စစ်သင်တန်းတက်ရောက်ရန် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူအမျိုးသမီးများ စည်းရုံးခံနေရ

0
54

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အမျိုးသမီးများ ပါဝင်တက်ရောက်ရမည့် စစ်မှုထမ်းအပတ်စဉ် (၅) အတွက် စစ်ကောင်စီမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသည့် အမျိုးသမီးများကို လိုက်လံစည်းရုံးနေသည်ဟု သိရသည်။

စစ်မှုထမ်းအပတ်စဉ် (၅) တွင် အမျိုးသမီးများကိုပါ ခေါ်ယူနိုင်ရန်အတွက် စာရင်းကောက်ယူခြင်းအပြင် သင်တန်းကျောင်းများကို ကြိုတင်ပြင်ဆင်ရန် ညွှန်ကြားနေသည်ဟုလည်း စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နှင့် နီးစပ်သူတို့မှ သိရသည်။

မြေပြင်အခြေနေတွင် စာရင်းကောက်ယူခြင်း မရှိသေးသော်လည်း ရပ်ကျေးအုပ်ချုပ်ရေးမှုးနှင့် အဖွဲ့ဝင်များက စစ်မှုထမ်းရန် အိမ်တိုင်ရာရောက် စည်းရုံးမှုရှိနေကြောင်း မော်လမြိုင်မြို့ခံတစ်ဦးက ပြောဆိုသည်။

“ဘယ်လိုခေါ်မလဲ ဆိုတာကိုတော့ အတိကျ ပြောမနိုင်သေးဘူး၊ ဒါပေမဲ့အခုက ဆယ်တန်းအောင်ထားတဲ့ ကလေးတွေကို စည်းရုံးနေတာတော့ရှိတယ်။ စစ်မှုထမ်းပြီးရင် လစာကောင်းကောင်းပေးမယ်၊ ရာထူး ကောင်းကောင်းရအောင် ဆောင်ရွက်ပေးမယ်။ အဲလိုမျိုး စည်းရုံးနေတာတော့ ရှိတယ်။ အဲလိုစည်းရုံးပြီးတော့ ကျွန်တော်တို့ ရပ်ကွက်ကနေ နှစ်ယောက် စာရင်းပေးထားတာရှိတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက သတ်မှတ်ထားသည့် စစ်မှုထမ်းဥပဒေတွင် အမျိုးသမီးများ အသက် ၁၈ နှစ် မှ ၂၇ နှစ် အတွင်း စစ်မှုထမ်းရမည်ဖြစ်ပြီး ပညာရှင်ဖြစ်ပါက အသက် ၃၅ နှစ် အထိ အကျုံးဝင်သည်ဟု သိရသည်။

အမျိုးသမီးများ ပါဝင်တက်ရောက်ရမည့် စစ်သင်တန်းအပတ်စဉ် နီးကပ်လာသည်နှင့်အမျှ နေ့စဉ်ဘဝ လုံခြုံရေး အခြေအနေ ပိုမိုစိုးရိမ်နေရသည်ဟု  မော်လမြိုင်မြို့အတွင်း နေထိုင်သည့် အမျိုးသမီးငယ်တစ်ဦးက ဆိုသည်။

“အမျိုးသမီးတွေအတွက် လုံခြုံရေးလို့ပြောရရင် အခုမှ မရှိတာမဟုတ်ပါဘူးး။ သူတို့ စစ်မှုထမ်းခေါ်မယ်လို့ ပြောတဲ့အချိန်ကစပြီး မရှိတာပါ။ ဒါမဲ့အခုက အမျိုးသမီးတွေပါမယ့် အပတ်စဉ်လည်း နီးလာတာဆိုတော့  ပိုပြီးဆိုးလာတဲ့ သဘောပေ့ါနော်” ဟု အဆိုပါအမျိုးသမီးငယ် ပြောသည်။

စစ်မှုထမ်းရမည့် အသက်အရွယ် သတ်မှတ်ချက်တို့ကြောင့် မိဘအုပ်ထိန်းသူတို့အနေဖြင့် စစ်မှုထမ်းရန် အကျုံးဝင်နေသည့် သား၊သမီးများကို ပြည်ပထွက်ခွာရန် ဖိအားပေး ပြောဆိုနေရသည်ဟု အုပ်ထိန်းသူ မိခင်တစ်ဦးက ဆိုသည်။

“အရင်က အမျိုးသမီးတွေ ပညာသွားသင်တာပဲဖြစ်ဖြစ် အလုပ်လုပ်တာပဲဖြစ်ဖြစ် မိဘတွေက သွားခွင့်မပေးဘူး။ အခုက မဟုတ်တော့ဘူး။ မိဘကိုယ်တိုင်က ဦးဆောင်ပြီးတော့ ပြည်ပအဆက်သွယ်ရှာပြီးတော့ ကျွန်မတို့သမီးကို လည်း ခေါ်သွားပေးပါ၊ ဒီလိုစကားသံတွေက ကြားလာနေရတယ်။ အိမ်မှာရှိနေတာထက် ပြည်ပသွားတာက သူတို့ အတွက် ပိုပြီးလုံခြုံသွားတယ်လို့ ကျွန်မတို့ခံစားရတယ်။ အိမ်မှာရှိနေလို့ သူတို့လာဆွဲခေါ်သွားရင် ကျွန်မတို့ သူ့ကိုအကာအကွယ်မပေးနိုင်ဘူး” ၎င်းက ပြောသည်။

စစ်မှုထမ်းဥပဒေ ပြန်လည်အသက်သွင်းလိုက်သည့်နှင့် တပြိုင်နက် လူငယ်များသည် ပြည်ပထွက်ခွာသည့် နည်းလမ်းအပါဝင် နည်းလမ်းမျိုးစုံနှင့် တိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

တဖက်တွင် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့မှ စစ်မှုထမ်းရန် တိမ်းရှောင်နေသူတို့ကို ထောင်ဒဏ်သုံးနှစ်နှင့် ငွေဒဏ် ချမှတ်သွားမည်ဟု မေလ ၂၀ ရက်နေ့ အစည်းဝေးတွင် ပြောဆိုခဲ့သည်။

စစ်မှုထမ်းဥပဒေကြောင့် ရှောင်တိမ်းလိုသည့် မွန်လူငယ် အမျိုးသားအမျိုးသမီးတို့ကို  မွန်တော်လှန်ရေး တပ်ဖွဲ့များ အနက် မွန်ပြည်နယ်ကို ကိုယ်စားပြု ဖွဲ့စည်းထားသည့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) မှ  လက်ခံလျှက်ရှိပြီး အခြားတိုင်းရင်းသားဒေသအသီးသီးမှ ရှောင်တိမ်းလိုသည့် လူငယ်တို့ကိုလည်း လက်ခံနိုင်ရန် ပြင်ဆင်နေသည်ဟု သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here