ကုန်စည်စီးဆင်းမှုအတွက် မဲသဝေါလမ်းသုံးပြုရန် BGF က ထိုင်းနှင့် KNU ကိုညှိနှိုင်းနေ

0
31
ပုံစာ - မဲသဝေါလမ်းပိုင်း (Photo – KIC)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မဲသဝေါဒေသမှ ဖားအံမြို့အထိ ပေါက်ရောက်သော မဲသဝေါလမ်းအား ထိုင်း-မြန်မာနယ်စပ် ကုန်စည်စီးဆင်းမှုအတွက် အသုံးပြုရန် ကရင်နယ်ခြားစောင့်တပ်-BGF က ထိုင်းနိုင်ငံအပြင် ကရင်အမျိုးသားအစည်းအရုံး-KNU ဖားအံခရိုင်နှင့်ပါ ညှိနှိုင်းဆောင်ရွက်နေကြောင်း KNU ထံမှ သိရသည်။

မြဝတီ ဒေါနတောင်ကျော် လမ်းဟောင်းနှင့် တောလမ်းများ ရာသီဥတုဆိုးရွားပြီး လမ်းပျက်စီးသည့်ဒဏ်နှင့် နှစ်ဖက်တိုက်ပွဲအလယ် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပိတ်ဆို့မှုဒဏ်ကြောင့် နယ်စပ်ကုန်စည် စီးဆင်းမှု နှောင့်နှေးပြီး ပြည်သူစားဝတ်နေရေး ထိခိုက်လာသဖြင့် နှစ်နိုင်ငံနယ်စပ်ရှိ မဲသဝေါလမ်းကို အသုံးပြုရန် စီစဥ်နေကြခြင်း ဖြစ်သည်။

BGF က ထိုင်းနိုင်ငံထံမှ မဲသဝေါလမ်းကို အသုံးပြု၍ ကုန်သွယ်နိုင်ရေး တရားဝင်ခွင့်ပြုချက်ရရှိပါက KNU ထံ လာရောက်ညှိနှိုင်း သွားမည်ဖြစ်ကြောင်း အကြောင်းကြားထားပြီး ဖြစ်သလို KNU အနေဖြင့်လည်း လက်ခံဆောင်ရွက် သွားမည်ဟု ကေအဲန်ယူ ဖားအံခရိုင်၏ဥက္ကဌ ပဒိုအောင်မော်အေးက ပြောသည်။

“BGF က တော့ သူတို့လမ်းဖောက်ကြည့်မယ်လို့ အကြောင်းကြားတာရှိတယ်။ ထိုင်းဘက်နဲ့ ကုန်စည် စီးဆင်းဖို့အတွက် တရားဝင်ရတာ မရတာတော့ မသေချာသေးဘူးနော်။ BGF က တရားဝင်ရမယ်ဆိုရင်တော့ KNU နဲ့ လာညှိမယ်။ တရားဝင်ကုန်စည်စီးဆင်းမှု ရှိမယ်ဆိုရင်ကတော့ KNU အနေနဲ့  လက်ခံဖို့ စဥ်းစားထားပါတယ်။ လမ်းတကယ် ဖွင့်ဖြစ်တယ်ဆိုရင် အကောက်ခွန်နဲ့ ပတ်သက်တာတွေက အကောက်ခွန်ဌာနက သွားမှာပါ” ဟု ပဒိုအောင်မော်အေးက ပြောသည်။

နှစ်နိုင်ငံနယ်စပ် သောင်ရင်းမြစ်ကမ်းနဖူးပေါ် မဲသဝေါဒေသအတွင်းရှိ အဆိုပါလမ်းအား လက်ရှိအချိန်ထိ ခရီးသည် သွားလာရေးအတွက်သာ အဓိကအသုံးပြုခြင်းဖြစ်ပြီး လမ်းကျဥ်းမြောင်းသောကြောင့် ကုန်သွယ်ရေး ခွင့်ပြုချက် ရရှိပြီးပါက ကုန်တင်ကားကြီးများ အဆင်ပြေပြေသွားလာနိုင်ရေး အတွက်ကို ဆက်လက်စောင့်ကြည့်ရမည့် အနေအထားဖြစ်သည်။

ထို့အပြင် တရားဝင် လမ်းဖွင့်လှစ်နိုင်ပါကလည်း ထိုင်းနိုင်ငံဘက်သို့ ဆက်သွားမည့် ကုန်တင်၊ ခရီးသည်တင် မော်တော်ယာဥ်များ အတွက်သာ အဆင်ပြေနိုင်ပြီး ပြည်တွင်းမှ မြဝတီအထိ ကုန်သွယ်သည့် မော်တော်ယာဥ်များ အတွက်မူ ထူးခြားမှုမရှိဟု ဖားအံ – မြဝတီ မော်တော်ယာဥ်မောင်းနှင်သူတစ်ဦးက ပြောသည်။

“မယ်သဝေါလမ်းက မြဝတီအထိ မပေါက်တော့ ကျနော်တို့လို မြဝတီအထိပဲသွားတဲ့ ကားတွေအတွက် အဆင်မပြေဘူး။ မဲဆောက်သွားမယ့် ကားတွေအတွက်တော့ အဆင်ပြေမှာပေါ့။ ကုန်စည်စီးဆင်းမှုတွေက အခုသွားတဲ့ လမ်းဟောင်းနဲ့ တောလမ်းတွေကပဲ အဓိကလာတာ” ဟု အဆိုပါယာဥ်မောင်းက ဆိုသည်။

တိုက်ပွဲများကြောင့် ပိတ်ထားရသော မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့အထိ နှစ်ဖက်ဆွေးနွေးညှိနှိုင်းခြင်း မရှိသေးသလို လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြား မော်တော်ယာဥ် များမှာ ရက်ပေါင်းများစွာ ယာဥ်ကြောပိတ်ဆို့မှု ယာဥ်ထိခိုက်ပျက်စီးမှုအပြင် ပြည်တွင်းတွင်လည်း ကုန်စည် ပြတ်လပ်၍ ကုန်ဈေးနှုန်း မြင့်တက်ခြင်းတို့ ရင်ဆိုင်နေရသည်။

ယခင်က မြဝတီ-ကော့ကရိတ် လမ်းဟောင်းအပြင် ကြက်ဥတောင်လမ်း၊ ထို့ကော်ကိုးလမ်း၊ ၁၀၁၈ လမ်းတို့ ရှိသော်လည်း လက်ရှိတွင် ကြက်ဥတောင်လမ်းမှာ လုံးဝပျက်စီးသွားသည့် အနေအထားကြောင့် သွားလာလို့ မရတော့ဘဲ အခြားလမ်းများကိုသာ အသုံးပြု၍ ခက်ခက်ခဲခဲ သွားလာနေရကြောင်း ကုန်တင်ယာဥ်မောင်းနှင် သူများထံမှ သိရသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here