစ်နိုင်တယ်။ ကျနော်တို့လည်း တချို့ကိစ္စတွေမှာ စာတင်ပြီး သွားရတာမျိုးရှိတာပဲ” ဟု ပြောသည်။

ပြီးခဲ့သည့် မေလပိုင်းလောက်ကလည်း တောင်ငူမြို့မှ ပြန်လာသူ ဇရပ်ကြီးဒေသခံ အမျိုးသားလူငယ် ၅ ဦး ထန်းတပင်-တပြေးဂိတ်တွင် စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံလိုက်ရကြောင်း ၎င်းတို့နှင့် နီးစပ်သူများက ဆိုသည်။

အလားတူ စစ်ကောင်စီသည် တောင်ငူ – သံတောင် – လိပ်သိုလမ်းရှိ ၎င်းတို့စစ်ဆေးရေးဂိတ်များတွင်လည်း လုံခြုံရေး တင်းကြပ်စစ်ဆေးမှုအပြင် ခရီးသွားနှင့် ယာဥ်မောင်းများအား ကိုယ်ထိလက်ရောက်ကျုးလွန်မှု၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ ထိခိုက်စေမှုအပြင် ပရဟိတလူငယ်များကို တော်လှန်ရေးအင်အားစု ထောက်ပို့မှုဖြင့် ဖမ်းဆီးခြင်းတို့လည်း လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here